ဥက္ကံပဋိပက္ခ စတင်ဖြစ်စေခဲ့သူများဟု ဆိုကာ မဝင်းဝင်းစိန်နှင့် မခင်မာသိန်းတို့ နှစ်ဦးကို သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ဖြင့် တိုက်ကြီးမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ကြောင်း တိုက်ကြီးမြို့နယ် မှုခင်းမှတ်တမ်း ရဲအရာရှိ ဒုရဲအုပ် ခင်အုန်းမြင့်က ဧရာဝတီသို့ ပြောသည်။
“အခုလ ၅ ရက်နေ့က တိုက်ကြီးမြို့နယ် တရားရုံးက အမိန့်ချလိုက်တာ။ ပုဒ်မ ကတော့ ၂၉၅ (က) နဲ့ပါ။ သာသနာကို ညှိုးနွမ်း စေမှုပေါ့။ တခြားဆူပူမှုနဲ့ ဖမ်းထားတဲ့ သူတွေကလည်း ၂၀ လောက် ရှိသေးတယ်။ သူတို့ကိုတော့ စစ်နေတယ်။ အများစု ကတော့ မီးရှို့တာနဲ့ မီးရှို့အောင် အားပေးတဲ့ အမှုတွေပါ” ဟု သူက ဆိုသည်။
အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံခဲ့ရသော မဝင်းဝင်းစိန်နှင့် မခင်မာသိန်းတို့ နှစ်ဦးမှာ ၎င်းတို့ အမှုအတွက် ရှေ့နေ မငှားခဲ့ဘဲ ကိုယ်တိုင် လျှောက်လဲ ထုချေခဲ့ကြောင်း၊ တရားရုံးမှ ပြစ်ဒဏ်ပေးပြီး နောက်တရက်တွင် အင်းစိန်ထောင်သို့
ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ၎င်း ရဲအရာရှိက ဆက်ပြောသည်။
၂၀၁၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဥက္ကံမြို့ အနော်ရထာ ရပ်ကွက်ရှိ ဥက္ကံဈေးထဲတွင် အသက် ၁၁ နှစ် အရွယ် ကိုရင်လေး ရှင်ပုည၏ သပိတ်ကို ဥက္ကံမြို့ ပါးနီပြင် ကျေးရွာမှ အစ္စလမ် ဘာသာဝင် မဝင်းဝင်းစိန်က မတော်တဆ
ဝင်တိုက်မိရာ သပိတ် ကျကွဲသွားခဲ့ပြီးနောက် ဈေးထဲတွင် ရုတ်ရုတ်သဲသဲဖြစ်ပြီး ဥက္ကံမြို့နယ် ရဲစခန်းသို့ ရောက်ရှိ သွားခဲ့သည်။
ထိုဖြစ်စဉ်မှတဆင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ကာ ဥက္ကံမြို့အနီးရှိ မွတ်စလင်ရွာ ၃ ရွာ မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး အကြမ်းဖက် ဖြစ်စဉ်များတွင် ဒဏ်ရာပြင်းထန်စွာ ရခဲ့သူ ပါးနီပြင် ကျေးရွာမှ အသက် ၂၉ နှစ် အရွယ် အစ္စလမ် ဘာသာဝင် ကိုဇော်ဇော်နိုင် သေဆုံးသွားခဲ့သည်။
လူမျိုးရေး ဘာသာရေး ပဋိပက္ခများတွင် မီးရှို့ဖျက်ဆီး ခံရသူများမှာ မွတ်စလင်များသာ ဖြစ်သော်လည်း အမှုအများစုတွင် ဖမ်းဆီး အစစ်ဆေးခံရပြီး ထောင်ကျ သွားသူများမှာလည်း မွတ်စလင်များပင် ဖြစ်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေ ဦးကိုနီက ပြောသည်။
“အခု ကြားနေရတာက မွတ်စလင်တွေပဲ အပြစ်ပေး ခံနေရတယ်။ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီး လုယူတဲ့ သူတွေကိုတော့ ဘယ်လောက် ချလိုက်ပြီဆိုတာ အခုထိ ပေါ်ပေါ်ထင်ထင် မကြားရသေးဘူး။ အခုလို ဖြစ်နေတာကို မှတ်ချက် ပြုရရင်တော့
အလွန် ဝမ်းနည်းတယ်ပေါ့ဗျာ” ဟု အစ္စလမ်ဘာသာဝင် ဖြစ်သူ အဆိုပါ ရှေ့နေက ဆိုသည်။
ဥက္ကံ ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသည့် ဗုဒ္ဓဘာသာဝင် ၃၀ ခန့်ကိုလည်း မေလ ၁၅ ရက်နေ့မှ စတင်ကာ ရုံးတင် စစ်ဆေးလျှက် ရှိကြောင်း တိုက်ကြီးမြို့နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။
“အမှုတိုင်းကို ရဲက တရားလို လုပ်ပြီးစစ်တယ်။ အချုပ်တရားခံရော၊ အပြေးတရားခံရော နှစ်မျိုးစလုံး စစ်နေတယ်။ အမှုတွေကတော့ မီးရှို့မှုနဲ့ ဆက်စပ်တဲ့ အမှုတွေလို့ သိရတယ်” ဟု သူက ဆိုသည်။
ဥက္ကံ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် အဖမ်းခံရသူများကို တရားရုံးတွင် အမှုစစ်နေသည်မှာ မှန်ကန်ကြောင်း ဥက္ကံမြို့နယ် ဥပဒေရုံးမှ တာဝန်ကျ စာရေးကြီး ဦးမြင့်အောင်က ပြောသည်။
“အမှုကတော့ မျိုးစုံပဲ။ ဓားခုတ်မှု၊ ခဲပေါက်မှု၊ မီးရှို့မှုတွေလည်း ပါတယ်။ အများစုက အဖမ်းမခံတော့ အပြေးတရားခံထဲကို ထည့်လိုက်ကြတယ်။ အပြေးတရားခံထဲကို ထည့်ထားတဲ့သူက အရမ်းများနေတယ်” ဟု သူက ဆိုသည်။
အပြေးတရားခံ အဖြစ် အစွဲခံထားရသူ ၆၀ ခန့်အထိ ရှိနေသည်ဟု ကြားသိထားကြောင်း တိုက်ကြီးမြို့ခံ ဦးမြင့်သိန်းက ပြောသည်။
အပြေးတရားခံအဖြစ် တရားစွဲခံရခြင်းမှာ တရားရုံးမှ ဆင့်ခေါ်သည်ကို မလာရောက်ဘဲ ရှောင်တိမ်း နေသူများကို ဆိုလိုခြင်း ဖြစ်သည်။
မိတ္ထီလာ ပဋိပက္ခတွင်လည်း ဘုန်းတော်ကြီး ဦးသောဘိတကို သတ်မှုဖြင့် တရားစွဲဆို ခံရသူ ၇ ဦးကို ၂၀၁၃ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် တသက်တကျွန်း အပါအဝင် ပြစ်ဒဏ် အသီးသီးကို ခရိုင်တရားရုံးက ချမှတ်လိုက်သော်လည်း တခြားမီးရှို့မှု၊ လုယက်မှု ကျူးလွန်သူများကို စိစစ်ဆဲဟု သိရသည်။
မိတ္ထီလာပဋိပက္ခတွင် ပါဝင်ပတ်သက်၍ အဖမ်းခံရသူများထဲမှ အမိန့်ချ အရေးယူခဲ့သူများမှာ ရွှေဆိုင်ပိုင်ရှင် အပါအဝင် ၃ ဦးနှင့် ယခု ဘုန်းတော်ကြီးကို သတ်သည့်အမှုမှ ၇ ဦးတို့သာ ရှိသေးသည်။
လားရှိုးမြို့တွင် အဓိကရုဏ်း ဖြစ်ပွားရာ အစဖြစ်ခဲ့သော ဓာတ်ဆီလောင်း မီးရှို့သူအား လားရှိုးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့သည်။ ဓာတ်ဆီလောင်း မီးရှို့သူ ဦးနေဝင်းကို ဇွန်လ ၁၀ ရက်နေ့က လားရှိုးမြို့နယ် တရားရုံးတွင် စွဲချက် တင်ခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့တွင် ပြစ်မှု ပုဒ်မ ၃၀၇ (လူသတ်ရန် အားထုတ်မှု)၊ ပုဒ်မ ၃၂၆ (အပြင်းအထန် ဒဏ်ရာရရှိစေမှု)၊ ၁၉၉၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဥပဒေ ပုဒ်မ ၁၅/ ၁၆ (ဂ) တို့အရ ထောင်ဒဏ် စုစုပေါင်း ၂၆ နှစ် ကျခံစေခဲ့သည်။
မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်မှာ လူမျိုးဘာသာ၊ ကျောသားရင်သား မခွဲခြားသော်လည်း တရားဥပဒေ စိုးမိုးရေးကို အကောင်အထည် ဖော်ရမည့် တရားသူကြီးများ၏ လုပ်ဆောင်ချက်များကြောင့် ယခုကဲ့သို့ ဖြစ်နေရကြောင်း၊
သို့သော် ရှေ့နေ တဦးအနေဖြင့် တရားရုံးကို မထီမဲ့မြင် ပြုရာရောက်မည်ကို စိုးရိမ်သောကြောင့် မှတ်ချက်များစွာ မပေးလိုကြောင်း၊ တရားသူကြီးများ၏ ဆင်ခြင်တုံတရားနှင့်သာ သက်ဆိုင်သောကြောင့် ၎င်းတို့ကိုယ်တိုင်သာ
အသိဆုံး ဖြစ်လိမ့်မည် ဖြစ်ကြောင်း ရှေ့နေ ဦးကိုနီက ဆိုသည်။
တရားစွဲ အဖွဲ့အစည်းဖြစ်သော ရဲတပ်ဖွဲ့က မည်သည့်ပုဒ်မဖြင့် တင်လာစေကာမူ အရေးယူ အပြစ်ပေးရန် သင့်မသင့်ကို ဆုံးဖြတ်နိုင်သော အာဏာမှာ တရားရုံးတွင်သာ ရှိသောကြောင့် ပြည်သူလူထု အားကိုး၍ ရသော တရာရုံးများ ဖြစ်စေလို ကြောင်း သူက ပြောဆိုသည်။