ရှမ်းပြည်နယ် တောင်ကြီးမြို့ရှှိ ပထမတန်းကျောင်းသူ တဦးအား ပြင်းထန်စွာ ရိုက်နှက်သည့် အုပ်ထိန်းသူကို လူမှု ဝန်ထမ်း ဦးစီးဌာနက အရွယ်မရောက်သေးသူ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုဖြင့် မြို့နယ်တရားရုံးတွင် အမှုဖွင့်ထားကြောင်း သတင်း ရရှိသည်။
တောင်ကြီးမြို့အမှတ် ၁ ရဲစခန်းမှ တာဝန်ကျ စခန်းမှူးက“ကျနော်တို့က စစ်ဆေးတဲ့ အဆင့် မရှိပါဘူး။ ဒါက ရဲအရေး မပိုင်တဲ့ ဥပဒေပါ။ ကလေးသူငယ် ဥပဒေဆိုတော့ လူမှုဝန်ထမ်း ဦးစီးဌာနက တရားရုံးကို ဦးတိုက်လျှောက်ထားတာပါ”ဟု ဧရာဝတီကို ပြောသည်။
တောင်ကြီးမြို့ရှိ မြို့ပေါ်ရှိ ကျောင်းပေါင်း ၄၉ ကျောင်းကို နှစ်စဉ် ကျန်းမာရေး ဆေးစစ်မှုလုပ်ငန်း ဆောင်ရွက်လေ့ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ် ၁၅ အခြေခံပညာ မူလတန်းလွန် ကျောင်းတွင် ပထမတန်း၌ တက်ရောက်သင်ကြားနေသူ အသက် ၅ နှစ်ဝန်းကျင်ရှိ မသက်ထားခင်အား ခန္ဓာကိုယ်တွင် ပေါက်ပြဲပွန်းရှ ဒဏ်ရာများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျောင်းကျန်းမာရေး ဆေးစစ်မှုလုပ်ခဲ့သူ ဒေါက်တာ စောထွဋ်ဦး က ဧရာဝတီကို ရှင်းပြသည်။
“ကျနော်တို့ မနေ့က ကလေးကို တွေ့တော့ လူမှုဝန်ထမ်းကို အပ်ထားပေးလိုက်တယ်။ ကလေးကို ကျနော်တို့ မေးကြည့်တော့ ဝါယာကြိုးနဲ့ ရိုက်တယ်လို့ ပြောတယ်လေ။ ကျနော်တို့ဆီက အထက်တန်းသူနာပြုက စ တွေ့တာ”ဟု သူက ဆိုသည်။
မသက်ထားခင်အား ကွယ်လွန်သွားပြီဖြစ်သော ဖခင်၏ အစ်မတော်စပ်သူနှင့် ၎င်း၏သမီး တောင်ကြီး တက္ကသိုလ်တွင် အင်္ဂလိပ်စာ အဓိကဖြင့် ပထမနှစ် တက်ရောက်နေသူတို့က ဝါယာကြိုးဖြင့် ရိုက်နှက်ခြင်းဖြစ်သည်ဟု ကာယကံရှင် မသက်ထားခင် က ပြောကြောင်း ဒဏ်ရာများကို ပထမဆုံး တွေ့ရှိခဲ့သူ ကျောင်းကျန်းမာရေး အဖွဲ့မှ အထက်တန်း သူနာပြု ဒေါ်စောဥမ္မာ က ဧရာဝတီကို ပြောသည်။
“ကလေးကို ကျမက ကြည့်လိုက်တော့ မျက်နှာမှာလည်း ညိုနေတယ်။ ဘာဖြစ်တာလဲလို့ မေးတော့ ဆရာမက သူ့ ကျောကို လှန်ပြတော့ ကျောတပြင်လုံးမှာလည်း မြင်မကောင်းအောင် ဒဏ်ရာတွေနဲ့လေ။ ဘယ်သူက ဘာလို့ လုပ်တာလည်းလို့ ဆိုပြီး ကျမက ကလေးကို ခေါ်ပြီး ဆရာဝန်တွေကို ပြလိုက်တယ်”ဟု သူက ဆိုသည်။
ထို့နောက် ကလေးငယ်၏ အုပ်ထိန်းသူ အဒေါ်အား ခေါ်ယူမေးမြန်းရာတွင် သမီးဖြစ်သူက ရိုက်နှက်ခဲ့ကြောင်း၊ သမီး ဖြစ်သူ အား တက္ကသိုလ် တာဝန်ရှိသူက မေးမြန်းရာ၌ အင်္ဂလိပ်စာ သင်ပေးရာတွင် မလိုက်နာ၍ ၂ ချက်သာ ရိုက်ခဲ့သည်ဟု ထွက် ဆို ကြောင်း၊ သို့ဖြစ်၍ ကလေးငယ်၏ အုပ်ထိန်းသူအား ထပ်မံမေးမြန်းရာတွင် ပိုက်ဆံ ၅ ထောင် ကျပ်တန် ၂ ရွက်ခိုး၍ ဆုံးမခြင်း ဖြစ်သည်ဟု ဖြေကြားကြောင်း ဒေါ်စောဥမ္မာက ဆက်ပြောသည်။
“ကလေးကို ကျမ မေးတော့ ကြီးကြီးက ပိုရိုက်တယ်လို့ ကလေးက ဖြေပါတယ်၊ သူတို့အကြောင်းပြချက်တွေက တယောက် နဲ့ တယောက် မတူဘူးလေ”ဟု ဒေါ်စောဥမ္မာက ပြောဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ လူမှုဝန်ထမ်းသို့ အကြောင်းကြားသည့်အတွက် ဒဏ်ရာနှင့် ကလေးငယ်ကို ပြသရာတွင် ဦးစီး အရာရှိ နှင့် အဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေး တာဝန်ရှိသူများပါ ကလေးငယ်အား လာရောက် ကြည့်ရှုခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
“လူမှုဝန်ထမ်းအရာရှိက ကလေးကို တွေ့လိုက်တော့ ကျနော်တရားစွဲမယ်တဲ့။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ အရွယ် မရောက်သူ ကလေးကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားစွဲမယ်တဲ့။ ဒါနဲ့ ရဲ စခန်းကို ဖုန်းဆက်တော့ အကုန် ရောက်လာကြတယ်” ဟု ဒေါ်စောဥမ္မာက ပြောပြသည်။
ယခုအခါ အဆိုပါ ကလေးငယ်သည် ဒဏ်ရာများရှိသော်လည်း ကျောင်းတက်နေကြောင်း၊ လူမှု ဝန်ထမ်း ဦးစီးဌာနမှ တဆင့် တောင်ကြီးမြို့ရှိ ပရဟိတ ဂေဟာတွင် ယာယီ ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။
ထိုမှတဆင့် ရန်ကုန်၊ မန္တလေး မြို့များရှိ အမျိုးသမီး ဂေဟာများသို့ ဆက်လက် ပို့ဆောင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများက စဉ်းစားနေကြကြောင်းလည်း သိရသည်။