ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းများ (Code of Conduct)ကို အတည်ပြုနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ မြန်မာ ငြိမ်းချမ်းရေး စင်တာ(MPC) မှ အစိုးရ တာဝန်ရှိသူများကို KNU အဖွဲ့မှ ကိုယ်စားလှယ်တချို့ ပြီးခဲ့သည့် တပတ် က သွားရောက် ဆွေးနွေးခဲ့သော်လည်း ပြင်ဆင်ညှိနှိုင်းစရာများ ရှိသေးကြောင်း KNU အဖွဲ့မှ နိုင်ငံခြားရေးတာဝန်ခံ ပဒို စောအောင် ဝင်းရွှေက ဧရာဝတီသို့ ပြောသည်။
“မူအဖြစ် သဘောတူထားတဲ့ ကျင့်ဝတ်စည်းကမ်းများကို သဒ္ဒါကျအောင် ပြန်ရေးတာတို့ အဲဒါတွေ လုပ်တယ်၊ အဲဒါကို အချော ပြန်ပြင် ရေးပြီးတော့ သာမန် စစ်သားနားလည်နိုင်အောင် အထိ ပြန်ပြင်ရေး၊ ပြန်တွေ့၊ သဘောက သူတို့ကလည်း ဟိုဘက်က သူတို့ အကြီးအကဲကို ပြန်တင် ဒီဘက်ကလည်း အကြီးအကဲတွေကို ပြန်လာပြ၊ တကယ်လို့ ပြင်ဆင်စရာ ရှိတဲ့အချက်ရှိတယ် ဆိုရင် လည်း ပြန် ပြင်ဆင်ပြီးတော့ တခါပြန်သွားရမယ်”ဟု ၎င်းက ဆိုသည်။
ယင်း အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းများ (Code of Conduct)နှင့် ပတ်သက်၍ လာမည့် ဇူလိုင်လအတွင်း ထပ်မံ ညှိနှိုင်းရန် စီစဉ်ထားကြောင်းလည်း ပဒိုစောအောင်ဝင်းရွှေက ဆက်ပြောသည်။
KNU အဖွဲ့အစည်းအနေနှင့် ရေးဆွဲထားသည့် Code of Conduct နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရာတွင် MPC မှ ဒေါက်တာ မင်းဇော်ဦး၊ ဒု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ကရင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်တို့က ဦးဆောင်၍ KNU အဖွဲ့အစည်းဘက်မှ ပဒိုစောအောင်ဝင်းရွှေ၊ ဗဟိုအလုပ် အမှုဆောင် ပဒိုစောတာဒို့မူး၊ တရား ရေး ဌာနမှ ပဒိုစော အဲကလူစေး၊ ပဒိုစောလှထွန်းတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။
“သူတို့ သဘောထားက ပထမ သဘောတူထားတဲ့ Code of Conduct ကို နှစ်ဖက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ညှိနှိုင်းပြီး တော့ ပြန်ယူလာခဲ့၊ သူတို့လည်း ပြန်ယူသွား၊ နှစ်ခေါက် သုံးခေါက် ညှိ၊ တကယ်လို့ အဆင်ချောပြီး နှစ်ဖက် လူကြီးတွေက လက်မှတ် ထိုးပြီးတော့ သုံးမယ်”ဟု ပဒိုစောအောင်ဝင်းရွှေက ရှင်းပြသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာ လဆန်းပိုင်က ဘားအံမြို့တွင် KNU နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ဒု ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်တို့ တတိယအကြိမ်နှင့် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ် ကျင့်ဝတ် ဆိုင်ရာ ကိစ္စရပ် များကို ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
အထက်ပါ ၂၀၁၂ ခုနှစ် ဆွေးနွေးပွဲ၌ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်ကိစ္စများ ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့သည့် အပြင် တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊ အပစ်အခတ် ရပ်စဲရေး ပိုမိုခိုင်မာစေရေးနှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန်တို့ ပါဝင် သည်။
KNU အဖွဲ့အစည်းအနေနှင့် ရေးဆွဲထားသည့် ကျင့်ဝတ် စည်းကမ်းများထဲတွင် မည့်သည့် အကြောင်းအရာများ ပါဝင်သည်ကို အသေးစိတ် မသိရှိရသော်လည်း အပိုဒ် ၁၁ ပိုဒ်နှင့် အချက် ၃၄ ချက်ရှိကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခဲ့ပြီး ဒုတိယ အကြိမ်ကို ပြည်ထောင်စု အဆင့်တွေ့ဆုံဆွေးနွေးပွဲ အနေဖြင့် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ဧပြီလ ၆ ရက်နေ့က ကျင်းပခဲ့သည်။
ထိုင်းနိုင်ငံရှိ ဒုက္ခသည်များ မြန်မာနိုင်ငံဘက်သို့ ပြန်လည် နေရာ ချထားရေးနှင့် ပတ်သက်၍ KNU အဖွဲ့နှင့် အစိုးရအကြား စစ်မှန် သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည့် ကာလကို စောင့်မျှော်နေကြောင်း ကရင် ဒုက္ခသည်များ ကော်မတီ (KRC) က ဧပြီလ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။
KNU အဖွဲ့အစည်းအနေနှင့် ၁၉၄၉ ခုနှစ်မှ စတင်၍ အစိုးရကို နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် တော်လှန် ပုန်ကန်ခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။ သို့သော် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နှစ်ဖက် ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီ မှု ရရှိထားသည်။