ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အနီးရှိ ငဝန်မြစ်အတွင်း လက်ထိတ်သုံးစုံ ခတ်လျှက်သား အနေအထားဖြင့် ရေနစ် သေဆုံးခဲ့သူ မသန်းသန်းအေးနှင့် ပတ်သတ်၍ တာဝန်ရှိသူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၅ ဦးအား ရဲတရားရုံးဖြင့် အမိန့်ချရန် ပြင်ဆင် နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
မသန်းသန်းအေး သေဆုံးမှုတွင် တာဝန်ရှိသူ ဒုရဲအုပ် နိုင်အောင်ကျော်၊ တပ်ကြပ်ကြီး ကြည်လင်၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ် ဇော်မင်းထွန်းနှင့် ဒု တပ်ကြပ် ကျော်လင်းနိုင်တို့အား ခုံရုံးအဖွဲ့ဖြင့် စစ်ဆေးပြီးနောက် စစ်ဆေး ပေါ်ပေါက်ချက်များအား သက်သေခံ အကျဉ်းချုပ် ရေးသားပြုစုနေကြောင်း ပုသိမ်မြို့ သင်္ဘောကျင်းရဲစခန်းမှ စခန်းမှူး ဒုရဲအုပ် ကြည်လင်းက ပြောသည်။
“သူတို့ကို ပြီးခဲ့တဲ့ စနေနေ့ ဇွန်လ ၂၂ ရက် ကတည်းက ခုံရုံးနဲ့ စစစ်နေတာပါ။ အခုတော့ ခုံရုံးနဲ့ စစ်ပြီးလို့ သက်ချုပ် (သက်သေခံအကျဉ်းချုပ်) ရေးနေပါပြီ။ အမိန့် ချတာကတော့ ရဲဆိုတော့ ရဲတရားရုံးနဲ့ အမိန့်ချမှာပါ။ ပြစ်ဒဏ်တွေကတော့ ကျနော် မပြောတတ်ပါဘူး။ စစ်ဆေး ပေါ်ပေါက်ချက်တွေ အပေါ် မူတည်ပါလိမ့်မယ်” ဟု သင်္ဘောကျင်း စခန်းမှူးက ဧရာဝတီကို ရှင်းပြသည်။
ခုံရုံးအဖွဲ့တွင် ငပုတောမြို့နယ်ရဲမှူး ဦးသန်းဆွေက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ အဖွဲ့ဝင် ၃ ဦးပါဝင်ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးအတွင်း စစ်ဆေးနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
သက်သေခံ အကျဉ်းချုပ် ရေးသားနေပြီဖြစ်၍ အချိန် ၂ ပတ်ခန့် အတွင်း ရဲတရားရုံးမှ ပြစ်ဒဏ် ချမှတ်ဖွယ်ရှိကြောင်း ပုသိမ်မြို့နယ်တွင် တာဝန်ထမ်းဆောင် နေသည့် ရဲအရာရှိတဦးက ပြောသည်။
“အခု သက်ချုပ်ရေးနေပြီ ဆိုတော့ ရေးပြီးတာနဲ့ နေပြည်တော်က ရဲချုပ်ဆီ တင်ပြပြီး ဟိုဘက်က ပြန်ချပေးလိုက်ပြီဆိုရင် အမိန့်ချလိမ့်မယ်။ အချိန် ၂ ပတ်အတွင်း ဖြစ်နိုင်တယ်။ အခုဟာက တိုင်းရဲတပ်ဖွဲ့ ကြီးကြပ်တယ် ဆိုပေမယ့် အမိန့်က နေပြည်တော်ကနေ တိုက်ရိုက် လာနေတာ။ သူတို့ကို ထိရောက်တဲ့ အပြစ်ပေးမှာတော့ သေချာတယ်” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။
လက်ထိတ် နောက်ပြန်ခတ်လျှက် အနေအထားဖြင့် သေဆုံးခဲ့သူ မသန်းသန်းအေးမှာ ပုသိမ်မြို့နယ် ထိန်ချောင်အုပ်စု သပြေပင် ကျေးရွာတွင် ခင်ပွန်းဖြစ်သူ ကိုနန်းဝင်းနှင့်အတူ နေထိုင်သူဖြစ်ပြီး ရွှေထည်ပစ္စည်း ပျောက်ဆုံးမှု တခုနှင့် ပတ်သတ်၍ ခင်ပွန်းဖြစ်သူ အဖမ်းခံခဲ့ရပြီးနောက် ဇွန်လ ၁၁ ရက်နေ့တွင် သံသယ တရားခံအဖြစ် ဆက်လက် ဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။
မသန်းသန်းအေးအား သင်္ဘောကျင်းစခန်းမှ ရဲများက ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (မြက်တိုစခန်း)၊ အမှတ် – ၁ (အသည်ကြီးစခန်း)၊ ပုသိမ်တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းတို့တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့ အထိ ချုပ်နှောင် စစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၁၇ ရက်နေ့ ညပိုင်းတွင် ရေနစ် သေဆုံးခဲ့ခြင်းဖြစ်သည်။
သံသယ တရားခံအဖြစ် ဖမ်းဆီးခံထားရသူ မသန်းသန်းအေးမှာ သပြေပင်ကျေးရွာသို့ သက်သေခံ ရွှေထည်ပစ္စည်းများ လိုက်လံပြသပြီး ပုသိမ်သို့အပြန် ပုသိမ်မြို့ ကြက်တန်းကူးတို့ အနီးတွင် လက်ထိတ် တန်းလန်းဖြင့် ရေထဲသို့ ခုန်ချသွားခြင်း ဖြစ်ကြောင်း လှေပေါ်တွင် အတူစီးနင်းလိုက်ပါခဲ့သူ မျက်မြင်သက်သေများက ဆိုသည်။
၁၇ ရက်နေ့ ည ၇ နာရီ ဝန်းကျင်ခန့်က ရေနစ်သေဆုံးသွားခဲ့သည့် မသန်းသန်းအေး၏ သက်မဲ့ခန္ဓာကိုယ်မှာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် လက်ထိတ် ၃ ခု ခတ်လျှက်သား အနေအထားဖြင့် ပြန်ပေါ်လာခဲ့ရာ ပုသိမ်မြို့ခံများ ရာနှင့်ချီ၍ စိတ်ဝင် တစား လာရောက် ကြည့်ရှုခဲ့ကြပြီး အင်တာနက် လူမှုကွန်ရက် များတွင်လည်း ၎င်း ဓာတ်ပုံ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
“အမျိုးသမီး တယောက်ကို လက်ထိတ် ၃ စုံတောင် ခတ်တယ်။ ခတ်ရာမှာလည်း နောက်ပြန် အနေအထားနဲ့ ခတ်ထားတယ်။ ဒါဟာ မလုပ်သင့်တဲ့ကိစ္စပါ။ လူမဆန်စွာ ဖမ်းဆီးချုပ်နှောင်တာ ဖြစ်တဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုလည်း ဖြစ်ပါတယ်။ ဒီကိစ္စကို ကျနော်တို့ နေပြည်တော်က ရဲချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီးအထိ စာရေး တိုင်ကြားထားပါတယ်” ဟု လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ရက် (HRDP) ဒါရိုက်တာ ဦးမြင့်အေးက ပြောသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၅ တွင် မည်သူ့ကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက် ကြမ်းကြုတ်စွာ၊ လူမဆန်စွာ၊ သိမ်ငယ်စေတတ်သော၊ ဂုဏ်ငယ်စေသော ဆက်ဆံမှုမျိုး မပြုလုပ်ရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်း မပြုလုပ်ရဟု ဖော်ပြထားသည်။
ပုသိမ်မြို့တွင် တာဝန် ထမ်းဆောင်နေသည့် ဒု ရဲအုပ် တဦးကလည်း “ဥပဒေအရ ကောင်မလေးကို ဖမ်းတာ မှန်တယ်။ ဒါပေမယ့် မှားယွင်းချက်က ဘာလဲဆိုတော့ လိုသည်ထက်ပိုပြီး မချုပ်နှောင်ရဘူး၊ လူသတ်၊ လုယက်၊ မုဒိန်းဆိုတာမျိုးက လက်ထိတ် နောက်ပြန် ခတ်တာ ပြဿနာမရှိဘူး။ သံသယ တရားခံ တယောက်ကို အဲဒီလောက်ကြီး လုပ်တာကျတော့ လိုသည်ထက် ပိုမို ချုပ်နှောင်တာမျိုး ဖြစ်နေတာပေါ့။ နောက်ပြီး တရားခံက သူတို့ လက်ထဲမှာရှိနေစဉ် သေဆုံးသွားတယ် ဆိုတော့ သူတို့မှာလုံး၀ တာဝန်ရှိပါတယ်” ဟု ပြောသည်။
မသန်းသန်းအေး သေဆုံးမှုအား သက်ဆိုင်ရာ ရဲစခန်းမှ မိဘဆွေမျိုးများထံ အကြောင်းကြားမှု မရှိကြောင်း၊ သပြေပင် ကျေးရွာ၌ ပစ္စည်းပြသခိုင်းစဉ် ရဲများက မသန်းသန်းအေးအား ရိုက်နှက် စစ်ဆေးမှုများ ရှိကြောင်း၊ ရိုက်နှက် စစ်ဆေးမှုများကို မခံနိုင်သည့်အဆုံး ရေထဲသို့ခုန်ချ၍ အဆုံးစီရင်သွားခြင်း ဖြစ်နိုင်ကြောင်း မသန်းသန်းအေး၏ ဆွေမျိုးများက ပြောသည်။
“ဦးဇင်းညီမဟာ ရွှေထည် ပစ္စည်းကို တကယ်ခိုးတယ် ဆိုရင် သူ့အသက် အသေခံပြီး ဒီပစ္စည်းတွေကို ကာကွယ် ပါ့မလား၊ ဒီပစ္စည်းတွေကို သူ့အသက်ထက် ပိုပြီး တန်ဖိုး ထားမလားဆိုတာ ရိုးရိုးလေးပဲ တွေးကြည့် စေချင်ပါတယ်။ ဦးဇင်းအနေနဲ့ ကိုယ့်ညီမ သေဆုံးရတဲ့ကိစ္စမှာ တာဝန်ရှိသူကို တာဝန်ရှိသလို အမှန်အတိုင်းပဲ ဖြစ်စေချင်ပါတယ်။ အခု မသန်းသန်းအေးရဲ့ အမေက သူ့သမီးစိတ်နဲ့ အိပ်ရာထဲ လဲနေပြီ” ဟု ကွယ်လွန်သူ မသန်းသန်းအေး၏ အစ်ကိုဝမ်းကွဲ တော်စပ်သူ လက်ပံ ကျောင်းတိုက်မှ ဦးနန္ဒာစရိယက မိန့်ကြားသည်။
မသန်းသန်းအေး၏ ခင်ပွန်းဖြစ်သူ ကိုနန်းဝင်းမှာ ပုသိမ်မြို့ရှိ ထောင်ကြီးချုပ်တွင် ချုပ်နှောင်ခံထားရပြီး ရွှေထည်ပစ္စည်း ပျောက်ဆုံးမှုနှင့်ပတ်သတ်၍ တရားစွဲဆို ခံထားရသည်။ ယခုလ ၂၅ ရက်နေ့တွင် ၎င်းအား ရုံးထုတ်စစ်ဆေးမည် ဖြစ်သည်။