မလေးရှားနိုင်ငံမှ ပြန်လိုသည့် မြန်မာနိုင်ငံသားများ အထောက်အထားလက်မှတ် လုပ်ရာတွင် ကြန့်ကြာမှု အခက်အခဲများ ရှိနေ ကြောင်း သိရသည်။
ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၌ အထောက်အထား စာရွက်စာတမ်းများ လျှောက်ထားရာတွင် သံရုံးမှ မြန်ဆန်စွာဆောင်ရွက် ပေးမှု မရှိခြင်း၊ ပွဲစားများက ငွေကြေးတောင်းခံနေခြင်း စသည်တို့နှင့်ကြုံတွေ့နေရကြောင်း မလေးရောက် မြန်မာနိုင်ငံ သား များက ဧရာဝတီ ကို ပြောပြသည်။
“သံရုံးမှာ တန်းစီသူတွေက ရာချီရှိပေမယ့် လုပ်ပေးတာက တရက် ၄၀ ပဲရှိတယ်၊ ပွဲစားတွေက ထပ်ရှိလာတော့ ငွေပေးပြီး ပွဲ စားနဲ့လုပ်သူက အရင်ရသွားတယ်၊ တန်းစီနေသူတွေက မရဘူး၊ ဝန်ကြီး အဖွဲ့လာတဲ့ ရက်ပိုင်းလောက်ပဲ သံရုံးက ဂရုတစိုက် လုပ် ပေးခဲ့တယ်”လို့ မလေးရှားရှိ မြန်မာနိုင်ငံသား တဦးက ပြောသည်။
အိမ်အမြန်ပြန်နိုင်ရေးအတွက် အထောက်အထား လက်မှတ်ကို ပွဲစားများဖြင့် လုပ်မည်ဆိုပါက မလေးရှား ရင်းဂစ်ငွေ ၁၅၀၀ မှ ၂၀၀၀ အထိ ပေးရကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မိမိနိုင်ငံ ပြန်လိုသူများ၏ အထောက်အထားလက်မှတ်ကို နေ့ချင်းပြီးဆောင်ရွက်ပေးနေကြောင်း၊ အခက်အခဲများကြောင့် အိမ်ပြန်သူများထံမှ လဘ်ပေးလာဘ်ယူမှု တစုံတရာမရှိစေရန် သံရုံးဝန်ထမ်းများကို ညွှန်ကြားထားသည်ဟု မလေးရှားနိုင်ငံ ဆိုင် ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က ပြောဆိုကြောင်း Weekly Eleven အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။
သို့သော် ရက်ပိုင်းအတွင်းပြန်လိုသူတချို့ သံရုံးသို့သွား၍ အထောက်အထား လက်မှတ်လျှောက်ထားရာ ၃ လ အကြာတွင် ပြန်လာ ရန် သံရုံးတာဝန်ရှိသူများက ရက်ချိန်းပေးသည်ဟု မလေးရောက် မြန်မာများက ပြောပြသည်။
မြန်မာနိုင်ငံသားများအား အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခံရမှုများ ဖြစ်ပေါ်ပြီးနောက် မိမိနိုင်ငံ ပြန်လိုသူများကို ရက်ပိုင်း အတွင်း ပြန်နိုင်ရန် မြန်မာအစိုးရ နှင့် မလေးရှား အစိုးရတို့ ညှိနှိုင်းမှုဖြင့် လုပ်ဆောင်ပေးနေခြင်း ဖြစ်သော်လည်း အချိန် ၃ လ စောင့်ဆိုင်းရခြင်းသည် မလေးရှားနိုင်ငံ၏ ဥပဒေအရ လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
မြန်မာများ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးရန် မြန်မာနိုင်ငံခြားရေး ဒု ဝန်ကြီး ဦးဇင်ယော် ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့ ဇွန်လဆန်းတွင် မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး နောက်ပိုင်း MAI လေကြောင်းလိုင်းဖြင့် မြန်မာ နိုင်ငံသို့ ၉၄ ဦး ပထမဆုံး ရောက်ရှိလာကြောင်း ဇွန်လ ၁၆ ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
မြန်မာအစိုးရ အာဏာပိုင်များက မလေးရှားရှိ မြန်မာများ လုံခြုံဘေးကင်းစွာ အလုပ်လုပ်နိုင်ရေးအတွက် သံရုံးမှ တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ အိမ်ပြန်လိုသူများကိုလည်း အလွယ်တကူ ပြန်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးနေကြောင်း သတင်းစာများက ဖော်ပြသည်။
သို့သော် အစိုးရ အကူအညီ အစီအစဉ်များ မပြုလုပ်ခင် မြန်မာနိုင်ငံမှ ပုဂ္ဂလိက လုပ်ငန်းရှင်များ ဖြစ်သော မက်စ်မြန်မာ ဦးဇော်ဇော်၊ ကမ္ဘောဇ ဘဏ်နှင့်လေကြောင်းလိုင်းမှ ဦးအောင်ကိုဝင်း၊ ထူးကုမ္ပဏီ အာရှစိမ်းလမ်းမှု ဖွံ့ဖြိုးရေး ဘဏ်နှင့် အဲပုဂံ လေကြောင်းလိုင်းမှ ဦးတေဇ ၊ Eleven Media Group တို့မှ ငွေကြေးနှင့် နေရပ် ပြန်နိုင်ရေး အတွက် အကူအညီများ ပေးရေး ကြိုးပမ်းခဲ့ကြသည်။
မြန်မာနိုင်ငံသားများအား အကြမ်းဖက်မှုစတင်ခဲ့သည့် ဆာလာရမ်း အရပ်ဒေသမှအပ တခြားဒေသများရှိ မြန်မာနိုင်ငံသားများ မှာ ပုံမှန် အလုပ်လုပ်နေကြပြီ ဖြစ်ကြောင်း၊ ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများ နည်းပါးသွားကြောင်း ကပုန်းနာရေး ကူညီ မှု အသင်းမှ ကိုဝင်းအောင် က ဧရာဝတီ ကို ပြောပြသည်။
ဆာလာရမ်း အရပ်ဒေသသည် လုံခြုံမှု မရှိသေးသဖြင့် မြန်မာနိုင်ငံသားများ မသွားသင့်သော နေရာအဖြစ် ယာယီသတ်မှတ် ပေးရန်အတွက် မြန်မာအာဏာပိုင်များက တောင်းဆိုထားကြောင်း သိရသည်။
ဆာလာရမ်းနှင့်နေရာတချို့တွင် တိုက်ခိုက် ခံ ရမှုကြောင့် မြန်မာနိုင်ငံသား ၅ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိကြောင်း၊ လူနာတချို့မှာ ဆေးရုံ၌ ဆေးကုသမှုခံယူ နေရဆဲ ဖြစ်ကြောင်း ကိုဝင်းအောင် က ဆက်ပြောသည်။
မလေးရှားနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ၃ သိန်းခန့်နှင့် တရားမဝင် ၁ သိန်းခန့် ရှိကြောင်း၊ ထို့အပြင် နိုင်ငံရေးခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရရှိရန် ရောက်လာသူ ရာနှင့်ချီ၍ ရှိကြောင်း မြန်မာ သံရုံး တာဝန်ရှိသူများက မီဒီယာများကို ပြောဆိုထားသည်။
မလေးရှားရောက် မြန်မာများ အရေးနှင့် ပတ်သက်၍ နောက်ဆုံးဖြစ်စဉ်များကို မေးမြန်းရန် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့ ဧရာဝတီ က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။