နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် ကာလအတွင်း မြန်မာနိုင်ငံတွင် ဒုက္ခသည်ပေါင်း ၇ သိန်းကျော် ရှိကြောင်း သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ရန်ကုန်မြို့တွင် ပထမဆုံးကျင်းပသည့် ကမ္ဘာ့ဒုက္ခသည်များနေ့၌ တရားဝင် ထုတ်ဖော် ပြောကြားသွားသည်။
“ကျနော်တို့တတွေ စနစ်တွေပြောင်းကုန်ပါပြီ။ အရင်က ဒုက္ခသည်နဲ့ ပတ်သက်ပြီး မရှိဘူးဘဲပြောခဲ့တာပါ။ အခု အမှန်အတိုင်း ပြောတယ်၊ ဒါဟာပြောင်းလဲမှုကို ပြပါတယ်။ ဒုက္ခသည်ဆိုတာမှာ နယ်မြေတွေ မငြိမ်းချမ်း၊ မအေးဆေးလို့ ထွက်ပြေးနေရသူလို့ ပြောရမှာပါ။ သူတို့တွေအတွက်လုံခြုံပြီ၊ နေလို့ရပြီဆို ပြန်လာမှာပဲ။ အဲဒီလိုဖြစ်ဖို့အတွက် အစိုးရက လုပ်ဆောင် ပေးသွားမှာပါ” ဟု ဦးအောင်မင်းက ပြောသည်။
လက်ရှိတွင် စစ်ပွဲများကြောင့် ပြည်တွင်း၌ လှည့်လည် ရှောင်ပုန်းနေရသော ဒုက္ခသည် (IDP) ပေါင်း ၄၄၆၀၀၀၊ စစ်ပွဲများ ကြောင့် နယ်စပ်တွင်ထွက်ပြေး နေရသော ဒုက္ခသည် (Refugee) ၃၅၀၀၀၀ ခန့်ရှိကြောင်း ဦးအောင်မင်းက ဆိုသည်။
“အခုလက်ရှိတော့ ကယားပြည်နယ်ဘက် ရှားတောနယ်မြေ ဒေါတခဲဒေသမှာ ကယားဘက်ကနေ ထွက်သွားတဲ့ သူတွေ အတွက် ပြန်လည်နေရာချပေးဖို့ စီစဉ်ထားတယ်။ လက်ရှိ ဒီအချက်ကို ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ ပြောထားပြီးပါပြီ” ဟု ၎င်းက ဆက်ပြောသည်။
ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အတွက် အစိုးရမှ နိုင်ငံတကာ အကူအညီများ ရယူကာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဦးအောင်မင်းက ပြောသည်။
“ပြန်လည် နေရာချထားရေးအတွက် အခု အချိန်မှာ တိတိကျကျ ပြောနိုင်ဖို့ လိုအပ်ပါသေးတယ်။ အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် သွားဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ UNHCR (United Nations High Commissioner For Refugees) တို့လို အဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေး နေပါတယ်။ အဓိကကတော့ အလုံးစုံ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက် ပြီးမှသာ ဒီကိစ္စတွေကို ဆက်လက် အကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်” ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ရှင်းပြသည်။
ဒုက္ခသည်များအတွက် နေရေး၊ စားရေး၊ လုံခြုံစွာ နေနိုင်ရေးအတွက် မိုင်းရှင်းရေး စသည့် လုပ်ငန်းများကို လုပ်ဆောင် သွားမှာဖြစ်သကဲ့သို့ တခြားတဘက်မှလည်း အလုပ်အကိုင် ရရှိနိုင်ရေးအတွက်ပါ စီစဉ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဦးအောင်မင်းက ပြောသည်။
“အလုပ်အကိုင် အတွက်က နယ်စပ်ဒေသတွေမှာ စက်မှုဇုန်တွေ ဖော်ထုတ်သွားဖို့ အတွက်လည်း စီစဉ်နေတယ်။ ဒီမှာ လယ်ယာသီးနှံ စိုက်ပျိုးရေး အတွက်ကိုလည်း စိုက်ပြီး ကုန်ချောထုတ်နိုင်ဖို့ အထိပါ ဆောင်ရွက်သွားဖို့ နိုင်ငံတွင်းက ပညာရှင်တွေ အပါအဝင် နိုင်ငံတကာ ပညာရှင်တွေနဲ့ပါ ဆွေးနွေး တိုင်ပင် လုပ်ဆောင်သွားဖို့ရှိတယ်။ အထည်အလိပ် စက်ရုံတွေ၊ နောက် SME (အသေးစားစက်မှု) လုပ်ငန်းတွေ အတွက်လည်း စီစဉ် ဆောင်ရွက်ပေးသွားမယ်” ဟု ဦးအောင်မင်းက ဆိုသည်။
မြေမြှုပ်မိုင်း ရှင်းလင်းရေး အတွက်လည်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်လျှက် ရှိကြောင်း၊ မြန်မာ့ တပ်မတော်အတွင်းရှိ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ စစ်သည်များကလည်း ဖြေရှင်းသွားရန် စီစဉ်ထားကြောင်း ဦးအောင်မင်း၏ အဆိုအရ သိရသည်။
“တချို့ဒေသတွေမှာ ကရင်မှာဆို လက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်နဲ့ ပေါင်းပြီး ကိုယ့်ဘက်သူ့ဘက် ဖော်ထုတ် နေတာတွေ ရှိပါတယ်။ ဒီအပေါ်မှာ နိုင်ငံတကာကပါ ပါဝင်ကူညီဖို့ ပြောထားတာတွေ ရှိတယ်။ သူတို့တွေနဲ့လည်း တိုင်ပင် ဆွေးနွေးပြီး သူတို့ အကူအညီတွေလည်း လက်ခံသွားဖို့ရှိပါတယ်” ဟု ဦးအောင်မင်းက ဆိုသည်။
ပြည်တွင်းစစ်ပွဲ ငြိမ်းချမ်းရေးအတွက် အလုံးစုံ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်သွားမည် ဖြစ်ရာ နေပြည်တော်တွင် ကျင်းပမည့် ဆွေးနွေးပွဲ၌ နိုင်ငံတကာမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း ဦးအောင်မင်းက ဧရာဝတီကို ပြောသည်။
“အလုံးစုံအပစ်အခတ်ရပ်စဲဖို့ အတွက် နိုင်ငံတကာက လူတွေရှေ့မှာ လက်မှတ်ရေးထိုးမှာပါ။ လက်ရှိ ထိုးထားပြီးတဲ့ အချက်တွေက ပြောင်းလဲပြီး ထိုးမှာမဟုတ်ဘူး၊ ဆွေးနွေးပြီးသားတွေကို ပိုခိုင်မာအောင် လုပ်သွားမှာပါ။ တိုင်းရင်းသားတွေ လိုချင်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲကိုလည်း သမ္မတကြီးက ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ အကြိမ်ကြိမ် ကတိပြုထား ပြီးပါပြီ။အဲဒီအတိုင်း လုပ်ဆောင်မှာပါ” ဟု သမ္မတရုံးဝန်ကြီးက ဆက်ပြောသည်။
UNHCR ၏ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ် အခြေအနေပြ အစီရင်ခံစာအရ တကမ္ဘာလုံးတွင် ဒုက္ခသည် ၁၅ သန်း ရှိသည့်အနက် စစ်ဘေးကြောင့် နိုင်ငံတွင်းမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည် ၄ သိန်းကျော်မှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း ၎င်းတို့မှာ ထိုင်း၊ ဘင်္ဂလားဒေရှ်၊ အိန္ဒိယနှင့် မလေးရှားတို့တွင် ခိုလှုံနေရကြောင်း သိရသည်။