ထိုင်း – မြန်မာ နယ်စပ်ရှိ မဲဆောက်မြို့ရှိ မြန်မာ စာသင်ကျောင်းများတွင် တက်ရောက်ခဲ့သည့် ကလေးငယ် များ ပြည်တွင်းသို့ ပြန်လည် ပြောင်းရွှေ့ရာ တွင် သက်ဆိုင်ရာ စာသင်ကျောင်းတချို့က အသိအမှတ် မပြုခြင်းကြောင့် ကျောင်းဆက်လက် တက်ရောက်နိုင်ရေးတွင် အခက်အခဲ ရှိနေကြောင်း မဲဆောက်မြို့ရှိ ကောင်းကင်ပြာ မူလတန်း ကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်ဇော်ဦးက ဧရာဝတီသို့ ပြောသည်။
“မနှစ်တုန်းက ၅ ယောက် ပြန်သွားတာတော့ ကောင်းကင်ပြာ ကျောင်းထွက်လက်မှတ်နဲ့ ပြန်တက်တာ အဆင်ပြေတယ်။ ဒီနှစ် ပဲခူးတိုင်းထဲမှာ ပြန်ပြီးတက်မယ့် ကလေးတွေကတော့ အခုအချိန်အထိ ကျောင်းမတက်ရသေးဘူး။ ဒီက ထုတ်ပေးလိုက်တဲ့ ကျောင်းထွက် လက်မှတ်ကို မသိဘူးလို့ ပြောတယ်။ မြန်မာပြည်တွင်းက ကျောင်းမဟုတ်လို့ တရားမဝင်ဘူးလို့ ပြောတယ်။ ကလေးတွေရဲ့ တတ်မြောက်မှုကို ကျနော်တို့ အာမခံနိုင်ပါတယ်။ ပြန်စစ်ကြည့်လို့လည်း ရပါတယ်” ဟု အထက်ပါ ကျောင်းအုပ်ကြီးက ရှင်းပြသည်။
သို့ရာတွင် နယ်စပ်တွင် အတန်းတခုအထိ တက်ရောက်သင်ကြားပြီး မြန်မာပြည်တွင်းရှိ မိမိတို့ဒေသတွင် ပြန်လည် ပညာသင်ကြားကြသူများ အနက် ကရင်ပြည်နယ်မှ ကလေးငယ်များကမှု အဆင်ပြေကြောင်း သူက ဆက်ပြောသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေး ဝန်ကြီးဦးမြင့်လှိုင်က “ကရင်ပြည်နယ်က စစ်ဘေးဒဏ်ကို ခံခဲ့ရတဲ့ ဒေသဖြစ်တယ်။ ကရင်တိုင်းရင်းသား ကလေးငယ်တွေဆိုရင် ကိုယ်ပြည်နယ်မှာ ပြန်လက်ခံပေးပါတယ်။ အထူးကိစ္စရပ် တခုအနေနဲ့ ပြန် လက်ခံပေးတာ။ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေ ကိုတော့ ကျနော်တို့လည်း အာမ မခံပေးနိုင်ပါဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၂ – ၁၃ ပညာသင်နှစ်တွင် ထိုင်းနယ်စပ်ရှိ ရွှေ့ပြောင်းမိသားစုများမှ တက္ကသိုလ်ဝင်တန်း တက်နေသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၆ ဦးကို ကရင်ပြည်နယ် အစိုးရ၏ အထူးအစီအစဉ် တရပ်အနေဖြင့် မြဝတီ စာစစ်ဋ္ဌာနတွင် ဝင်ရောက်ဖြေဆိုခွင့် ပေးခဲ့ရာ အောင်မြင်သူ ၈ ဦး ရှိခဲ့ပြီး ၁ ဘာသာဂုဏ်ထူးရရှိသူ ၂ ဦး ပါဝင်ကြောင်း မဲဆောက်မြို့ ဆာသူးလေ အထက်တန်းကျောင်းအုပ်ကြီး နော်ဆာအယ်က ဧရာဝတီသို့ ပြောသည်။
အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်သို့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ ကလေးငယ်များ အနေဖြင့် ထိုင်းနိုင်ငံ၏ စာသင်ကျောင်းများတွင် ဆက်လက် တက်ရောက်နိုင်ခွင့်ရရန် ၁၀ ရာခိုင်နှုန်းခန့်သာရှိပြီး အများစုမှာ မြန်မာပြည်တွင်းသို့သာ ပြန်လည်၍ ပညာဆက်လက် သင်ကြားနိုင်ခြေ ပိုများသဖြင့် စာသင်ကျောင်း အချင်းချင်းချိတ်ဆက်ကာ ပြန်လည် ပညာသင်ကြားခွင့် အလွယ်တကူ ရသင့်ကြောင်း ကောင်းကင်ပြာကျောင်းမှ ကျောင်းအုပ်ကြီးက ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကျောင်းများတွင် ပညာသင်ကြားပြီး ပြည်တွင်းရှိ ကျောင်းများသို့ ပြောင်းရွှေ့သင်ကြားနိုင်ရန်အတွက် မြန်မာရွှေ့ပြောင်း လုပ်သား ပညာရေးကော်မတီ (BMWEC) ကလည်း ကျောင်းပြောင်း လက်မှတ် ထုတ်ပေးရေးကို ကူညီဆောင်ရွက် ပေးလျှက်ရှိကြောင်း ဆာသူးလေကျောင်းအုပ်ကြီး ထံမှ သိရသည်။
“ဒီနှစ် ပြည်တွင်းကို ပြန်ပြောင်းသွားတာ ကျောင်းသား ၁၀၀ ကျော် ရှိပါတယ်။ အားလုံးကတော့ BMWEC က ထုတ်ပေးတဲ့ လက်မှတ်နဲ့ ဖြစ်တဲ့အတွက် အဆင်ပြေကြတယ်။ အဆင်မပြေတဲ့ ကျောင်းရှိရင် ဆက်သွယ်နိုင်ပါတယ်” ဟု နော်ဆာအယ်က ပြောသည်။
ယခုနှစ်တွင် ပြောင်းရွှေ့သွားသည့် ကလေးငယ်များမှာ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့မှ ဖြစ်ကြောင်း သိရသည်။
ဆာသူးလေ အထက်တန်းကျောင်းတွင် ရွှေ့ပြောင်းကလေးငယ်ပေါင်း ၈၁၀ တက်ရောက်လျှက်ရှိပြီး၊ အဓိက အားဖြင့် ကျောင်းသားမိဘ များ၏ ဝိုင်းဝန်းပံ့ပိုးမှုဖြင့် လည်ပတ်နေသည့် အထက်တန်းကျောင်း တကျောင်း ဖြစ်သည်။
ကောင်းကင်ပြာ ကျောင်းသည် မဲဆောက်တမြို့လုံးမှ ထွက်သည့် အမှိုက်များစုပုံရာ နေရာတွင် မှီခိုနေထိုင်ကာ စားဝတ်နေရေး ဖြေရှင်းနေသည့် မြန်မာနိုင်ငံသားများ၏ သားသမီးများကို ပညာသင်ကြား ပေးလျှက်ရှိသော စာသင်ကျောင်း ဖြစ်သည်။
မဲဆောက်မြို့တွင် ကောင်းကင်ပြာ၊ New Wave၊ United Christian (ယူနိုက်တက် ခရစ်ယာန်)၊ ပြည်ချစ်၊ လမ်းသစ်နှင့် Love and Care စသည့် ကျောင်းများအပြင် ရွှေ့ပြောင်းကလေးငယ်များ ပညာသင်ကြားနိုင်ရန် ဖွင့်လှစ်ထားသည့် အခမဲ့ ပညာဒါန စာသင်ကျောင်းများ၊ ပညာရေးအဖွဲ့အစည်းများ ရှိသည်။