စစ်တောင်းမြစ် အရှေ့ဘက် အခြမ်းရှိ ပဲခူးတိုင်း ထန်းတပင်မြို့နယ်နှင့် နီးစပ်ရာမြို့နယ်များတွင် ကရင်အမျိုးသား အစည်းအ ရုံး (KNU) ၏ လက်အောက်ခံတပ်များက ဒေသခံများကို တော်လှန်ရေး ရန်ပုံငွေ အတွက်ဟုဆိုကာ ဆက်ကြေးငွေများ အတင်းအကျပ် ကောက်ခံနေကြောင်း သိရသည်။
ယခုလဆန်းပိုင်းက တော်လှန်ရေး ရန်ပုံငွေဟုဆိုကာ ဒေသခံများ၏ စီးပွားရေး လုပ်ငန်းအလိုက် ပေးဆောင်ရမည့် ငွေကြေးနှုန်းထားများဖြင့် ပူးတွဲ၍ KNU တံဆိပ်တပ်ထားသည့် စာများပို့ခဲ့ကြောင်း၊ ဒေသခံများ အနေဖြင့် ယခင်အချိန် များကတည်းက ထိုသို့မပေးလျှင် သတ်ဖြတ်မှုများ အထိ ပြုလုပ်ခဲ့သော သာဓကများကြောင့် ကြောက်လန့်၍ ပေးဆောင် ခဲ့ရကြောင်း ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး တဦးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ကို သူတို့လူတွေလွှတ်ပြီး စာပို့တယ်။ သူတို့လူတွေကို ကောက်ခိုင်းတာ။ ကျနော့် အနေနဲ့ကတော့ မြို့နယ် အုပ်ချုပ်ရေးနဲ့ ရဲဘက်ကို ဒီစာ ရောက်တဲ့အကြောင်း အကြောင်းကြားထားတယ်။ ဒေသခံတွေကတော့ ကြောက်တော့ ပေးလိုက်ရတာပေါ့” ဟု ၎င်းက ဆိုသည်။
ကရင်အမျိုးသား အစည်းအရုံး ဗဟိုအဖွဲ့၏ ယခုနှစ် ဖေဖော်ဝါရီလ ဗဟိုအစည်းအဝေးတွင် ပြည်သူလူထုအပေါ် ဝန်ထုတ် ဝန်ပိုး ဖြစ်စေသော ငွေကြေးကောက်ခံမှုများ မပြုလုပ်ကြရန် အဆင့်ဆင့် ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ တချို့နေရာများတွင် အောက်ခြေမှ လူတဦးချင်းစီ၏ သဘောထားအပေါ် မူတည်ပြီး ထိုသို့ ပြည်သူများအပေါ် ငွေကြေး ကောက်ခံမှုမျိုးလည်း ရှိနေနိုင်ကြောင်း ကရင်အမျိုးသား အစည်းအရုံး၏ ဗဟိုကော်မတီဝင် တဦးဖြစ်သည့် ဖဒို မန်းငြိမ်းမောင်က ဧရာဝတီသို့ ပြောသည်။
KNU ဗဟိုအနေဖြင့် တချို့နေရာများက ဗဟိုနှင့် ဝေးလံသည့်အတွက် လက်လှမ်း မမီနိုင်သောကြောင့် ဗဟို၏ သဘောထားနှင့် လုပ်ကိုင်မှုများ ကွဲလွဲနိုင်ကြောင်း၊ ယခုကဲ့သို့ ဖြစ်ပျက်မှု မှန်ကန်ခဲ့လျှင် ၎င်းတို့အချင်းချင်း ပညာပေးမှုများ ပိုမို လုပ်ကိုင်ရန် လိုအပ်နေသေးကြောင်း ၎င်းက ဆိုသည်။
“ဒီလိုလုပ်ရပ်တွေက ဗဟိုသဘောထား လုံးဝမပါဘူး။ အခုဒေသက ဗဟိုနဲ့ ဝေးတဲ့ဒေသဆိုတော့ ဒီလိုလုပ်ရပ်မျိုး ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီဒေသက တဦးချင်းစီရဲ့ လုပ်ရပ်ပါ။ သဘောထားပါ။ ဗဟိုနဲ့ မဆိုင်ဘူး။ အဲဒီလိုလုပ်တာ အထောက်အထား မှန်ကန်ရင် မီဒီယာတွေအနေနဲ့ ရေးကြပါ။ ဒါမှ ဗဟိုကလည်း ကိုယ့်ဘက်ကို ပညာပေးလို့ရမှာ။ ဒီလို လုပ်တာကတော့ ကရင်အမျိုးသား အစည်းအရုံးရဲ့ စည်းကမ်းကိုဖောက်တာ။ အဖွဲ့ကို သိက္ခာကျအောင် လုပ်တာ” ဟု သူက ဆက် ပြောသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ တအိမ်ထောင်လျှင် ယခုနှစ် အတွက် ၅ ထောင်ကျပ်နှုန်း ကောက်ခံရန်၊ အိမ်ထောင်စု စာရင်းများနှင့် တကွ လာရောက်ပေးဆောင်ရန် ကရင်အမျိုးသားအစည်းအရုံး မြို့နယ်မှူး ဆိုသည့် စာဖြင့် ပေးပို့ခဲ့ကြောင်း ထန်းတပင်မြို့နယ်ရှိ အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။
ထို့အပြင် ရွှေဆိုင် ကျပ် ၂ သိန်း၊ အဝေးပြေးကား တစီး ကျပ် ၂ သိန်း၊ လိုင်းကား တစီး ကျပ် ၁ သိန်း၊ သစ်ခွဲစက် ကျပ် ၁ သိန်း၊ ဈေးဆိုင်ကြီး ကျပ် ၁ သိန်း၊ တရုတ်ကျူဝါဟာလာစက် တလုံး ကျပ် ၁ သိန်း၊ ဆီစက်တလုံး ကျပ် ၁ သိန်း၊ ဘီယာဆိုင် ကျပ် ၁ သိန်း၊ ကွန်ပျူတာဆိုင် ကျပ် ၁ သိန်း၊ စက်ပစ္စည်း အရောင်းဆိုင်ကျပ် ၁ သိန်း၊ ဟာလာစက် ရိုးရိုး ကျပ် ၅ သောင်း၊ ချွေလှေ့စက် ကျပ် ၅ သောင်း၊ စားသောက်ဆိုင် ကျပ် ၅ သောင်း၊ ကုန်ခြောက်ဆိုင် ကျပ် ၃ သောင်း၊ အလှပြင်ဆိုင် ကျပ် ၂ သောင်း စသည်ဖြင့် ပေးဆောင်ရန် ပူးတွဲစာများ အရ သိရသည်။
လက်နက်ကိုင်ထားသော တပ်ဖွဲ့များ ဖြစ်သောကြောင့် ဒေသခံများ အနေဖြင့် ကြောက်လန့်ရကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၆၀ လောက် ကတည်းက ထိုသို့ ခေတ်ကာလဈေး အလိုက် ပေးခဲ့ရပြီး မပေးဆောင်လျှင် လူအသက် ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ် များကြောင့် နှစ်စဉ် ပေးခဲ့ရကြောင်း ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကျီတော်ကျေးရွာမှ ဒေသခံတဦးက ဆိုသည်။
“ကျနော်တို့အနေနဲ့က အခု အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ လုပ်နေတော့ ဒီနှစ် မပေးရတော့ဘူးမှတ်တာ။ ဒီလထဲမှာ ရွာကိုစာ ရောက်လာတယ်။ စုံစမ်းကြည့်တော့ တခြားရွာတွေကိုလည်း ကောက်တာပဲ။ တချို့ရွာတွေဆို နှစ်ဆန်းကတည်းက ပေးလိုက်ရ တာတဲ့။ သူတို့က မပေးရင် အသက်ပါ အန္တရာယ် ပြုကြတာ” ဟု ၎င်းက ဆက်ပြောသည်။
ထိုကိစ္စနှင့် ပက်သက်ပြီး အစိုးရအဖွဲ့၏ ဒေသဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး ဘက်မှ အထက်သို့ အဆင့်ဆင့် တင်ပြထားပြီး ဖြစ်ကြောင်း၊ နယ်မြေ အေးချမ်းရေးအတွက် ရဲတပ်ဖွဲ့နှင့်လည်း ပူးတွဲ ဆောင်ရွက်နေကြောင်း ထန်းတပင်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးမြတ်သက်မောင်က ဧရာဝတီသို့ ပြောသည်။