အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၈ နှစ်မြောက် မွေးနေ့ အခမ်းအနား ကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံး တွင် ယနေ့ နေ့လယ်ပိုင်းတွင် ကျင်းပ ပြုလုပ် သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၆၈ နှစ်မြောက် မွေးနေ့အခမ်းအနားကို နေ့လည် ၁၂ နာရီတွင် စတင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သဘာပတိအဖွဲ့ဝင်များဖြစ်သည့် ဦးတင်ဦး၊ ဦးဝင်းတင် အပါအဝင် ပါတီ ခေါင်းဆောင် များနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဒဲရစ်မစ်ချယ်၊ ဗြိတိသျှသံရုံး၊ တရုတ်သံရုံးမှ တာဝန်ရှိသူများအပါအဝင် သံတမန်များ၊ ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ၊ အဆိုတော် သျှီ၊ ဆောင်ဦးလှိုင်၊ မ
မဇ္ဈိမလှိုင်းမှ ဦးရဲလွင်၊ ဒါရိုက်တာ ကြည်ဖြူသျှင် အပါအဝင် အနုပညာရှင်များ၊ ပြည်သူများ အပါအဝင် စုစုပေါင်း လူဦးရေ ၁၀၀၀ နီးပါး တက်ရောက်ခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
အခမ်းအနားစတင်လိုက်သည်နှင့် ဒေါ်အောင်ဆန်းစုကြည်က သူ၏ မွေးနေ့ကိတ်ကို စတင်လှီးဖြတ်ပြီး အခမ်းအနား တက်ရောက်လာသူများနှင့် အဖွဲ့ချုပ်ပါတီဝင်များက Happy Birthday ဆိုသော မွေးနေ့ ဆုတောင်းသီချင်းကို သံပြိုင်သီဆိုကြသည်။
မွေးနေ့ပွဲ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးတင်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် သူဖြစ်ချင်သော သမ္မတဖြစ်နိုင်ရေး တပ်မတော်သားအားလုံးက ဝိုင်းဝန်း ပါဝင်ဆောင်ရွက်ပေးပါဟု တိုက်တွန်းနှိုးဆော်လိုက်သည်။
“နှစ်ပေါင်းများစွာ တယောက်တည်း အထီးကျန်ကျင်းပလာခဲ့တဲ့ မွေးနေ့ကို အခု ပွင့်ပွင့်လင်းကျင်းပနိုင်ပြီ။ သူရဲ့မွေးနေ့မှာ သူဖြစ်ချင်တဲ့ သမ္မတဖြစ်နိုင်ဖို့ တပ်မတော်သားတွေက ကျနော်တို့နဲ့အတူ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါစို့” ဟု ဦးတင်ဦးက ပြောသည်။
မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့အတွက် ဆုတောင်းပါဆိုလျှင် နားလည်မှုရှိသော၊ အပြန်အလှန် လေးစားမှုရှိသော ရဲဘော်ရဲဘက်များနှင့် ခရီးဆုံးပန်းတိုင်အထိ သွားလိုသော ဆုကို တောင်းပါကြောင်း ပြောသည်။
“ကျမတို့ ရဲဘော်ရဲဘက်ကောင်း တွေကို မှီတွယ်ပြီး ကန္တာရတွေ မြောက်များစွာကို ဖြတ်သန်းခဲ့ရတယ်။ ရဲဘော်ရဲဘက် ကောင်း ထက် တန်ဖိုးရှိတာ ဘာမှ မရှိဘူး။ မွေးနေ့ဆုတောင်းပါဆိုရင် ကျမတို့က အားလုံးက တဦးအပေါ် တဦး အပြန်အလှန် လေးစားမှု နားလည်မှုတွေနဲ့ ပန်းတိုင်ရောက်တဲ့ အထိ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းသဝဏ်လွှာကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ပေးပို့ခဲ့ပြီး ဒီမိုကရေစီနိုင်ငံဆီ သို့ မြန်မာပြည်သူများနှင့် အတူ နှစ်ပေါင်း များစွာ လျှောက်လှမ်းနိုင် ပါစေကြောင်း ဆုတောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေမှုများပြုလုပ်ခဲ့ပြီး အဆိုတော် ဆောင်းဦးလှိုင်၊ ဦးရဲလွင်၊ ယုန်လေး၊ ထွန်းအိန္ဒြာဗိုလ်၊ သျှီ၊ ရှင်ဘုဏ်း၊ ချစ်သုဝေတို့က ဖျော်ဖြေမှုများပြုလုပ် ခဲ့ကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် လမ်းမတော်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များနှင့် ပြည်သူလူထု ၂၀၀ ကျော်က ရန်ကုန်မြို့ ရှိ အမျိုသားသွေးဌာနတွင် ယနေ့ သွေးလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။