ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က နေပြည်တော်တွင် ၃ ရက်ကြာ အစည်းအဝေးတရပ် ကျင်းပ ပြုလုပ် မည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ အချိုးကျကိုယ်စားပြုစနစ် (PR စနစ်)၊ ၂၀၁၅ ရွေးကောက်ပွဲ အပါအဝင် ပါတီနိုင်ငံရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဇွန်လ ၂၅ ရက်နေ့ စတင်မည့် လွှတ်တော် အစည်းအဝေးများ မကျင်းပမီ နေပြည်တော်ရှိ ကြံ့ခိုင်ရေး ပါတီဌာနချုပ်တွင် ၃ ရက်ကြာ အထူးအစည်းအဝေး တရပ် ခေါ်ယူကျင်းပမည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအဝင် ဗဟိုအလုပ်အမှုဆောင် များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပါတီ တာဝန်ရှိသူများ အားလုံး ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
၃ ရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် လာမည့် လွှတ်တော် အစည်းအဝေးများအတွင်း ဆွေးနွေးမည်ဖြစ်သည့် PR စနစ် အကြောင်း ဆွေးနွေးမည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်များ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြံံ့ခိုင်ရေး ပါတီက ကြိုတင်ညှိနှိုင်းမှုများ ပါဝင်မည်ဖြစ်ကြောင်း၊ အစည်းအဝေးသို့ သတင်းမီဒီယာ တက်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း ကြံ့ခိုင်ရေးပါတီမှ တာဝန်ရှိသူ တဦးက ဆိုသည်။
“ဒါက ပါတီတွင်း အစည်းအဝေးဖြစ်လို့ သတင်းမီဒီယာတွေကိုတော့ တက်ခွင့် မပေးပါဘူး” ဟု နေပြည်တော် ကြံ့ခိုင်ရေး ပါတီဌာနချုပ်မှ လူငယ်ရေးရာ တာဝန်ခံ ဦးသောင်းထိုက်က ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လွှတ်တော်တွင် အမတ်နေရာအများစု ရရှိထားသည့်အတွက် ကြံ့ခိုင်ရေး ပါတီက မူဝါဒများသည် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲ ရလဒ်အခြေအနေ၊ နိုင်ငံရေး အခြေအနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တို့အပေါ် များစွာ သက်ရောက်မှု ရှိမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
“ဒီတခေါက် လွှတ်တော်မှာ ဆွေးနွေးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ PR စနစ် ကိစ္စတွေ ဆိုတာက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဘယ်လောက် ပီပြင်မလဲဆိုတာ သက်သေပြမယ့် ကိစ္စတွေ။ ဒီတခေါက်လွှတ်တော်က အရင်လို အစိုးရနဲ့ လွှတ်တော် အပြန်အလှန် မေးမြန်း စိစစ်တာမျိုးထက် ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီတခေါက် လွှတ်တော်ရဲ့ ဆွေးနွေးချက်တွေက သန်း ၆၀ သော ပြည်သူ တွေနဲ့ အနာဂတ် မြန်မာနိုင်ငံကို ပုံဖော်မယ့် ဆွေးနွေးမှုတွေ၊ ဆုံးဖြတ်ချက်တွေ ဖြစ်ပါလိမ့်မယ်” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီ၏ တင်ပြချက်အရဟု ဆိုကာ ၂၀၁၅ ရွေးကောက်ပွဲ တွင် PR စနစ် ကျင့်သုံးရန် ဆွေးနွေး အတည်ပြု ဆုံးဖြတ်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ မေလ ၁၃ ရက်နေ့တွင် တရားဝင် တင်ပြလိုက်ပြီး PR စနစ် ကျင့်သုံးမည်ဆိုပါက ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရမည်ဖြစ်သဖြင့် ယခုနှစ်အတွင်း လာမည့် ရွေးကောက်ပွဲတွင် PR စနစ် ကျင့်သုံးခြင်း ပြု၊ မပြု ဆုံးဖြတ်ပေးရန် ပန်ကြားထားသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတဦးလည်းဖြစ်၊ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးအေးမြင့်က PR စနစ် ကျင့်သုံးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စများတွင် ပါတီဗဟိုက မူဝါဒ ချမှတ်ပေးမည်ဖြစ်ကြောင်း ပြောသည်။
“အဓိက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေလည်း ပါတယ်။ လွှတ်တော်မှာ ဆွေးနွေးမယ့် ကိစ္စတွေလည်း ပါမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ PR စနစ်ကိစ္စတွေက အပေါ်ကနေပြီးတော့ လမ်းညွှန်မှု ပေးမှာပေါ့။ ပါတီရဲ့ မူဝါဒနဲ့ တိုက်ရိုက် သက်ဆိုင်မယ်” ဟု ဦးအေးမြင့်က ဧရာဝတီသို့ ရှင်းပြသည်။
ကြံ့ခိုင်ရေး ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးအောင်သောင်းက ၂၀၁၅ ရွေးကောက်ပွဲတွင် တပါတီ အာဏာရှင် စနစ် မပေါ်ထွန်းရေး အတွက် PR စနစ် ကျင့်သုံးသင့်ပြီး ကြံ့ခိုင်ရေးပါတီက PR စနစ်ကို ထောက်ခံနိုင်မည့် အခြေအနေများ ရှိ နေကြောင်း ဧရာဝတီသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ လတ်တလော မြန်မာ့နိုင်ငံရေး အခြေအနေများအရ PR စနစ် မကျင့်သုံးသင့်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုး မဟာမိတ်အဖွဲ့ (UNA) မှ ခေါင်းဆောင်များနှင့် ဇွန်လ ၁၈ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုသွားသည်။