ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် မူဆယ်ခရိုင် တရားရုံးအချုပ်မှ ထွက်ပြေးခဲ့သည့် လူသတ် တရားခံတဦးကို ဇွန် ၁၇ ရက်နေ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့၏ အကူအညီဖြင့် ပြန်လည်ဖမ်းဆီးမိခဲ့ သော်လည်း အဓိကတရားခံကို ဖမ်းမမိသေးကြောင်း သိရသည်။
တရုတ်နိုင်ငံ လုံချွမ်ခရိုင်ရဲတပ်ဖွဲ့မှ မစ္စတာ ရန်လီပင်းနှင့် အဖွဲ့သည် တရားခံ ၃ ဦးအနက် ပြစ်မှုပုဒ်မ ၃၀၂/ ၃၂၆ ဖြင့် တရားစွဲ ခံထားရသော ထွက်ပြေး တရားခံ အိုက်ဆမ်ကို တရုတ်ပြည် တောင်ယာတဲ တတဲတွင် ဖွက်ပေးထားသည့် ၎င်း၏ အစ်ကို ဖြစ်သူ အိုက်ရီနှင့်အတူ ဖမ်းမိခဲ့ပြီး မူဆယ်မြို့ နှစ်နိုင်ငံ နယ်စပ်ထွက်ပေါက် ၁နန်းတော်ဂိတ်တွင် မူဆယ်ခရိုင် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း မူဆယ်မြို့ ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်မှူး တဦးက ဧရာဝတီသို့ ပြောသည်။
“ထွက်ပြေး လူသတ်တရားခံ ၃ ဦးထဲက ၁ ဦးကိုပဲ ဖမ်းမိပါသေးတယ်။ တရုတ်ပြည်က ရဲတွေရဲ့ အကူအညီနဲ့ ဖမ်းမိတာပါ။ ထွက်ပြေး တရားခံကို လက်ခံထားတဲ့ သူ့အစ်ကိုကိုလည်း အခု ဖမ်းထားပါတယ်။ ကျန်တဲ့ တရားခံတွေကို လိုက်လံ ဖမ်းဆီးမှုတွေ လုပ်နေပါတယ်” ဟု တာဝန်မှူးက ဆိုသည်။
ထိုဖြစ်စဉ်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တွင် လူသတ်မှု ဖြစ်ခဲ့၍ ဖမ်းဆီးခံခဲ့ရသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပန်းဆေး ပြည့်သူ့စစ် ခေါင်းဆောင်) ပန်းဆေး ဦးကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေး အပါအဝင် ၅ ဦးအား တရားရုံး အချုပ်တွင် ရုံးထုတ်ရန် စီစဉ်နေစဉ် ရဲများကို အမှုဖြစ်နေသူ ၅ ဦးက တွန်းတိုက် ထွက်ပြေးသဖြင့် ရဲက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တရားခံ ၂ ဦးနှင့် ရဲတပ်သား တဦး ထိမှန်သွားကြောင်း၊ သေနတ် ကျည်ဆံ ထိမှန်ခဲ့သည့် ရဲတပ်သားမှာ သေဆုံးသွားခဲ့ပြီး လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရသည်။
“ထွက်ပြေးသွားတဲ့ သူထဲက ပန်းဆေးဦးကျော်မြင့်ရဲ့တူ လီဖန်က ခေါင်းဆောင်ဆိုတော့ သူ့ကို အဓိက ဖမ်းပြီး အရေးယူ ခိုင်းစေချင်တယ်။ အခုလည်း မိတဲ့ တရားခံကို လားရှိုး မြို့ ပြည်နယ် တရားရုံးကို ပြောင်းထားတယ်လို့ ကြားရတယ်။ ပြောင်းရင်တော့ ဒေသခံတွေအနေနဲ့ တရားရုံးကို လိုက်ကြည့်လို့ မရတော့ဘူး” ဟု မူဆယ်မြို့တွင်နေထိုင်သည့် စိုင်းအိုက်က ဧရာဝတီသို့ ပြောသည်။
မူဆယ်မြို့သည့် တရုတ်နိုင်ငံ နယ်စပ်ဒေသမြို့ဖြစ်သည့် အတွက် ဒုစရိုက်သမားများ တဘက်နိုင်ငံသို့ အလွယ်အကူ ထွက်ပြေး တိမ်းရှောင်နိုင်သည့် နေရာဖြစ်သည့် အတွက် နှစ်နိုင်ငံ ရဲတပ်ဖွဲ့များ ပူးပေါင်းကာ ဆောင်ရွက်နေရကြောင်း၊ ထိုသို့ ဆောင်ရွက် မှသာလျှင် ဒုစရိုက်သမားများကို အလွယ်တကူ ဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း၊ ဆက်လက် ကျန်ရှိနေသေးသည့် ထွက်ပြေး တရားခံ နှစ်ဦးကို အမြန်ရှာဖွေ ပေးစေလိုကြောင်း စိုင်းအိုက်က ဆိုသည်။
“လူသတ်တရားခံတွေ တရားရုံးကနေ ထွက်ပြေးတိမ်းရှောင်တာ တခါမှမကြုံဖူးဘူး။ ဒါပထမဆုံး အကြိမ်ပဲ။ သူတို့ ကိုတော့ ပြည်နယ်တရားရုံး ပြောင်းရွှေ့စစ်ဖို့ လုပ်နေပါပြီ။ မူဆယ်မြို့က လုံခြုံရေး အင်အားမကောင်းလို့ ပြောင်းလိုက်တာပါ” ဟု မူဆယ်မြို့ ခရိုင်တရားရုံး ရှေ့နေတဦးက ဧရာဝတီသို့ ပြောသည်။
ထွက်ပြေးရာမှ ဖမ်းမိသည့် လူသတ်တရားခံများကို လားရှိုးပြည်နယ် တရားရုံးသို့ ပြောင်းရွှေ့ထားကာ လားရှိုး ရှေ့နေများဖြင့် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် သေနတ် ထိမှန်ထားသည့် တရားခံ ၂ ဦးလည်း လားရှိုးမြို့ ပြည်နယ် ရဲစခန်းတွင် ရောက်ရှိနေကြကြောင်း အဆိုပါရှေ့နေက ဆိုသည်။
“ပန်းဆေး ဦးကျော်မြင့်ရဲ့တူ လီဖန်ကို အမြန်ဆုံး ဖမ်းဆီးဖို့နဲ့ ပြစ်ဒဏ် အမြန်ချဖို့ လိုအပ်ပါတယ်။ လီဖန် မမိသေးတာ စဉ်းစားစရာ ဖြစ်နေတယ်။ သူ့ကို အဓိက ဖမ်းဖို့ လိုအပ်မယ်လို့ ထင်ပါတယ်” ဟု နမ့်ခမ်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသား တဦးက ပြောသည်။
ဖေဖော်ဝါရီ ၆ ရက်နေ့က ရှမ်းပြည်နယ်နေ့ ပွဲဈေးတန်းတွင် နမ့်ခမ်းဒေသခံ ငွေနဂါး သောက်ရေသန့် ပိုင်ရှင်၏သား၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရှမ်းပြည် အစိုးရ သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဦးအိုက်ပေါင်း၏မြေး စိုင်းအိုက်လိန်နှင့် အဖွဲ့အား ပန်းဆေး ဦးကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အဖွဲ့က ဓားဖြင့် ဝင်ခုတ်ရာမှ စိုင်းအိုက်လိန် သေဆုံးပြီး ၎င်း၏ သူငယ်ချင်းဖြစ်သူ စိုင်းလှိုင်းပန်မှာ ဓားဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း၊ ထို့ကြောင့် လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် ၅ ဦးကို မူဆယ်ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။
လူသတ် တရားခံများကို မတ်လဆန်းပိုင်တွင် နမ့်ခမ်းမြို့နယ် ရဲစခန်းမှ မူဆယ်ခရိုင် ရုံးသို့လွှဲပြောင်း လိုက်ကြောင်း၊ တရားခံ ဘက်က လားရှိုးမြို့မှ ရှေ့နေ တဦးအား ငှားရမ်းထားပြီး မူဆယ် ခရိုင်တရားရုံးသို့ ရုံးထုတ်စဉ် တရားခံ ၃ ဦးလွတ်မြောက်ခဲ့ပြီး အဓိက တရားခံအပါအဝင် ၂ ဦးကို မမိသေးကြောင်း သိရသည်။