မြန်မာအစိုးရအနေဖြင့် ဆက်လက်ဖြစ်ပေါ်နေဆဲ လူနည်းစုများအပေါ် ဘာသာရေး လူမျိုးရေး ခွဲခြားဆက်ဆံမှုများကို အလေးထား၍ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းသွားရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နဗီပီလေးက တိုက်တွန်းလိုက်သည်။
အရေးယူဆောင်ရွက်ရန် ပျက်ကွက်ပါက လက်ရှိ အကောင်အထည်ဖော်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်စေနိုင်သည်ဟုလည်း သတိပေးပြောဆိုသည်။
“ဒီနေ့ မြန်မာနိုင်ငံဟာ အစိုးရဖက်က လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပေးထားတဲ့ကတိတွေအတိုင်း ဘယ်လောက်အထိ ပြောင်းလဲမှုတွေ လုပ်ပြနိုင်တယ်ဆိုတာ အစွမ်းရှိရင် ရှိသလောက် ပြသခွင့်ရှိနေပါတယ်။ ဒါပေမယ့် ဆက်လက်ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံတွင်းနဲ့ နိုင်ငံပအထိ ပျံ့နှံ့လာနေတဲ့ မွတ်စလင်ဆန့်ကျင်ရေးစိတ်ဓာတ်တွေက ပြုပြင်ပြောင်းလဲရေးကို ခြိမ်းချောက်နေပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ အာရုံစိုက် သတိထားဖို့ လိုပါတယ်” ဟု သူက ထပ်ပြောသည်။
လွန်ခဲ့သောနှစ်က ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာနှင့် မွတ်စလင်များကြား အဓိကရုဏ်းများကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့် အိုးအိမ်မဲ့ဘ၀ ဖြင့် ကျန်ရှိနေဆဲဖြစ်ပြီး လှေနှင့် ထွက်ပြေးသွားကြသူ ထောင်ပေါင်းများစွာရှိသည်။
မတ်လအတွင်းက မန္တလေးတိုင်း မိတ္ထီလာမြို့တွင်ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် လူ ၄၃ ဦး သေဆုံးပြီး အဆောက်အဦ ၁၅၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု အစိုးရက ထုတ်ပြန်ကြေညာသည်။ လွန်ခဲ့သောလက ရှမ်းပြည်နယ် လားရှိုးမြို့ ပဋိပက္ခကြောင့် လူ ၁၄၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ပြီး ဗလီတလုံးနှင့် အစ္စလမ်ဘာသာရေး ကျောင်းတခုအပါအဝင် အဆောက်အဦများနှင့် မွတ်စလင်တို့၏ ပိုင်ဆိုင်မှုများ ဖျက်ဆီးခံခဲ့ရသည်။
“ခွဲခြားဆက်ဆံမှုနဲ့ ပဋိပက္ခတွေ ရပ်တန့်ဖို့၊ လူမျိုးစုနဲ့ ယုံကြည်မှု ကွဲပြားသူတွေကြားမှာ အပြန်အလှန် လေးစားသည်းခံကြ ဖို့ ဦးတည်ပြီး အရေးပါတဲ့ ကြေညာချက်တွေ မြန်မာသမ္မတက ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံရေးအရတော့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ ဆန္ဒရှိတယ်လို့ ကျမယုံကြည်ပါတယ်။ ဒါပေမယ့် ဒီဆန္ဒကို ခိုင်မာတဲ့ အရေးယူ အားထုတ်မှုမျိုး အဖြစ် ပြောင်းလဲနိုင်ဖို့ အစိုးရကို တိုက်တွန်းပါတယ်” ဟု နဗီပီလေးက ပြောသည်။
ဆက်လက်ပြီး လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဂျီနီဗာတွင် လတ်လောကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှ မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆွေးနွေးချက်များကလည်း ခွဲခြားဆက်ဆံမှုများ ကိုအဆုံးသတ်နိုင်ရန် မြန်မာအစိုးရကို အားပေး နှိုးဆော်ခြင်းဖြစ်စေမည်ဟု မျှော်လင့်ကြောင်းပြောသည်။
လူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်ရှိ မွတ်စလင်များအပါအဝင် မြန်မာမွတ်စလင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့်အတွက် စိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန်လိုက်ပြီး ပဋိပက္ခများကြောင့် ဒုက္ခရောက်ခဲ့သူများထံ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများရောက်ရှိနိုင်ရန် ခွင့်ပြုပေးရေး မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။ ထို့အပြင် လူ့အခွင့်အရေး ကျူးလွန်ဖောက်ဖျက်သူများကို အရေးမယူနိုင်ဘဲ ကင်းလွတ်ခွင့်ရှိနေ ခြင်းကို အဆုံးသတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။
စုံစမ်းစစ်ဆေးခြင်းနှင့် လူ့အခွင့်အရေး ကျူးလွန်ဖေါက်ဖျက်မှုများကို တာဝန်ယူဖြေရှင်းခြင်းသည် အစိုးရဘက်မှ ဖြည့်ဆည်း ပေးရမည့် အခြေခံအချက်များ ဖြစ်သည်ဟု နဗီပီလေးက ဆိုသည်။
“ရခိုင်ပြည်နယ်က ရိုဟင်ဂျာနဲ့ တခြားမွတ်စလင်တွေ အပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျရှိနေဆဲပဲ ဆိုတဲ့ ယုံကြည်လက်ခံနိုင်စရာ သတင်းတွေ ကျမ ရုံးကို ဆက်လက်ရောက်လာနေပါတယ်။ ကျူးလွန်သူတွေထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေလည်း ပါပါတယ်” ဟု သူကပြောသည်။
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက သူ၏ ရုံးသို့ အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ချုပ်နှောင်ထားရာတွင်လည်း နှိပ်စက် ညှဉ်းပန်းခြင်းနှင့် အခွင့်အရေးများကို ငြင်းပယ်ခြင်း စသည်တို့အပြင် တရားလက်လွတ်သတ်ဖြတ်ခြင်းနှင့် အမျိုး သမီးများကို မတော်မတရားပြုကျင့်စော်ကားခြင်း တို့နှင့် ပတ်သက်သည့် တိုင်ကြားမှုများရှိနေသည်ဟုလည်း ပြောသည်။
“ဒါ့အပြင် မိတ္ထီလာ၊ လားရှိုးနဲ့ အခြားနေရာမှာ မွတ်စလင်တွေကို လူစုလူဝေးနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင် ပတ်သက်တဲ့သူတွေကို အရေးယူဖော်ထုတ်နိုင်ခြင်း မရှိသေးတဲ့အတွက် ကျမစိုးရိမ်မိပါတယ်။ မြန်မာနိုင်ငံမှာ မွတ်စလင်တွေကို ဦးတည်ပြီး အကြမ်းဖက်တိုက်ခိုက်ခြင်းဟာ တရားမျှတတယ်၊ လက်ခံရမယ့်ကိစ္စတခု ဖြစ်တယ်လို့ ဖော်ပြနေသလိုပါပဲ” ဟု နဗီပီလေးက ပြောသည်။
“အစိုးရအနေနဲ့ လူမျိုးရေး ဘာသာရေး ခွဲခြားမှုဆန်တဲ့ ဒေသဆိုင်ရာ အမိန့်နဲ့ အမျိုးသား ဥပဒေတွေ အပါအဝင် ဥပဒေဆိုင်ရာနဲ့ အဖွဲ့အစည်းပိုင်း ဆိုင်ရာတွေ မှာ ပြုပြင်ပြောင်းလဲရေးတွေ အမြန်ဆုံး လုပ်ရပါမယ်” ဟု မဟာမင်းကြီး က ဆိုသည်။
မေလအတွင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ မွတ်စလင်များကို မိသားစုတစုလျှင် ကလေးနှစ်ယောက်သာ အများဆုံးမွေးခွင့်ရှိ သည်ဟု ဒေသ အာဏာပိုင်များ က အမိန့်ထုတ်ပြန်ကန့်သတ်ခဲ့၏။
မြန်မာနိုင်ငံ၏ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာလည်း ဝေဖန်ပြောဆိုမှုများရင်ဆိုင်နေရသည်။
“အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါ စစ်တပ်၊ ရဲ နဲ့ လုံခြုံရေးတာဝန်ရှိသူတွေကို လူ့အခွင့်အရေး နဲ့ ပတ်သက်တဲ့ သင်တန်းတွေပေးရပါမယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ သင့်လျော်တဲ့ အင် အားသုံးတတ်အောင်လည်း သင်ကြားပေးရပါမယ်” ဟု မဟာမင်းကြီးကပြောသည်။
ယခုလ အစောပိုင်းက မွတ်စလင်အမျိုးသမီး ၃ ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ရခြင်းကိုလည်း ပြည့်စုံစွာ စုံစမ်းဖေါ်ထုတ်ပေးရန် သူက တောင်းဆိုလိုက် သည်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပရိန်ရွာတွင် ဆန္ဒပြနေသော လူအုပ်ထဲသို့ ရဲတပ်ဖွဲ့က သေနတ်နှင့် ပစ်ခတ် ခဲ့သည့်အတွက် ထိုအမျိုးသမီးများ သေဆုံးခဲ့ရသည်ဟု စွပ်စွဲမှုများ ရှိနေသည်။
“ကျမတို့ အနေနဲ့ မြန်မာအစိုးရရဲ့ တိုးတက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ထောက်ခံသွားမှာပါ၊ အတားအဆီး ဖြစ်လာမယ့် ခွဲခြားဆက်ဆံမှု အမျိုးမျိုးတွေ၊ လူ့အခွင့် အရေးပြဿနာတွေကို ကျော်လွန်ဖြေရှင်းနိုင်ဖို့လည်း ကူညီပေးသွား ပါမယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ လုပ်ပိုင်ခွင့်အပြည့်အ၀ ရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ရုံးတရုံး အမြန်ဆုံးဖွင့် လှစ်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်” ဟု နဗီပီလေးက ဆိုသည်။
မြန်မာအစိုးရက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ရုံးလာရောက်ဖွင့်လှစ်ရန် ပထမဆုံး အနေဖြင့် ဖိတ်ခေါ်ခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်မှစ၍ “အိမ်ရှင်နိုင်ငံ သဘောတူညီ မူ (Host Country Agreement)” ရရှိနိုင်ရန် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေဆဲဖြစ်သည်။