မန္တလေးမြို့က “ကမ္ဘာ့ အကြီးဆုံး စာအုပ်” လို့ တင်စားကြတဲ့ ၁၅၃ နှစ် သက်တမ်းရှိ ပိဋကတ် ကျောက်စာများကို ကုလသမဂ္ဂ ပညာ ရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (ယူနက်စကို) က ကမ္ဘာ့ ရှေးဟောင်း အောက်မေ့ဖွယ် အမွေအနှစ် (Memory of The World Register) အဖြစ် စာရင်းသွင်း လိုက်ပြီ ဖြစ်ပါတယ်။
၁၈၆၀ ပြည့်နှစ်မှာ မန္တလေးမြို့တည် နန်းတည် မင်းတုန်းမင်းကြီးက စကျင်ကျောက်မှာ ထွင်းပြီး စန္ဒာမုနိဘုရားအတွင်း တည်ထား ခဲ့တာပါ၊ ကုသိုလ်တော် ကျောက်စာလို့ လူသိများပါတယ်။
မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်တခုကို ကမ္ဘာက ပထမဆုံးအကြိမ် တရားဝင် အသိအမှတ်ပြုလိုက်တာဖြစ်ပြီး ဒီလို အသိအမှတ်ပြု ခံရ ဖို့ ယဉ်ကျေးမှု ဝန်ကြီးဌာနအနေနဲ့ သုံးနှစ်လောက်ကြိုးစားလိုက်ရတယ်လို့ သိရပါတယ်။
“ကမ္ဘာ့အဆင့် အသိအမှတ်ပြုလိုက်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားမှု ထိန်းသိမ်းမှုတွေကို အားလုံးသိသွား သလို၊ ဒီလို ရှေးဟောင်းအမွေအနှစ်တွေကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလည်း အများကြီးဖွံ့ဖြိုးလာနိုင်တယ်”လို့ ရှေးဟောင်း သုတေသန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ဆိုပါတယ်။
ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်(World Heritage)အဖြစ် သတ်မှတ်ရာမှာ နှစ်မျိုးနှစ်စားခွဲခြားထားပြီး အိန္ဒိယက တပ်ချ်မဟာ၊ ထိုင်းနိုင်ငံက ဆူခိုထိုင်း၊ အယုဒ္ဓယ ကဲ့သို့ မြို့ဟောင်းတွေ၊ အထိမ်းအမှတ် အဆောက်အအုံတွေကို မရွှေ့ပြောင်းနိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်း (Immoveable Property) လို့သတ်မှတ်ထားပါတယ်။
အလားတူ ထင်ရှားတဲ့ နိုင်ငံခေါင်းဆောင်ကြီးများရဲ့ သမိုင်းဝင် မိန့်ခွန်းများ၊ စာရွက် စာတမ်းများ၊ သမိုင်းဝင် ရုပ်ရှင်၊ ဗီဒီယိုကားများ၊ အသံမှတ်တမ်းများ၊ ကျောက်စာ၊ ပေစာ စတဲ့မှတ်တမ်းမှတ်ရာများကို ရွှေ့ပြောင်းနိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်း (Moveable Property) အဖြစ် သတ်မှတ် ခေါ်ဆိုပါတယ်။
မင်းတုန်းမင်း ကောင်းမှု ပိဋကတ် ကျောက်စာများနဲ့အတူ ကမ္ဘာကျော် တော်လှန်ရေးသမား ချီဂွေဗားရားရဲ့ ဒိုင်ယာရီနဲ့ တခြား သမိုင်းဝင် အထောက်အထား ၅၄ ခုကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်တယ်လို့ ယူနက်စကို ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဂျာမနီနိုင်ငံမှာ ရောက်ရှိနေတဲ့ အလောင်းမင်းတရားကြီးရဲ့ ရွှေပေလွှာ၊ ပုဂံခေတ် မြစေတီ(ရာဇကုမာရ)ကျောက်စာ၊ မင်းကွန်းခေါင်း လောင်း တို့ကိုလည်း ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရဖို့ ယဉ်ကျေးမှုဝန်ကြီးဌာန က ကြိုးစားနေတယ်လို့ ဆိုပါတယ်။
သရေခေတ္တရာ၊ ပုဂံ စတဲ့ သမိုင်းဝင်မြို့ဟောင်းတွေ၊ ဘုရားစေတီ၊ ကျောင်း၊ အဆောက်အအုံ စတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်တွေများစွာ ရှိပေမယ့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံဖို့ ကြိုးစားတဲ့ နေရာမှာ စည်းကမ်း စနစ်တကျ ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။
မန္တလေးတိုင်း ရှေးဟောင်းသုတေသန ဦးစီးမှူး ဦးညိုမြင့်ထွန်းက“တချို့ကလည်း ကုသိုလ်လိုချင်ပြီး တလွဲလုပ်တာတွေရှိတယ်၊ မနှစ် ကလည်း ကုသိုလ်တော် ကျောက်စာတွေကို ထုံးသင်္ကန်း လာကပ်တာတွေရှိတယ်”လို့ ဆိုပါတယ်။
စစ်အစိုးရလက်ထက်က သမိုင်းဝင် ပုဂံဘုရားများကို စည်းစနစ်နဲ့အညီ ပြုပြင်မှုမလုပ်ခဲ့တဲ့ အတွက် ကမ္ဘာ့အမွေအနှစ် အဖြစ် ယူနက်စကို အသိအမှတ်ပြုခံရဖို့ ကြိုးစားရာမှာ နှောင့်နှေးမှုများ ဖြစ်ခဲ့ရပါတယ်။ ။