သတင်း

ဆန္ဒပြ အလုပ်သမားများ တောင်းဆိုချက် ထိုင်း အလုပ်ရှင် လိုက်လျော

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချိုင်ဒေသက PC အမည်ရှိ ပင်လယ်အစားအစာ စက်ရုံ တခုတွင် ဆန္ဒပြခဲ့ကြသည့် မြန်မာ အလုပ် သမားများ၏ တောင်းဆိုချက်များကို လုပ်ငန်းရှင်က လိုက်လျောပေးမည် ဖြစ်ကြောင်း သိရသည်။

စက်ရုံမှ အလုပ်ထုတ်ခံထားရသူများကို ပြန်ခန့်ပေးရေး၊ အလုပ်သမားများကို အလုပ်ခန့်ရာတွင် ပွဲစားမပါဘဲ စက်ရုံမှ တိုက်ရိုက် ခန့် ရန်နှင့် အစိုးရက တရားဝင် သတ်မှတ်ထားသည့် ပိတ်ရက်မှ လွဲ၍ တခြားပိတ်ရက်များအား နေ့တွက်ခပေးရန် တို့ကို အလုပ်သမား ၂၅၀ ခန့်က ယမန်နေ့က တောင်းဆိုဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားများ တောင်းဆိုသည့် အချက် ၃ ချက်ထဲက အလုပ်ထုတ်ခံထားရသူများကို ပြန်ခန့်ပေးရေးနှင့် စက်ရုံမှ တိုက်ရိုက် အလုပ်ခန့်ရန် စသည့် အချက် ၂ ချက်ကိုသာ စက်ရုံမန်နေဂျာက လိုက်လျောပေးမည်ဟု လူ့ အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေး ရှင်း (HRDF) အဖွဲ့ဝင် ဦးတိုးက ဧရာဝတီသို့ ပြောသည်။

“အလုပ်ထုတ်လိုက်တဲ့ လူတွေကို အလုပ်ပြန်ခန့်မယ်၊ နားရက်အတွက် ပိုက်ဆံပေးရမယ်ဆိုတာကိုတော့ သဘောမတူသေးဘူး၊ အလုပ်သမားတွေကို ပွဲစား မသုံးဘဲနဲ့ အလုပ်ရုံက တိုက်ရိုက် အလုပ်ခန့်ဖို့ကို ညှိပေးမယ်ဆိုပြီး အဲဒါတွေကို သဘောတူညီမှု ရ ထားတယ်”ဟု ၎င်းက ဆိုသည်။

ပိတ်ရက်များ နေ့တွက်ခပေးရေးနှင့် ပတ်သက်၍ စက်ရုံ မန်နေဂျာများက ပြန်လည် စဉ်စားပေးမည်ဟု ပြောကြားကြောင်း ဦးတိုးက ဆက်ပြောသည်။

ယနေ့ စက်ရုံ မန်နေဂျာထံသို HRDF အဖွဲ့ အပါအဝင် ထိုင်း အလုပ်သမား ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ ဦးကျော် ကျော်လွင်၊ ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT)၊ ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကွန်ရက်(MWRN) အဖွဲ့ တာဝန်ရှိသူများက သွားရောက် ဆွေးနွေးရာ သဘောတူညီချက် တချို့ ရရှိခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အပတ် စနေနေ့က စက်ရုံအလုပ်သမား ၁၆၀ ကျော်ကို အလုပ်ဖြုတ်ရာမှ မကျေနပ်သဖြင့် အလုပ်သမားအများစုက ဆန္ဒ ပြခဲ့ကြကြောင်း၊ အလုပ်ဖြုတ်ခံရသူများထဲတွင် အသက်အရွယ် ကြီးသူ၊ ကိုယ်ဝန်ဆောင် မိခင်နှင့် ထိုင်းစကား မတတ် သူတို့ ပါဝင်ကြောင်း ဦးတိုးက ရှင်းပြသည်။

ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ ဦးကျော်ကျော်လွင်ကလည်း ရင်ဆိုင်နေရသည့် ပြဿနာများကို ၎င်းတို့ထံ ကြိုတင် တင်ပြရန်မှာကြားပြီး အလုပ်ရှင်နှင့် ညှိနှိုင်း ဖြေရှင်းပေးမည်ဟု အလုပ်သမားများကို ပြောကြားကြောင်း သိရသည်။

ဦးတိုးက ယင်း စက်ရုံတွင် တရားဝင် အလုပ်သမား လက်မှတ်များ ကိုင်ဆောင်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား ၃၀၀၀ ဝန်းကျင်ရှိပြီး မန်နေဂျာ အဆင့် လုပ်ကိုင်နေသည့် ထိုင်း အလုပ်သမား တချို့သာ ရှိကြောင်း ပြောဆိုသည်။

အလုပ်ထုတ်ခံရပြီး ဆန္ဒပြပွဲတွင် ပါဝင်သူ ကိုဇော်မျိုးက“ဆန္ဒပြသူတွေ အထဲမှာ အလုပ်မထုတ်ခံရတဲ့ သူတွေလည်းပါတယ်၊ သား သမီးတွေ အလုပ်ထုတ်ခံရတော့ မိဘတွေလည်း ဘယ်နေလို့ ပျော်မလဲ၊ ဒါကြောင့် အားလုံး တိုင်ပင်ပြီးတော့ ဆန္ဒပြကြတာ ဖြစ်ပါ တယ်”ဟု ပြောသည်။

ကိုဇော်မျိုးသည် ယင်း အလုပ်ရုံတွင် ၆ လခန့်အကြာ တနေ့ ဘတ် ၃၀၀ ဖြင့် အလုပ်လုပ်ကိုင်နေပြီး ထိုင်းစကား မတတ်ဟု ဆိုကာ  အလုပ်ထုတ်ခံရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မဟာချိုင်ဒေသတွင် ရေထွက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံအလုပ်ရုံ အများအပြားရှိပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၃ သိန်းဝန်းကျင် နေထိုင်ကြကြောင်း သိရသည်။

မဟာချိုင် ဒေသတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၊ ကလေးအလုပ်သမား အသုံးပြုမှုများ၊ အလုပ်ရှင်ကအလုပ်သမား များ အပေါ် နိုင့်ထက်စီးနင်း ဆက်ဆံမှုများ မကြာခဏဖြစ်ပေါ်နေကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများက ဖြေရှင်း ပေးသော် လည်း ပပျောက်သွားခြင်း မရှိကြောင်း သတင်းများတွင် ဖော်ပြကြသည်။

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား ၂ သန်းခွဲမှ ၄ သန်း ဝန်းကျင် ရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းများက ခန့်မှန်းထားသည်။

Loading