နှစ်ပေါင်း ၁၇ နှစ်ကြာ ရပ်နားထားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ဝိဇ္ဇာ-သိပ္ပံ ဘာသာရပ်ဆိုင်ရာ စာသင်တန်းတွေကို လာမယ့် ဒီဇင်ဘာ လ (၂၀၁၃-၂၀၁၄) ပညာသင်နှစ်မှာ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက ကျင်းပတဲ့ “တက္ကသိုလ် ပညာရေးအဖွဲ့များ ကောင်စီ” အစည်းအဝေးကနေ နိုင်ငံတကာ တက္ကသိုလ်တွေလို ပထမနှစ် က စတင်မယ့် ၄ နှစ် သင်ကြားတဲ့ စာသင်တန်း စနစ်ဖြစ်ဖို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
“အထူးပြုစုပျိုးထောင်ရေး အစီအစဉ်အရ ဝိဇ္ဇာသိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသား (သိပ္ပံချွန်၊ ဝိဇ္ဇာချွန်)များကို ဘာသာ ရပ်တခုစီမှာ ၁၅ ဦး လက်ခံပြီး နိုင်ငံတကာအဆင့်မီ စာတွေ့လက်တွေများကို သင်ကြားပေးရန်၊ သင်ထောက်ကူပစ္စည်းများလုံ လောက်စွာ ဖြည့်တင်းပေးရန်၊ ကျောင်းသားများနေထိုင်ရန် အဆောင်များလည်း စီစဉ်ရန်” စတဲ့ အချက်တွေကို အဲဒီကောင်စီက ချမှတ် ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တက္ကသိုလ် သင်တန်ရေးရာ ဌာနမှူး ဒေါက်တာ လှဆွေကတော့ “နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်တွေလို ဖွင့်လှစ်မှာ၊ ဒါကြောင့် အထူးပြု ဘာသာရပ်မှာသာမက စုစုပေါင်း ရမှတ်တွေလည်း ကောင်းရမယ်၊ တော်မှ ထူးချွန်မှ ရန်ကုန်တက္ကသိုလ်မှာ တက် လို့ ရမယ့် သဘောပါ”လို့ ဆိုပါတယ်။
လောလောဆယ် အခြေအနေအရတော့ ဘာသာရပ်တခုစီကို ကျောင်းသား ၁၅ ဦးသာ လက္ခံမှာဖြစ်ပြီး နောင် ဆက်လက် တိုးချဲ့ သွားမယ့် အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။
အင်္ဂလိပ်စာ ဘာသာရပ် တက်ရောက်လို သူများအတွက် အင်္ဂလိပ်စာ ၇၅ မှတ်နဲ့ စုစုပေါင်းအမှတ် ၅၀၀၊ ရှုပဗေဒဘာ သာရပ်မှာ လည်း ဂုဏ်ထူး အမှတ် ၉၀ ၊ စုစုပေါင်းအမှတ် ၄၉၀ လိုအပ်တယ်၊ တခြားဘာသာရပ်တွေမှာလည်း သတ်မှတ်ချက်အသီးသီး ရှိတယ်လို့ ဒေါက်တာလှဆွေ က ရှင်းပြပါတယ်။
သင်ကြားမယ့် ဘာသာရပ်တွေကတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အရှေ့တိုင်းပညာ၊ ရှေးဟောင်း သုတေသန၊ သမိုင်း၊ ပထဝီ၊ စိတ်ပညာ၊ ဒဿနိက ဗေဒ၊ မနုဿ ဗေဒ၊ ဥပဒေ၊ နိုင်ငံတကာဆက်ဆံရေး(IR)၊ နိုင်ငံရေးသိပ္ပံ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ကုန်ထုတ် ဓာတု၊ သချၤာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ တို့ဖြစ်ပါတယ်။
ထူးခြားတာက နိုင်ငံရေးသိပ္ပံ(Political Science) ဘာသာရပ် အသစ်တခု ပါဝင်လာခြင်းဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မတိုင်ခင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကတော့ PS လို့ခေါ်တဲ့ နိုင်ငံရေးသိပ္ပံကို ပထမနှစ် စာသင်သားများ မသင်မနေရဘာသာ အဖြစ် ပြဌာန်းခဲ့ဖူးပါတယ်။
ဘောဂဗေဒနဲ့ ပတ်သက်တဲ့ စီးပွားရေးနဲ့ စာရင်းအင်း ဘာသာရပ်ကတော့ အထူးပြုဘာသာရပ်အဖြစ် ထည့်သွင်းသင်ကြားတော့မှာ မဟုတ်ပါဘူး။
၁၉၂၀ ပြည့်နှစ်ကတည်းကစပြီး ပင်မတက္ကသိုလ်အဖြစ် ရပ်တည်ခဲ့တဲ့ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ဟာ ၁၉၉၆ ခုနှစ်ကစပြီး ဘွဲ့သင်တန်း (Undergraduate)တွေ ရပ်ဆိုင်းခဲ့ရကာ ဘွဲ့လွန်နဲ့ ပြင်ပဒီပလိုမာ သင်တန်းတွေကိုသာ ဖွင့်လှစ်နိုင်တော့တဲ့အတွက် ရှိသင့်တဲ့ တက္ကသိုလ် အင်္ဂါရပ်တွေ၊ ဂုဏ်ပုဒ်တွေ ကွယ်ပျောက် ခဲ့ရပါတယ်။
အခြေခံပညာ ညွန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ၊ ပညာရေး သုတေသန ဥက္ကဌဟောင်း၊ လက်ရှိ မြန်မာနိုင်ငံ ဝိဇ္ဇာနဲ့ သိပ္ပံ ပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဦးကတော့ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ပြန်ဖွင့်တာကို ကြိုဆိုပေမယ့်၊ အရင်လို ပညာရှင်တွေ စုဝေးတဲ့ တက္ကသိုလ်ဖြစ်လာဖို့ကတော့ အများကြီးကြိုးစားရမယ်လို့ သုံးသပ်ပါတယ်။
“အရင်က ပညာသင်နှစ်ကို ၃ လတို့ ၆ လတို့ သတ်မှတ်တာ၊ ကျောင်းသားမဆူအောင် အကုန်အအောင်ပေး ဆိုတာမျိုးတွေ လုပ်ခဲ့ တဲ့ကာလတွေကို အခု ပါမောက္ခ ဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင် ဖြတ်သန်းခဲ့ရ၊ ခေတ်စနစ် သားကောင်ဖြစ်ခဲ့ရတော့ အတတ် ပညာ ပိုင်းမှာ အရည်အသွေး လျော့ပါးပြီး၊ ကျွမ်းကျွမ်းကျင်ကျင် ပြောင်ပြောင်မြောက်မြောက် မဖြစ်ကြဘူး”လို့ ကောက်ချက် ချပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း ရဲ့ တော်လှန်ရေးကောင်စီ အစိုးရက စတင်ပြီး စစ်အစိုးရလက်ထက်တိုင် တက္ကသိုလ် ပညာရေးလောက ကနေ ပျောက်ဆုံးသွားတဲ့ Academic Atmosphere ဆိုတဲ့ တက္ကသိုလ် ဝန်းကျင်ကောင်း၊ Academic Freedomဆိုတဲ့ ချုပ်ချယ်ကန့်သတ်မှုမရှိတဲ့ လွတ်လပ်ခွင့်တွေ ပြန်လည်ရလာတော့မယ်လို့ ယုံကြည်ကြောင်း ဦးသန်းဦးက ဆိုပါတယ်။
တက္ကသိုလ် ဝန်းကျင်ကောင်းဖြစ်လာဖို့ ရန်ကုန် ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်ရဲ့ အဓိကနေရာတွေဖြစ်တဲ့ ဘွဲ့နှင်းသဘင်၊ အဓိပတိလမ်း၊ အပန်းဖြေ နားနေခန်း(RC) အပြင် မန္တလေး၊ တောင်ငူ၊ ရာမည၊ အမရ၊ ဝေသာလီ(အဆောင်သစ်)၊ ဌာနတချို့နဲ့ လာရောက် သင်ကြားမယ့် နိုင်ငံခြားပညာရှင်တွေ နေထိုင်ဖို့အတွက်လည်း အကြီးစား ပြင်ဆင်နေပြီလို့ အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ရန်ကုန်တက္ကသိုလ် သမဂ္ဂ ဖွဲ့စည်းရေးနဲ့ ၁၉၆၂ ခုနှစ် မတ်လ ဗိုလ်ချုပ်ကြီး နေဝင်း(တော်လှန်ရေး ကောင်စီ)က ဖြိုဖျက်ခဲ့တဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး အစီစဉ် ရှိမရှိတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့နှစ်က ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း သမ္မတအကြံပေး စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်ကလည်း တက္က သိုလ် သမဂ္ဂနဲ့ သမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး အိတ်ဖွင့်ပေးစာတစောင် ရေးသားတိုက်တွန်းခဲ့ဖူးပါတယ်။
အမေရိကန်သမ္မတ အိုဘားမား သမိုင်းဝင် ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်က ဂျွန် ဟော့ပ်ကင်း ၊ ဂျာမနီနိုင်ငံက ကိုလုံး၊ တောင်ကိုရီးယားက ချောင်အန်း(Chung Ang) ၊ ဟန်ယန်း စတဲ့ နိုင်ငံခြား တက္ကသိုလ်ကြီးတွေနဲ့ ချိတ် ဆက်ပြီး နိုင်ငံတကာဆက်ဆံရေး (IR)၊ မနုဿဗေဒ ပညာရပ်တွေမှာ ကျမ်းပြုအဆင့် ဘွဲ့လွန်ကျောင်းသားတွေကို သင်ကြားဖို့ စီစဉ်နေပြီလို့ တက္ကသိုလ်အာဏာပိုင် အသိုင်းအဝိုင်းကတော့ ဆိုပါတယ်။
အိန္ဒိယက ကာလကတ္တားနဲ့ ဘုံဘေတက္ကသိုလ်ပြီးရင် အရှေ့တောင်အာရှ၌ အကောင်းဆုံးလို့ ဆိုနိုင်တဲ့ ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်မှာ ကောလိပ်အဆင့်ကနေ တက္ကသိုလ်အဆင့်ကို တိုးမြှင့်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်က တက္ကသိုလ်ကျောင်းသားတွေ စတင်ခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တောင်းဆိုဆန္ဒပြပွဲတွေနဲ့ ၁၉၉၆ ခုနှစ် ကျောင်းသား ဆန္ဒပြပွဲတွေကြောင့် စစ်အစိုးရက ကျောင်းသားတွေ လူမစုမိစေဖို့ ရည်ရွယ်ပြီး ရန်ကုန်မြို့ပြင်မှာ တက္ကသိုလ်သစ်တွေ ဆောက် လုပ် ခွဲထုတ်ခဲ့တဲ့အတွက် ပညာရေးစနစ် အဆင့်အတန်းပါ တရှိန်ထိုး ကျဆင်းလာခဲ့ပါတယ်။
မြန်မာ့ နိုင်ငံရေး၊ လူမှုရေး ခေါင်းဆောင်များစွာကို ရန်ကုန်တက္ကသိုလ်က မွေးထုတ်ပေးခဲ့ရာမှာ သခင်ဘသောင်း၊ သခင် အောင် ဆန်း၊ ဗိုလ်လကျာ်၊ သခင်နု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ကိုဗဟိန်း၊ မစ္စတာ ရာရှစ်၊ ဦးသိန်းဖေမြင့် စတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ အပြင် ဒေါက်တာ လှမြင့်၊ ဒေါက်တာ ထင်အောင်၊ ဒေါက်တာ သန်းထွန်း၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ မောင်ထင်၊ ဒဂုန်တာရာ စသူတို့ ဟာ ထင်ရှားသူများဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန် ဒီဇင်ဘာလကလည်း ၁၆ နှစ်ကြာ ရပ်နားထားခဲ့တဲ့ ရန်ကုန် စက်မှု တက္ကသိုလ် ကို ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ ရန်ကုန် စက်မှု တက္ကသိုလ်ဟာ ၈၈ အရေးအခင်းရဲ့ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ တက္ကသိုလ် တခု ဖြစ်ပါတယ်။