ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ တနှစ်ပြည့်မြောက်သည့် အချိန်အထိ လူနေမှုဘ၀ ပုံမှန်မရှိသေးသည့် ဒုက္ခသည် များအတွက် လူသားချင်း စာနာမှု အကူအညီများပေးသွားမည်ဟု ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးဝန်ကြီး က ၎င်း၏ ရခိုင်ဒေသ ခရီးစဉ်တွင် ပြောဆိုသွားကြောင်း သိရသည်။
ဗြိတိန် ဖွံ့ဖြိုးမှုဝန်ကြီး Right Honourable Alan Duncan MP ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့ တွင် စစ်တွေမြို့သို့ ရောက်ရှိပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ဒေသခံ ရပ်မိရပ်ဘများ စသည်တို့နှင့်တွေ့ဆုံ၍ ဒုက္ခသည် အရေးများ ဆွေးနွေးရာတွင် လူသားချင်းစာနာမှု ကူညီပေးရေးတို့ကို ပြောဆိုသွားကြောင်း၊ သို့သော် မည်သည့်အတိုင်းအတာ၊ မည်သည့် အချိန်တွင် ကူညီပေးမည်ဆိုသည်ကို ပြောဆိုမှုမရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီကို ပြော သည်။
“လူသားချင်းစာနာမှုတွေကို နိုင်ငံတကာ အဖွဲ့တွေလာတိုင်း ဒေါ်လာ ၅ သန်း ကူညီမယ်၊ ၁၀ သန်း ကူညီမယ်လို့ အမြဲတမ်း ပြောကြ ပေမယ့် ကျနော်တို့အစိုးရအဖွဲ့ကို လက်တွေ့ကူညီတာ အလွန်နည်းပါတယ်၊ ပါးစပ်နဲ့ကူတာ၊ လှူတာတွေပဲ များနေတယ်”ဟု ဦးဝင်းမြိုင်က ဆိုသည်။
ဒုက္ခသည်များ အမိုးအကာအောက် အလုံးစုံ မရောက်ခြင်း၊ ပညာရေး ပုံမှန်သင်ကြားနိုင်မှု မရှိသေးခြင်းသည်လည်း ကုလသမဂ္ဂ အဖွဲ့ အပါအဝင် နိုင်ငံတကာ၏ ပါဝင်ပူးပေါင်းမှု အားနည်းချက်ကြောင့် ဖြစ်သည်ဟု ဦးဝင်းမြိုင်က ဆက်ပြောသည်။
၎င်းက“ဘင်္ဂါလီ (မွတ်စလင်) တွေကို လူတန်းစေ့ အိမ်ဆောက်ပေးဖို့ လူဦးရေစာရင်း (ဆွဲ၊ တင်၊ စစ် )ကောက်ရင်လည်း ကန့်ကွက် ဆန္ဒပြကြတယ်၊ ဆောက်ပေးထားတဲ့ ကျောင်းမှာလည်း မြန်မာစာသင်ပေးလို့ ဆိုပြီး သားသမီးတွေ ကျောင်း မပို့ကြဘူး၊ ဒါတွေ လက်ခံပေးဖို့ ဘယ်နိုင်ငံတကာ အဖွဲ့ကမှ ဘင်္ဂါလီ တိုက်တွန်းတာ မရှိပါဘူး”ဟု ဆိုသည်။
ရခိုင်ပဋိပက္ခ တနှစ်ပြည့်မြောက်ချိန်တွင် ဒုက္ခသည် တသိန်းခွဲနီးပါး (၁၄၀၀၀၀ ကျော်) ရှိနေကာ ၎င်းတို့၏ လူနေမှုဘ၀ အခြေအနေ သည် ပုံမှန်မရောက်သေးကြောင်း၊ ဒုက္ခသည်များနှင့် ပတ်သက်၍ မှတ်ပုံတင်စာရင်း ပြုစုနေမှုကိုလည်း ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ကူညီထောက်ပံ့ပေးရန် အဆင်သင့်ရှိကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်၍ လည်း အစိုးရ အာဏာပိုင်များနှင့်ပူးပေါင်းကာ အကူအညီများ ပေးနေကြောင်း ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာတွင် ပါရှိသည်။
ဒုက္ခသည်များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အတွက် လယ်ထွန်စက်၊ မျိုးစပါး၊ ဓာတ်မြေသြဇာ၊ စက်သုံးဆီများ ဖြန့်ဝေပေးထားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ ပင်လယ်လုပ်ငန်း လုပ်ကိုင်နိုင်ရန် ငါးဖမ်း လှေများ၊ ပိုက်ကွန်များ ဖြန့်ပေးသွားမည်ဟုလည်း သိရသည်။
ဗြိတိန်ဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေဒေသ အပြင် မြေပုံမြို့နယ်သို့လည်း သွားရောက်ခဲ့ပြီး စားဝတ် နေရေးအတွက် လိုအပ်သည့် ပစ္စည်းတချို့နှင့်ဆေးဝါးများ ကို ထောက်ပံ့ပေးသွားကြောင်း ဒုက္ခသည် တချို့က ဧရာဝတီ ကို ပြောသည်။
စစ်တွေမြို့နယ် အတွင်းရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များအတွက် နေအိမ်များဆောက်လုပ်နေကာ ဇွန်လကုန်တွင် ပြီးစီးမည် ဖြစ်ကြောင်း၊ မေလကုန်တွင် အပြီးဆောက်လုပ်မည်ဟု ရည်ရွယ်ထားသော်လည်း ဘင်္ဂါလီ ဒုက္ခသည်များ၏ လူဦးရေ စာရင်း အတိ အကျ ကောက်ခံရာတွင် အခက်အခဲများကြောင့် နှောင့်နှေးနေရခြင်း ဖြစ်ကြောင်း၊ ဘင်္ဂါလီ ဒုက္ခသည်စခန်းများသို့ တခြားဒေသများမှ ဝင်ရောက်လာနေသူများ ရှိနေသည့်အတွက် ရိက္ခာပေးဝေရာတွင်လည်း အခက်အခဲများရှိနေကြောင်း ဦးဝင်းမြိုင်က ပြောသည်။
စစ်တွေမြို့နယ်အတွင်း ဒုက္ခသည် စခန်း ၅ ခုရှိပြီး ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ ကျောက်ဖြူ စသည့် မြို့နယ်များတွင်လည်း ဒုက္ခသည် စခန်းများ ရှိသည်။
ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း ကစတင်ခဲ့သည့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော အကြမ်းဖက်ပဋိပက္ခများတွင် လူပေါင်း ၁၆၇ ဦး သေ ဆုံးခဲ့ပြီး ဘာသာရေး အဆောက်အအုံများ အပါအဝင် အိမ်ခြေပေါင်း ၁ဝဝဝဝ ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု ကုလသမဂ္ဂ အစီရင် ခံစာ တွင် ဖော်ပြထားသည်။