ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ရဲ့ ၂၀၁၃- ၂၀၁၆ ခုနှစ် အမှုဆောင်သစ် ရွေးချယ်ပွဲမှာ အမှုဆောင်ဟောင်း အများစုပဲ ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။
ရွေးချယ်မှုအရ ဥက္ကဌနေရာကိုတော့ ဦးဝင်းအောင်က ဆက်လက်ရယူနိုင်ခဲ့သလို ဒုတိယဥက္ကဌ- ၁ ဦးဇော်မင်းဝင်း၊ ဒုတိယ ဥက္ကဌ-၂ ဒေါက်တာမောင်မောင်လေး ၊ ဒုတိယဥက္ကဌ- ၃ ဒေါက်တာမျိုးသက်၊ ဒုတိယဥက္ကဌ-၄ ဦးသိန်းဟန် (ဆီကုန်သည် အသင်း၊ ဥက္ကဌ) ၊ ဒုတိယဥက္ကဌ- ၅ ဦးဝေဖြိုး (လူငယ်လုပ်ငန်းရှင်အသင်း)၊ ဒုတိယဥက္ကဌ-၆ ဦးဒေါက်တာ မြဟန် (မွေးမြူ ရေးအဖွဲ့ချုပ်)၊ ဒုတိယဥက္ကဌ-၇ ဦးလှမောင်ရွှေတို့အသီးသီးရွေးချယ်ခံခဲ့ရပြီး ၎င်းတို့ထဲမှ ဦးဇော်မင်းဝင်း ၊ ဒေါက်တာမြဟန် ၊ ဒေါက်တာမောင်မောင်လေး ၊ ဦးလှမောင်ရွှေ တို့မှာ မူလ ဒု-ဥက္ကဌ နေရာကို ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒု-ဥက္ကဌနေရာကို ၇ နေရာ ရွေးတာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့သုံးနှစ်သက်တမ်းမှာ အထွေထွေ အတွင်းရေးမှုး အဖြစ်တာဝန်ယူခဲ့သူ ဒေါက်တာ မျိုးသက်နဲ့ ဘဏ္ဍာရေးတာဝန်ယူခဲ့သူ ဦးသိန်းဟန်တို့လည်း ဒု-ဥက္ကဌ အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးမိုးမြင့်၊ တွဲဖက်အထွေထွေအတွင်း ရေးမှူးများအဖြစ် ဦးအေးလွင်၊ ဒေါက်တာ သက်သက်ခိုင်၊ ဒေါ်ခိုင်ခိုင် နွယ်၊ ဦးဆန်းလင်း၊ ဦးအောင်ကြည်စိုး၊ ဦးမျိုးသန့်၊ ဦးအောင်ဇော်ဦး တို့ ရွေးချယ်ခံခဲ့ရပြီး အရင်အမှုဆောင်ဟောင်းများ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ရွေးချယ်ခံခဲ့ရတဲ့လူတွေကို တရားဝင်ကြေငြာချက် မထုတ်သေးဘဲ စီးပွားကူးသန်းဝန်ကြီးဌာနကို တင်ထားဆဲဖြစ်တယ်လို့ အသင်းချုပ်ထံမှ သိရပါတယ်။ မဲထည့်နိုင်သူဦးရေ ၈၉၆ ရှိသည့်အနက် ၇၂၁ ဦးလာရောက်မဲထည့်ခဲ့တယ်လို့ ဒု-ဥက္ကဌ အဖြစ်ရွေးချယ်ခံခဲ့ရတဲ့ ဆီကုန်သည်လုပ်ငန်းရှင်ဥက္ကဌ ဦးသိန်းဟန်က ပြောပါတယ်။
ရွေးချယ်မှုစည်းကမ်းအရ မဲထည့်သူ ၇၂၁ ဦးမှ အမှုဆောင်အဖြစ် အရွေးခံဖို့ တဦးချင်း စာရင်းသွင်းယှဉ်ပြိုင်သူ ၁၉၉ ဦးထဲကနေ ၆၉ ဦးကို ပထမဆုံး ရွေးချယ်ပေးခဲ့ပါတယ်။ အဲဒီကနေရလာတဲ့ ၆၉ ဦးနဲ့ ညီနောင်အသင်းတွေက အဆိုပြုတင်သွင်းထားသူ ၆၉ ဦး ပေါင်း ၁၃၈ ဦးက ဗဟိုအလုပ်အမှုဆောင်နေရာ တွေကို ဆက်လက်ပြိုင်ဆိုင်ခဲ့တယ်လို့ သိရပါတယ်။
“အခုရွေးလိုက်တဲ့ EC (အလုပ်အမှုဆောင်)၁၃၈ ယောက်မှာ အရင်နှစ်တွေက EC(အလုပ်အမှုဆောင်) တကြိမ်လုပ်ခဲ့ဖူးသူပဲ CEC (ဗဟိုအလုပ်အမှုဆောင်)ဆက်ရွေးခံရမှာပါ။ ရွေးမှာက ၅၅ နေရာပါ။ အဲလို စည်းမျဉ်းရှိတယ်။ အရင်နှ စ်တွေမှာ EC(အလုပ်အမှု ဆောင်) မလုပ်ခဲ့ဖူးသူက ဝင်ရွေးခံရင် EC(အလုပ်အမှုဆောင်)မှာတင် ပြီးသွားမယ်။ CEC(ဗဟိုအလုပ်အမှုဆောင်)အတွက် မဲပေးခွင့် ရှိတယ်။ ပြိုင်ခွင့်တော့မရှိဘူး။ ရွေးခံရတဲ့ EC(အလုပ်အမှုဆောင်)အနေနဲ့ အရွေးခံရတဲ့ ၁၃၈ ယောက်ကဘဲ ၅၅ ယောက်ကို ပြန်ရွေးမယ်။ အဲဒီထဲကမှ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ ဘဏ္ဍာရေးမှုး စတာတွေရွေးတယ်” လို့ Nibban International Co.,Ltdမှ ဒေါက်တာ အောင်သိန်းက ဆိုပါတယ်။
ရွေးကောက်ပွဲကြီးကြပ်ရေးကော်မရှင်တွေ အနေနဲ့ စီးပွားရေးနယ်ပယ်မှာ နာမည်ရထားသူတွေ ဖြစ်တဲ့ ဦးမောင်မောင်၊ ဦးလှမြင့်သိန်း၊ ဦးခင်မောင်လွင်၊ ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာဦးမြင့်၊ ဦးဝင်းသင်၊ ဦးကျော်စန်း၊ ဦးသန်းမောင်၊၊ ဦးထွန်းအေး၊ ဦးညီလှငယ် စတဲ့ နာမည်ကြီးစီးပွားရေးပညာရှင်တွေက ပါဝင်ရွေးချယ်ပေးခဲ့ပါတယ်။
“CEC(ဗဟိုအမှုဆောင်)ရွေးတာက မူလက ၅၅ ယောက်ပဲ ရွေးတယ်။ အဲဒီမှာ မဲရေတာ သရေကျနေတော့ ၂ ဦးစလုံးကို ရွေးလိုက်တယ်။ CEC(ဗဟိုအမှုဆောင်)က ၅၆ ယောက်ရွေးဖြစ်ခဲ့တယ်”လို့ ဆီကုန်သည်လုပ်ငန်းရှင်ဥက္ကဌ ဦးသိန်းဟန်ကဆိုပါတယ်။
“ရွေးချယ်တာမှာ CEC(ဗဟိုအမှုဆောင်)က ၅၆ ယောက်ရွေးပြီးတော့ ဥက္ကဌနေရာအတွက် ဝင်ပြိုင်ဖို့ ကိုယ်တိုင်အဆိုတင်ခိုင်း တော့ ဦးဝင်းအောင်၊ ဦးစိန်ဝင်းလှိုင်၊ ဦးမြဟန်ရယ်က အဆိုပြုတော့ သူတို့ ၃ ယောက်ပဲ ဝင်ရွေးဖို့ ဆန္ဒပြုတယ်။ ၃ ယောက်က ၅ မိနစ် ကျော်ကြာ စကားရည်လုကြတယ်။ ပြီးတော့ CEC (ဗဟိုအမှုဆောင်)က ၅၆ ယောက်က မဲစနစ်အရ ရွေးချယ်ခဲ့တာပါ”လို့ ဆီကုန်သည်လုပ်ငန်းရှင် ဥက္ကဌ ဦးသိန်းဟန်က ဆိုပါတယ်။
စည်းမျဉ်းအရ ဥက္ကဌ၊ ဒု-ဥက္ကဌ ၇ ဦး၊ အထွေထွေအတွင်းရေးမှုး၊ တွဲဖက်အထွေထွေအတွင်းရေးမှုး ၇ ဦးကို CEC(ဗဟိုအမှု ဆောင်)ရွေးချယ်ခံထားရသူများကသာ ရွေးချယ်ခွင့်ရှိတယ်လို့ ဦးသိန်းဟန်ကဆိုပါတယ်။
ဒီရွေးကောက်ပွဲက မစတင်ခင်ကတည်းက နာမည်ကျော်တဲ့ ရွေးကောက်ပွဲဆိုလည်း မမှားပါဘူး။ အသင်းဝင် အသင်းသားတွေကို လက်ဆောင်ပဏ္ဍာတွေပေးပြီး မဲဆွယ်နေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပေမယ့် အထောက်အထား အတိအကျနဲ့ စွပ်စွဲနိုင်မှုတော့ မတွေ့ခဲ့ရပါဘူး။
ဒါပေမယ့် ရွေးကောက်ပွဲအပြီးမှာ မဲမသမာမှုတွေရှိခဲ့တယ်လို့ စွပ်စွဲမှုများထွက်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲရလဒ်အပေါ်ကန့်ကွက်မှုများလည်း ရှိခဲ့ပါတယ်။ ရွေးချယ်ပွဲမှာ အငြင်းပွားဖွယ်ဖြစ်စေတဲ့အချက်တွေကတော့ အသင်းဖွဲ့စည်းမျဉ်း အတိုင်း ၂၁ ရက်ကြိုတင် အကြောင်းကြားမှု မရှိခြင်း၊ အသင်းသားအားလုံးမဲပေးခွင့်ရှိခြင်းမှာ အလုပ်အမှုဆောင်ရွေးချယ်မှုမှာသာဖြစ်ပြီး ကျန်အရေးကြီးသည့် ဥက္ကဌ၊ ဒု-ဥက္ကဌ ရာထူးများမှာ အသင်းသားတိုင်းရွေးခွင့်မရဘဲ ဗဟိုအလုပ်အမှုဆောင်များကသာရွေးခွင့်ရခြင်း၊ ဗဟိုအလုပ်အမှုဆောင်နေရာကိုလည်း ယခင်သက်တမ်းများတွင် အလုပ်အမှုဆောင်လုပ်ခဲ့သူသာ ယှဉ်ပြိုင်ခွင့်ရှိခြင်းနှင့် “အာဏာရှိ”လုပ်ငန်းရှင်တစ်စုက မဲကြိုတင်ညှိနှိုင်းထားသော စာရင်းများကို ကြိုတင်ဝေငှထားသည့် ပုံစံမျိုးရှိခြင်းစတဲ့ အချက်တွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“ရွေးကောက်ပွဲအပေါ်မှာက နဂိုထဲကကြိုထုတ်ထားတဲ့ ၆၉ ယောက်ကပဲ ပြန်ပြီး နေရာရတာဆိုတော့ ဒီမိုကရက်ကတော့ သိပ်တော့မကျဘူးပြောလို့ ရတယ်။ အစကတည်းက ထုတ်ထားသူစာရင်းက ဒီတိုင်းဘဲ။ အရင်အတိုင်းဘဲပြန်ဖြစ်တယ်။ မတိုင်ခင် တရက်ထဲကလူစာရင်းတွေ ထွက်ထားပြီးသားဖြစ်နေတယ်။ ည ၁၀း၄၅ မှာက ရေတွက်နေရင်း မဲ ၄၀၀ ရှိတာက ၁၅ မိနစ်အတွင်း မှာ မဲ၂၀၀ လောက်ပျောက်ပြီး ၂၀၀ လောက်ပဲ ကျန်တာတွေ ဖြစ်သွားတယ်။ မဲထုတ်တဲ့နေရာမှာ ဘယ်သူထုတ်သွားသလဲပေါ့။ ကော်မရှင်လူကြီးတွေထက် မဲထုတ်တဲ့လူက ပိုအဓိကကျတာပေါ့နော်” UMFCCI အမှုဆောင်အသစ်ရွေးချယ်ပွဲနှင့်ပတ်သတ်၍ ဒေါက်တာစိုးထွန်းက သူ့အမြင်ကို ပြောပြပါတယ်။
ရွေးကောက်ပွဲတွင် ဒု-ဥက္ကဌအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ ဆီကုန်သည်လုပ်ငန်းရှင်ဥက္ကဌ ဦးသိန်းဟန်ကို အငြင်းပွားစရာ မဲအရေအတွက်အကြောင်း မေးမြန်းရာ “ထွက်ပေါ် လာတဲ့ သတင်းတွေက မှားနေပါတယ်။ မှန်မှန်ကန်ကန် ရွေးခဲ့တာပါ။ EC အဟောင်းတွေ အကုန် နုတ်ထွက်ပေးရပါတယ်။ နုတ်ထွက်ပြီးမှ လုပ်ပါတယ်။ နောက်မဲထည့်ပမာဏကလည်း ၈၀၀ ကျော်မှာ ၇၀၀ ကျော်လာထည့်လို့ သမိုင်းတွင်တဲ့ ရွေးကောက်ပွဲပါ။ ထင်သာမြင်သာ ပွင့်လင်းမှုတွေ ရှိပါတယ်။ မဲတွေပျောက်တာလည်း မဟုတ်ပါဘူး။ ဒီမှာ ဘားကုတ်တွေနဲ့ လုပ်တာမို့ ပိုလို့လည်း မရသလို လိုလို့လည်း မရပါဘူး”လို့ ဆိုပါတယ်။
UMFCCI အမှုဆောင် အသစ်ရွေးချယ်ပွဲကို ဒေါက်တာစိုးထွန်းက ကန့်ကွက်ကြောင်း သမ္မတရုံးနဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်တို့ကို ပေးပို့သွားမယ်လို့ ဆိုထားပါတယ်။
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဟာ သြဇာကြီးတဲ့အသင်းတခုပါ။ ဒီလိုသြဇာကြီးတဲ့ အသင်းဥက္ကဌရာထူးရသူဟာလည်း ပြည်ပနိုင်ငံက ရင်းနှီးလိုသူတွေနဲ့ တွေ့ဆုံရာမှာ သာမန်စီးပွားရေးသမားတွေထက် ပိုအခွင့်အရေးရနိုင်သလို အစိုးရအဖွဲ့အစည်းတွေနဲ့လည်း အပြန်အလှန် ဆွေးနွေးတင်ပြနိုင်တာကြောင့် ဒီနေရာဟာ စီးပွားရေးသမား လုပ်ငန်းရှင်တိုင်း မျက်စိကျစရာနေရာလည်း ဖြစ်ပါတယ်။
ဦးဝင်းအောင်ရဲ့ သား ဦးသူရိန်အောင်လည်း EC အဖွဲ့ဝင်အဖြစ် အရွေးခံခဲ့ရတာကလည်း ပြိုင်ဘက်အုပ်စုဝင်တွေရဲ့ အဝေဖန်ခံစရာတခု ဖြစ်ခဲ့ပါတယ်။
ဦးဝင်းအောင်ဟာ ၂၀၀၁ ခုနှစ် ဧပြီလကနေ စတင်ပြီး အသင်းချုပ်ရဲ့ ဥက္ကဌတာဝန်ကိုထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး မဟာမဲခေါင် ဒေသခွဲ စီးပွားရေးဖိုရမ် ဥက္ကဌရာထူးကို၂၀၀၃ခုနှစ်မှ ၂၀၀၅ခုနှစ်တွင် တကြိမ်၊ ၂၀၁၁မှ ယနေ့အချိန်ထိ ဒုတိယအကြိမ် တာဝန်ယူရပါတယ်။ အသင်းချုပ်ဌာန ဥက္ကဌရာထူးကြောင့် မဟာမဲခေါင် ဒေသခွဲ စီးပွားရေးဖိုရမ်မှာ ဥက္ကဌ ရာထူးကိုရရှိခဲ့တာဖြစ်တယ်လို့ ပြိုင်ဘက်တွေကပြောနေကြပြီး လက်ရှိဥက္ကဌ ရာထူးမှ ဖယ်ပေးရရင် အဆိုပါရာထူးကိုလည်း လက်လွှတ်ရမှာမို့ ဥက္ကဌနေရာ ပြံလိုချင်နေတာလို့လည်း ဆိုကြပါတယ်။
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ မူလအစက ၁၉၁၉ ခုနှစ် ကိုလိုနီခေတ် ဗမာကုန်သည်များအသင်း Burmese Chamber of Commerce (BCC) က မြစ်ဖျားခံပြီး ၁၉၄၈ မှ ၁၉၆၂ ထိ ပြည်ထောင်စုကုန်သည်များအသင်း Union of Burma Chamber of Commerce & Industry (UBCCI) လို့ အမည်ပြောင်း၊ အဲဒီကနေ ၁၉၆၂ က ၁၉၈၈ ထိ အဲဒီနာမည်နဲ့ဘဲ ရပ်တည်လာခဲ့ရာကနေ ၁၉၈၉ မှာ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်လုပ်ငန်းရှင်အသင်း Union of Myanmar Chambers of Commerce & Industry (UMCCI) လို့ ပြောင်းခဲ့ပြီး ၁၉၉၉ မှာ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်The Union of Myanmar Federation of Chambers of Commerce & Industry (UMFCCI) လို့ ဖြစ်လာခဲ့ပါတယ်။