ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးများ ဘာသာခြား အမျိုးသားတဦးနှင့် လက်ထပ်မည်ဆိုပါက ထိုဘာသာခြား အမျိုးသားသည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းရမည် ဆိုတာကို ဥပဒေအဖြစ် ပြဌာန်းဖို့ ဘုန်းတော်ကြီးတချို့စသည့်အမှု ယခု ရွာပတ်ပြီး အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများ၏ ကန့်ကွက်ဆန့်ကျင်မှုနှင့် ကြုံပြီဖြစ်သည်။
၁။ ဒီအဆိုကိုပြန်ကြည့်ပြီး သုံးသပ်လိုက်တဲ့အခါ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးများကို ကာကွယ်ပေးဖို့ဟု ရည်စူးထားဟန် တူသော်လည်း လက်တွေ့တွင် အမျိုးသမီးများအား ချုပ်ချယ်ကန့် သတ်ထားသော လူ့အခွင့်အရေးကို သွယ်ဝိုက်၍ ချိုးဖောက်ထားသော အဆိုဖြစ်နေသည်။ ဆိုလိုတာကတော့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ သူတို့နှစ်သက် သဘောကျသည့် အိမ်ထောင်ဖက်နှင့် ထိမ်းမြားရန် ကန့်သတ်ထားသည့် အဆိုဖြစ်နေသည်။
မွတ်စလင်ဘာသာဝင် အမျိုးသားများနှင့် ဗုဒ္ဓဘာသာဝင် အမျီုးသမီးများ လက်ထပ်မှာကို စိုးရိမ်ပြီး ဒီအဆိုကို ဆွေးနွေးခဲ့ကြသည်လို့ မြင်သည်။ ဘာသာခြားနှင့် အိမ်ထောင်ပြုသည့် ကိစ္စဟုဆိုထားသဖြင့် ပြောရမည်ဆိုလျှင် ဤအဆိုသည် ဥပဒေတခုဖြစ်သွားပါက အစ္စလမ် ဘာသာဝင်သာမက ခရစ်ယန်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်သူ၊ ရေဝတီဘာသာ အစရှိသော ဘာသာဝင်အမျိုးသားများ အတွက်ပါ အကြုံးဝင်သွားမည်ဖြစ်သည်။
ဒီအဆိုကို ဥပဒေတခုဖြစ်လာအောင် ဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်သလား ဆိုတာ ပြန်ကြည့်ဖို့လို လာသည်။ ဆိုလိုသည် ကတော့ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ မြန်မာပြည်တွင်းတွင် ဘာသာခြား အမျိုးသားများနှင့် လပ်ထပ်ထိမ်းမြားနေတဲ့ ရာခိုင်နှုန်း စိုးရိမ်ကြောင့်ကျဖွယ် တိုးတက်များပြား လာနေ၍လော။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ မွတ်စလင်တွေနဲ့ ယူနေသည်မှာ သန်းဂဏန်းအထိ ရောက် ရှိနေ၍လော။
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ မြန်မာနိုင်ငံသား မွတ်စလင်များနှင့် လက်ထပ် ထိမ်းမြားမှု အနည်းအကျဉ်း ရှိနိုင်သော်လည်း များသထက်များလာတယ်လို့ မကြားမိပါ။ အမျိုးသမီးထုကို အထင်အမြင်သေးသည့် အမြင်ကနေ ပေါ်ပေါက်လာသည်ဟု ပြောလိုသည်။ မိန်းမဆိုတာ နှာခေါင်းမပါရင် ဟိုဟာတောင် စားမယ်ဟု အထင်ရောက်နေ သည့် ယောက်ျားကြီးဝါဒ ကနေ ပေါက်ဖွား လာတာဟု ဆိုပါရစေ။ အမျိုးသမီး များကို အထင်အမြင် မသေးသင့်ပါ။ အမျိုးသားတွေလည်း မိခင်ဆိုသော အမျိုးသမီးများ၏ ဝမ်းကြာတိုက်မှ မွေးဖွားပေး လိုက်၍ လူဖြစ်လာကြသည် မဟုတ်လော။
၂။ ဒီအဆိုဟာ ယခုဖြစ်နေသော နိုင်ငံရေးဖြစ်စဉ်များကို လမ်းလွှဲရန် ရည်စူးသည်ဟု မြင်သည်။ မြန်မာနိုင်ငံကို ဂုတ်ခွစီးပြီး အမြတ်ထုတ်နေတာ မြန်မာနိုင်ငံသား မွတ်စလင်များမဟုတ်ပါ။ ဦးပိုင်နှင့် ပေါင်းစားနေသော တရုတ်ကုမ္ပဏီများသာ ဖြစ်သည်ကို မမေ့သင့်။ စစ်တပ်လူတန်းစားနှင့် တရုတ်တို့သာ အမြတ်ထွက်နေသည်ကို ဘာကြောင့် မေ့ထားကြသနည်း။ ဥပမာတခုပြောမည်ဆိုလျှင် ယခုအချိန် မန္တလေးကို စီးပွားရေး လူမျိုးရေးအရ စီးထားသည်မှာ နောက်ဝင်လာသော မြန်မာစကား မတတ်သည့် တရုတ်များသာဖြစ်သည်။ မြန်မာနိုင်ငံသား မဟုတ်တဲ့ တရုတ်တွေ ငွေပေး၍ မြန်မာမှတ်ပုံ တင်ကိုင်ထားသည့် ကိစ္စကိုတော့ ဘာကြောင့် အခုအထိ မပြောကြသေးသနည်း။ အခုတော့ မှတ်ပုံတင်ကို ကိုင်ရုံမဟုတ် မြေတွေယာတွေပါ တစတစ သူတို့ဝယ်ယူပိုင်ဆိုင် ထားသည်မှာ မနည်းတော့။
မြစ်ဆုံကိစ္စ၊ လက်ပံတောင်းကိစ္စ၊ လယ်မြေယာမြေ သိမ်းသည့်ကိစ္စ၊ ရခိုင်က ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်လိုသည့် ကိစ္စ အစရှိသော များပြားလှသည့် ကိစ္စရပ်များအပေါ် လူတွေ အာရုံ မရောက်စေရန် လမ်းလွှဲသော လုပ်ရပ်ဟု ထပ်ပြောလိုသည်။ ကုလားမုန်းတီးရေး မွတ်စလင်မုန်းတီးရေး လုပ်နေကြသည်။ လူမျိုးရေး သွေးထိုးသည်မဟုတ် သို့သော် ကိုယ့်တိုင်းပြည်ကို ကြေမွအောင် သမနေသည့် တရုတ်ကုမ္ပဏီနှင့် နိုင်ငံသားအတု တရုတ်မုန်းတီးရေးကိုတော့ ဘာကြောင့် မလုပ်ကြသလဲဟု မေးခွန်းမေးစရာ ဖြစ်လာသည်။ မွတ်စလင်မုန်းတီးရေးကို ဦးပိုင်နှင့် တရုတ်ကုမ္ပဏီများက နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့ နေသလားဟုပင် ထင်ရသည်။
သမ္မတအကြံပေးဆိုသူများတွေလည်း ဒါမျိုးတွေနဲ့ ပတ်သက်ပြီး ထောက်ပြပြောဆိုခြင်း မရှိကြ၊ နှုတ်ဆိတ်နေကြသည်။ အလားတူပင် နိုင်ငံရေးသမားများလည်း ပါးစပ်ပိတ်နေကြသည်။ မီဒီယာများလည်း ကြားနေနေကြသည်။ အကျဉ်းသားဟောင်း သူရဲကောင်းများလည်း အာစေးမိနေကြသည်။ နည်းနည်းဝင်ပြောမိသည့် ဒေါ်စုလည်း ထောင်ချောက်ကို မြင်လို့လားမသိ ကိုယ်ရှိန်သတ်သွားသည်။ ဒီကြားထဲ ကုလားနဲ့ ပေးစားခံလိုက်ရသေးသည်။ မွတ်စလင်မုန်းတီးရေး လှုပ်ရှားမှုများသည့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် တဖြည်းဖြည်းနှင့် လက်နက်တခုသဖွယ် ဖြစ်လာသည်။ လူ့အခွင့်အရေးဟု မွတ်စလင်များဘက်မှ ပြောမိသူနိုင်ငံရေးသမားသည် ရွေးကောက်ပွဲတွင် မဲရှုံးနိုင်သည့်ကိန်း ဆိုက်နေသည်။
၃။ ရိုးရာအင်စတီကျူးရှင်းများကို အလွဲသုံးစားလုပ်သည်ဟုလည်း မြင်သည်။ မြန်မာပြည်တွင် ရိုးရာအရ အင်အားကောင်းသော အင်စတီကျူးရှင်း (အဖွဲ့အစည်း) နှစ်ရပ်သာ ရှိသည်။ အဲဒါကတော့ စစ်တပ်နဲ့ ဗုဒ္ဓဘာသာ သံဃာတော်များ ဖြစ်သည်။ လူအနေနဲ့ ရှစ်တန်းပင် မအောင်သောသူများက မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် လက်ထပ်ထိမ်းမြားရေး ဥပေဒေပြုလုပ်လိုသည်ဆိုလျင် ဘယ်သူကမှ အရေးစိုက်မည်မဟုတ်။ ပညာရှင် အတော်များများက ပြောလာသည်ဆိုပါက အနည်းနဲ့အများ လူတွေက စိတ်ဝင်စားနိုင်သေးသည်။ အခုဖြစ်နေတာက လူတွေက ကြောက်နေရသော စစ်တပ်က ၂ဝဝ၈ ဖွဲ့စည်းပုံကို တဖက်သတ် ရေးခဲ့၍ အတည်ပြုခဲ့သည်။ အခုတခါ လူတွေကြည်ညိုသော သံဃာတော် ဆရာတော် တချို့က လက်ထပ်ထိမ်းမြှားရေး ဥပေဒသစ်တခုကို ဖန်တီးဖို့ ကြိုးစားနေသည်။ ဒါဟာ မိမိတည်မှီနေတဲ့ အင်စတီးကျူးရှင်းကို နောက်ခံထားပြီး အလွဲသုံးစားလုပ်တာပင်ဖြစ်သည်။
လက်ထပ်ထိမ်းမြားရေးနှင့် ပတ်သက်၍ ဥပဒေအသစ် လိုအပ်ပါက တိုင်းသူပြည်သား လူအများက နိုင်ငံရေးအရ တခဲနက် တောင်းဆိုလာလိမ့်မည်။ အခုဖြစ်နေသည်က လူတွေနားမလည်၍ သံဃာတော်များက ဦးဆောင်ပေးနေရသည်ဆိုတဲ့ ပုံစံမျိုးကို သွားနေသည်။ လက်ပံတောင်းလို အရေးအခင်းမှာ နစ်နာနေတဲ့ လယ်သမားတွေနဲ့ အတူရပ်ခံခဲ့တဲ့ သံဃာတော်များကို အထူးလေးစားသည်။ ဒါပေမယ့် တချိန်ထဲမှာလည်း အီရန်က သြဇာအာဏာ ကြီးမားသော ဘာသာရေးခေါင်းဆောင်များကို အားကျနေသော မြန်မာဗုဒ္ဓဘာသာ သံဃာတော်များ ရှိနေသလောဟု အတွေးရောက်မိသည်။ ဗုဒ္ဓဘာသာ အမျိုးသမီးသည် ဗုဒ္ဓဘာသာ အမျိုးသားနှင့်သာ လက်ထပ်ရမည်၊ အမျိုးသားဖက်က ဘာသာ ခြားဆိုပါက ဗုဒ္ဓဘာသာသို့ ကူးပြောင်းရမည်ဟု ဆိုသည်ကို ဥပဒေပြုမည်ဟု ကြိုးစားလာသည်။ ဤသည်မှာ လူတဦးကို ကန့်သတ်ချုပ်ချယ်ထားသလို နောက်လူတဦး ကိုလည်း ၎င်း၏ယုံကြည်သက်ဝင်မှုကို စွန့်လွှတ်ရမည်ဟု ဆိုခြင်းပင်ဖြစ်သည်။ တရားပါသလော။
၄။ ဒီကိစ္စဟာ ဒီမှာရပ်နေမည်မဟုတ်။ ဥပဒေပြုတာက အတည်ဖြစ်သွားရင် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအတွက် တသက်တာ စိတ်ချသွားရပြီလို့ ဆိုနိုင်သလား။ ဥပမာ မွတ်စလင်ကိုးကွယ်သူ အမျိုးသားတဦးက ဗုဒ္ဓဘာသာ အမျိုးသမီးတဦးနဲ့ ချစ်ကြိုက်လို့ အိမ်ထောင်မပြုခင် မွတ်စလင်ထဲကထွက် ဗုဒ္ဓဘာသာ ကူးပြောင်းတယ်ဆိုပါစို့။ အဲဒီသူဟာ တချိန်က မွတ်စလင်ဖြစ်ခဲ့တာမို့ မွတ်စလင်ရပ်ကွက်တွေကို ရိုးရိုးသားသား အလည်အပတ် သွားတာမျိုး ရှိနိုင်သည်။ ဗလီမှာ မိတ်ဆွေတွေ သူငယ်ချင်း တွေနဲ့ သွားစကားပြောမျိုး ရှိချင်ရှိလိမ့်မည်။ အဲသလို အခါမျိုးမှာ ဒီလူဟာ ဗုဒ္ဓဘာသာကို တကယ်မယုံကြည်ဘဲ အိမ်ထောင်ပြုဖို့ အတွက်သာ ဘာသာပြောင်းချင်ယောင်ဆောင်ထားတယ်လို့ ရုံးတင်စွပ်စွဲပြီး ထောင်ချမလား။ တခါက မွတ်စလင် ဖြစ်ခဲ့တာမို့ အရင်ကလည်း ဝက်သားမစားဘူး၊ အခုလည်း မစားဘူး။ သို့သော် ဗုဒ္ဓဘာသာ ကူးပြောင်းတာ စစ်စစ်မှန်မှန် ဖြစ်ကြောင်း ပြသဖို့ လူတွေရှေ့မှာ ဝက်သားစားပြရမှာလား။ ဝက်သားစားမပြရင် ဒီလူဟာ တကယ် ဗုဒ္ဓဘာသာမဟုတ်သေးဘူးလို့ စွပ်စွဲပြီး လိမ်လည်မှုနဲ့ ထောင်ချမလား။ မုတ်ဆိပ်မွှေး မရိပ်ဘဲ ဆက်ထားရင် ဒါဟာ မွတ်စလင်ဖြစ်နေသေးကြောင်း သက်သေ ဖြစ်တယ်လို့ စွပ်စွဲခံရပြီး ရုံးရောက် ဂါတ်ရောက် ဖြစ်ဦးမလား။
ဒီဥပဒေ အတည်ဖြစ်သွားခဲ့ရင် နောက်ဆက်တွဲ ဖြစ်လာနိုင်တာတွေ ပြောလိုသည်။ ခရစ်ယာန်များတဲ့ ပြည်နယ်ကလည်း ခရစ်ယာန်အမျိုးသမီးများ အကာအကွယ်ရရှိဖို့ ဥပဒေပြုပေးဖို့ တောင်းဆိုလာနိုင်သည်။ ရှမ်းပြည်မှာလည်း ဗုဒ္ဓဘာသာဝင် အများစုဖြစ်ပေမယ့် ရှမ်းလူမျိုးရဲ့ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုတွေ မတိမ်ကောစေဖို့ ရှမ်းပြည်နယ် ဒေသအတွင်း ရှမ်းအမျိုးသမီးတွေ တခြားတိုင်းရင်းသား လူမျိုးတမျိုးမျိုးနှင့် လက်ထပ်ခွင့်မရှိ ဆိုတဲ့ ဥပဒေမျိုးလည်း ပေါ်လာနိုင်သေးသည်။ တခါ ရှမ်းပြည်အတွင်း မြန်မာအမျိုးသားတဦး ရှမ်းအမျိုးသမီးတဦးနှင့် လက်ထပ်ထိမ်းမြားလိုပါက ဗုဒ္ဓဘာသာခြင်း တူတာမှန်ပေမယ့် လူမျိုးမတူ တာကြောင့် မြန်မာအမျိုးသားဟာ ရှမ်းစကား ရှမ်းစာပေ တတ်အောင်သင်ပြီးမှာ လက်ထပ်ခွင့်ရှိမယ်လို့ ဥပေဒ ပြဌာန်းထားရင်ကော မြန်မာတွေဖက်က ဘယ်လိုမြင်မလဲ။
၅။ ကယ်တင်ပုံကယ်တင်နည်း မမှန်ဟုလည်း မြင်သည်။ လူတွေဟာ ဆင်းရဲတွင်းထဲမှာ နက်သထက်နက်အောင် နေလာရရင် မထူးဇာတ်ခင်းလေ့ရှိတဲ သဘာဝ ရှိသည်။ သူခိုး ဂျပိုးတွေ များလာသလို ပြည့်တန်ဆာဖြစ်တာတွေလည်း များလာလေ့ရှိသည်။ ဘဝထွက်ပေါက်အတွက် ပိုက်ဆံရှိသော ချမ်းသာသော ဘာသာခြားနှင့်လည်း (မွတ်စလင်ဖြစ်ဖြစ် ၊ ခရစ်ယာန်ဖြစ်ဖြစ်) ယူကောင်းယူနိုင်သည်။
ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးတွေ ဘာသာခြားနှင့် အထူးသဖြင့် မွတ်စလင်ဘာသာဝင်များဖြင့် အိမ်ထောင် မပြုစေလိုပါက လူထုအား ဆင်းရဲတွင်းထဲက ဆွဲထုတ်နိုင်အောင် စီးပွားရေးစနစ်ကို ပြုပြင်ပြောင်းလဲရမည်။ ပညာမဲ့ ဘဝ မှနေ၍ ပညာတတ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ရမည်။ ဤသည်သာ မှန်ကန်သော ကယ်တင်မှုဟု ဆိုရပေမည်။ ဥပဒေပြုတာ တခုထဲနဲ့တော့ မကယ်တင်နိုင်ပါဟု ထောက်ပြလိုသည်။ နောက်ဒီလို ဥပဒေမျိုးက အမျိုးသားရေး အစွန်း ရောက်တာမို့ ဒီမိုကရေစီကို ချီတက်နေသော တိုင်းပြည်တခုမှာ ပြုကောင်းသည့် ဥပဒေမျိုးလည်း မဟုတ်ပါ။
နောက်ဆုံးအချက် တိုင်းပြည်နဲ့ နိုင်ငံသားတွေ ဆင်းရဲနေတာ ဘယ်သူ့ကြောင့်လဲ၊ ဘယ်သူတရားခံလဲ ဆိုတာကို မြင်အောင်ကြည့်တတ်ဖို့ လိုတယ်လို့ ပြောလိုသည်။
နောက်တခုကတော့ ခြွင်းချက်ဖြစ်သည်။ ခြွင်းချက်လို့ ဆိုတာက ဘာသာမတူသော်လည်း လူသားတွေ ဖြစ်တာမို့ တဦးနှင့် တဦး မေတ္တာသက်ဝင်ပြီး တအိုးတအိမ် ထူထောင်နိုင်တာမျိုးလည်း ရှိနိုင်သည်။ တဦးနှင့်တဦး မိုင်ပေါင်း ထောင်ချီဝေးသော နေရာမှ လူများ တွေ့ကြဆုံကြ၊ ဆက်ဆံကြ၊ ပေါင်းသင်းကြ ဆိုသည်မှာ ရှေးကပါလာသည့် ပဌာန်းဆက်ကြောင့် ဖြစ်သည် လို့ ဗုဒ္ဓဘာသာမှာ ဆိုထားသည် မဟုတ်လော။