ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ငဝန်မြစ်အတွင်း လက်ထိတ်တန်းလန်းဖြင့် သေဆုံးနေသော အမျိုးသမီးအလောင်း ဇွန် ၁၉ ရက်နေ့က ပေါ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ပုသိမ်မြို့တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းမှ ဒု ရဲအုပ် တဦးအပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၅ ဦးအား ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း သတင်းရရှိသည်။
ဖမ်းဆီး ထိမ်းသိမ်းခံထားရသည့် ရဲတပ်ဖွဲ့ဝင်များမှာ လက်ထိတ်တန်းလန်းဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေး၏ အမှုအား ကိုင်တွယ် စစ်ဆေးနေသည့် ဒုရဲအုပ် နိုင်အောင်ကျော်၊ တပ်ကြပ်ကြီး ကြည်လင်၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ် ဇော်မင်းထွန်း နှင့် ဒုတပ်ကြပ် ကျော်လင်းနိုင်တို့ဖြစ်ပြီး ၎င်းတို့အား ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအတွင်း ချုပ်နှောင်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
“ကောင်မလေး သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ ၅ ဦးကို တိုင်းရဲရုံးမှာ ချုပ်ထားတယ်။ တိုင်းရဲမင်းကြီး အမိန့်နဲ့ ဖမ်းတာလား၊ ရဲချုပ်အမိန့်နဲ့ ဖမ်းတာလားတော့ မသိဘူး။ ရဲဥပဒေ အရတော့ သူတို့ ရာထူးက ပြုတ်ဖို့များတယ်။ ထောင်လည်း ကျနိုင်တယ်။ လက်ရှိမှာ စခန်းမှူးကိုလည်း မြို့နယ်ရဲမှူးက ခေါ်စစ်နေတယ်” ဟု သူက ရှင်းပြသည်။
လက်ထိတ်တန်းလန်းဖြင့် သေဆုံးခဲ့သူ မသန်းသန်းအေးမှာ ပုသိမ်မြို့နယ် ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာတွင် ခင်ပွန်းဖြစ်သူ ကိုနန်းဝင်းနှင့်အတူ နေထိုင်သူဖြစ်ပြီး ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာနေ ဦးအုန်းမြင့်၊ ဒေါ်မြင့်မြင့်တို့ နေအိမ်မှ ရွှေထည်ပစ္စည်း ၁၀ ကျပ်သား ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ခင်ပွန်းဖြစ်သူ အဖမ်းခံခဲ့ရပြီးနောက် ၃ ရက်အကြာ ဇွန်လ ၁၁ ရက်နေ့တွင် မသန်းသန်းအေးအား သင်္ဘောကျင်း ရဲစခန်းမှ ဒုရဲအုပ် နိုင်အောင်ကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် များက လာရောက် ဖမ်းဆီးခဲ့သည်။
“သူ့ယောက်ျား အဖမ်းခံရတော့ ကျနော့်သမီးကို ကျနော်နေတဲ့ ထိန်ချောင်အုပ်စု လက်ပံရွာကို ခေါ်ထားတယ်။ နောက်ရက် လည်း ကျရော ရဲ ၇ ယောက်က သေနတ်တွေနဲ့ ကျနော့်တဲကို လာဝိုင်းတယ်။ ပြီးတော့ တဲထဲမှာ ရွှေတွေကို ဝင်ရှာတယ်၊ မတွေ့ဘူး။ မတွေ့တော့ ပြန်ခါနီးမှာ ကျနော့်သမီး မသန်းသန်းအေးကို ခဏ မေးစရာရှိလို့ပါ၊ ဘာမှ မဖြစ်စေရဘူး၊ ညတွင်းချင်း ပြန်ပို့ပေးပါမယ်ဆိုပြီး ဒုရဲအုပ် နိုင်အောင်ကျော်က အာမခံတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မှတ်ကလည်း တာဝန် ယူပါတယ်ဆိုလို့ သူတို့နဲ့ ထည့်ပေးလိုက်တယ်” ဟု မသန်းသန်းအေး၏ ဖခင် ဦးပြည်သိမ်းက ဧရာဝတီကို ပြောသည်။
မသန်းသန်းအေးအား ရဲများက ခေါ်ဆောင်သွားပြီးနောက် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (မြက်တိုစခန်း)၊ အမှတ် – ၁ (အသည်ကြီးစခန်း)၊ ပုသိမ်တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းတို့တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရွှေထည် ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ချုပ်နှောင်စစ်ဆေးခဲ့ကြောင်း ဇွန်လ ၁၇ ရက်နေ့ ညပိုင်းတွင် ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အဲဒီ ၁၇ ရက်နေ့က သပြေပင်ရွာမှာ ကောင်မလေးက ပစ္စည်းလိုက်ပြတော့ ရေငုပ်သမားတွေ ခေါ်ပြီးသွားတယ်။ ရွာ ရောက်တော့ ကောင်မလေးပြတဲ့ နေရာမှာ ငုပ်တယ်။ ရွှေထည် ပစ္စည်းတွေ မတွေ့ဘူး။ နောက်ထပ် ၂ နေရာလောက် ပြတယ်၊ ငုပ်တယ်၊ မတွေ့ဘူး။ အဲဒါနဲ့ မှောင်လာတော့ ရွာကပြန်လာကြတယ်။ ကြက်တန်းကူးတို့နား ရောက်တော့ ကောင်မလေး ခြေထောက်က ခြေကျင်းကို ညာဘက်က ကွင်းဖြုတ်ပြီး ဘယ်ဘက်မှာ ၂ ကွင်း ခတ်လိုက်တယ်။ လက်မှာက ရိုးရိုးလက်ထိတ် ၁ ကွင်း၊ ကြိုးလက်ထိတ်က ၁ ကွင်း ခတ်ထားတယ်။ အဲဒါနဲ့ ကောင်မလေးက ရဲတွေအလစ်မှာ လှေနံရံပေါ်ကနေ ရေထဲကို ပက်လက် လှန်ချလိုက်တာ လိုက်ဆွဲတာ မမီတော့ဘူး။ အဲဒါနဲ့ ရဲတွေလည်း ဒိုက်ဗင်ထိုးပြီး ရေထဲ လိုက်ဆယ်ပေမယ့် မမီတော့ဘူး” ဟု အခင်းဖြစ်ခဲ့သည့် စက်လှေပေါ်တွင် အတူလိုက်ပါ စီးနင်းခဲ့သူ ပုသိမ်မြို့တဘက်ကမ်း အမှတ် ၉ ရပ်ကွက်မှ ဆယ်အိမ်မှူး ကိုငယ်ဇော်က ပြောသည်။
၁၇ ရက်နေ့ညတွင် မသန်းသန်းအေး ရေထဲ ကျသွားသည့်ဖြစ်ရပ်အား သင်္ဘောကျင်း စခန်းမှ ရဲအရာရှိများက သက်ဆိုင်ရာ မိဘဆွေမျိုးများထံ လုံး၀ အကြောင်းကြားခြင်း မရှိခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးပြည်သိမ်းက ဆိုသည်။
“ကျနော့်သမီးကို မြက်တိုကနေ အသည်ကြီးစခန်း (အမှတ် ၁ ရဲစခန်း) ကို ရွှေ့ထားတုန်းက အချုပ်မို့လို့ ထမင်းကို နေ့တိုင်း လာပို့ပါဆိုလို့ ထမင်းနေ့တိုင်း ပို့တယ်။ ဒါပေမယ့် သမီးကိုတော့ တွေ့ခွင့်မရခဲ့ဘူး။ ၁၈ ရက်နေ့ကျတော့ သင်္ဘောကျင်း စခန်းမှာ ထမင်း လာပို့တော့ ဟိုဘက်ကမ်းက ထောင်ကြီးချုပ်ကို ပို့ထားလိုက်ပြီ၊ နောက်နေ့တွေ ထမင်း လာမပို့နဲ့တော့လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်တို့လည်း ရွာပြန်ရောက်ရော ဘေးကနေ သူများပြောလို့ လူကိုယ်တိုင် လိုက်လာပြီးစုံစမ်းတော့မှ ကျနော့်သမီး ဆုံးပြီဆိုတာ သိတာ။ ရဲက ကျနော်တို့ဆီ လုံး၀ အကြောင်းမကြားခဲ့ပါဘူး” ဟု သူက ပြောသည်။
ဇွန် ၁၇ ရက်နေ့ ည ၇ နာရီဝန်းကျင် ခန့်က ရေနစ်သေဆုံးသွားခဲ့သည့် မသန်းသန်းအေး၏ သက်မဲ့ ခန္ဓာကိုယ်မှာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် လက်ထိတ် ၃ ခု ခတ်လျှက်သား အနေအထားဖြင့် ပြန်ပေါ်လာခဲ့ပြီး ပုသိမ်မြို့ခံများ ရာနှင့်ချီ၍ လာရောက် ကြည့်ရှုကြသည်။
ရွှေထည်ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ မသန်းသန်းအေးအား ဒုရဲအုပ် နိုင်အောင်ကျော်က ရိုက်နှက် စစ်ဆေးနေသည်ကို မြင်တွေ့ခဲ့သည့် မျက်မြင်သက်သေများ သပြေပင် ကျေးရွာတွင် ရှိကြောင်း၊ ရိုက်နှက်သည့် ဒဏ်ကို မခံနိုင်သည့် အဆုံး ယခုကဲ့သို့ ရေထဲခုန်ချ အဆုံးစီရင် သွားသည်ဟု ထင်မိကြောင်း မသန်းသန်းအေး၏ မိသားစုဝင်များက ပြောသည်။
ကွယ်လွန်သူ မသန်းသန်းအေး၏ ဖခင် ဦးပြည်သိမ်းနှင့် အစ်မဖြစ်သူ မမွှေးမွှေးဦး တို့အား ပုသိမ်ခရိုင်ရဲမှူး ဒု ရဲမှူးကြီး ဦးဇော်ဝင်းကျော်က ယမန်နေ့တွင် ခရိုင်ရဲရုံးသို့ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။
“သူ အားလုံးကို စိစစ်ပေးပါ့မယ်၊ အမှန်အတိုင်း ဖြစ်စေရမယ်၊ ဥပဒေအရ အရေးယူပေးပါ့မယ်လို့ ပြောတယ်။ ကျနော့် သမီးနဲ့ ပတ်သက်လို့ ငွေကြေးတစုံတရာ ကူညီထောက်ပံ့ခြင်းတော့ မရှိပါဘူး” ဟု ဦးပြည်သိမ်းက ပြောသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များအပေါ် အရေးယူ ဆောင်ရွက်ထားမှုများ၊ မသန်းသန်းအေး၏ အမှုဖြစ်စဉ်များ သိရှိ နိုင်ရန်အတွက် ဧရာဝတီက ပုသိမ်ခရိုင်ရဲမှူး ဒု ရဲမှူးကြီး ဦးဇော်ဝင်းကျော်အား တွေ့ဆုံမေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဦးဇော်ဝင်းကျော်က လက်ခံတွေ့ဆုံခြင်း မရှိပေ။
ကွယ်လွန်ခဲ့ပြီဖြစ်သည့် မသန်းသန်းအေး၏ ရုပ်အလောင်းအား ယမန်နေ့ နေ့လည် ၂ နာရီက ပုသိမ်မြို့ရှိ လူမှုကွန်ရက်များ၊ မြို့ခံများနှင့် ဂရုဏာ နာရေးကူညီမှုအသင်းတို့ ပူးပေါင်းကာ သင်္ဂြိုဟ်ကုန်း သုဿာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြသည်။
သင်္ဘောကျင်း ရဲစခန်းမှ “ပြစ်မှုအမှတ် ၄၂/ ၂၀၁၃၊ ပုဒ်မ ၃၀၈ တို့ဖြင့်စွဲ၍ တရားခံအဖြစ် ဖမ်းဆီးခံထားရသော မအသန်း (ခ) မသန်းသန်းအေးသည် ဇွန်လ ၁၇ ရက်နေ့က ဘဝတပါးသို့ ကူးပြောင်းသွားသည့်အတွက် ၎င်းအား ချုပ်နှောင်ထားသော အချုပ်မှ လွှတ်လိုက်သည်” ဟူ၍ အမိန့်ပြန်တမ်း ထုတ်ပေးခဲ့သော်လည်း သုဿာန်တွင် မြေချချိန်၌ ပြန်တမ်းလိုက်ပါ ရွတ်ပေးခြင်း မရှိသည့်အတွက် ပုသိမ်မြို့မှ ကွန်ရက်အဖွဲ့ဝင် တဦးက ပြန်တမ်းကို ဖတ်ကြားပေးခဲ့ရသည်။
လက်ရှိတွင် မသန်းသန်းအေး၏ ခင်ပွန်း ကိုနန်းဝင်းအား ပုသိမ်မြို့ရှိ ထောင်ကြီးချုပ်တွင် ချုပ်နှောင်ထားပြီး ယခုလ ၂၅ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။