ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများအတွက် ဖွင့်လှစ်ထားသည့် အခမဲ့ စာသင်ကျောင်းများတွင် ကျောင်း အပ်နံှသူဦးရေ လျော့နည်းသွားကြောင်း မဲဆောက်မြို့တွင် ဖွင့်လှစ်ထားသည့် ကောင်းကင်ပြာ မူလတန်းကျောင်းအုပ် ထံမှ သိရသည်။
နိုင်ငံတကာ အကူအညီဖြင့် လည်ပတ်နေရသည့် ယင်းစာသင်ကျောင်းများအတွက် ယခုနှစ်တွင် ထောက်ပံ့မှုများ ရပ်ဆိုင်းလိုက်ရာ ကျောင်းသား မိဘများထံမှ ကျောင်းစရိတ်ကောက်ခံရန် စီစဉ်ခဲ့သဖြင့် ကျောင်းအပ်နံှသူဦးရေ လျော့နည်းလာခြင်းဖြစ်ကြောင်း ကောင်းကင်ပြာ ကျောင်းအုပ်ကြီး ဦးအောင်ဇော်ဦးက ဧရာဝတီသို့ ပြောသည်။
သူက “ကျနော်တို့ကျောင်းတွေမှာ ဘတ်ဂျက်မရှိတော့ဘူး။ ဘတ်ဂျက် ရှာနေချိန် ၁ လ၊ ၂ လ အတွင်းမှာ မိဘတွေဆီက ကျောင်းစရိတ် ဘတ် ၁၀၀၊ ၂၀၀ လောက် ကောက်မယ်လို့ စီစဉ်လိုက်တာ ကလေးတွေ ကျောင်းလာမအပ်တော့ဘူး” ဟု ရှင်းပြသည်။
အကြောင်းအမျိုးမျိုးကြောင့် ထိုင်း – မြန်မာ နယ်စပ်တွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များ၏ ကလေးများကို စာသင်ကြားပေးလျှက်ရှိသော ကောင်းကင်ပြာကျောင်း၊ New Wave၊ ယူနိုက်တက် ခရစ်ယာန်၊ ပြည်ချစ်၊ Love and Care စသည့် ကျောင်း ၅ ကျောင်းအတွက် ထောက်ပံ့မှုများကို ယခုနှစ်တွင် ရပ်ဆိုင်း လိုက်ခြင်း ဖြစ်ကြာင်း သိရသည်။
“ပြည်ပက အလှူရှင်တွေက ဒီနယ်စပ်ဘက်ကို ထောက်ပံ့ဖို့ အားမသန်တော့ဘူး။ ပြည်တွင်းထဲကိုပဲ ကူညီဖို့ အားသန်ကြတော့ တယ်” ဟု မယ်တော်ဆေးခန်းမှာ ကလေးသူငယ် ဖွံ့ဖြိုးရေးတာဝန်ခံ ဦးစောနေဦးက ပြောသည်။
ကျောင်းတကျောင်းစီတွင် ပျမ်းမျှ ကလေးငယ်ဦးရေ ၁၅၀ ခန့်ရှိပြီး အလှူရှင် အဖွဲ့အစည်းများထံသို့ အဆိုပြုလွှာ ရေးသားရာ တွင် အဆိုပါကလေးငယ်များ မြန်မာပြည်တွင်းသို့ ပြန်လည်ရွှေ့ပြောင်း ကျောင်းတက်နိုင်သည့် အာမခံချက် ပေးနိုင်ကြောင်း ထည့်သွင်း ဖော်ပြနိုင်မှုမရှိသည့် အတွက် ယင်းသို့ ထောက်ပံ့မှု ရပ်ဆိုင်းခြင်းဟု သိရကြောင်း ဦးအောင်ဇော်ဦးက ရှင်းပြသည်။
ထို့အပြင် မဲဆောက်ရှိ ရွှေ့ပြောင်းဆရာ၊ ဆရာမများ အစည်းအရုံးမှတဆင့် ပုဂ္ဂလိကဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ ထောက်ပံ့မှုများ ပြန်လည် ရရှိနိုင်ရန်အတွက် အကူအညီ တောင်းထားကြောင်းလည်း သူကပြောသည်။
“ဒီကြားထဲမှာ ဆရာ၊ ဆရာမတွေ လစာမယူဘဲ ဆန်၊ ဆီ ထောက်ပံ့မှုလောက်နဲ့ တာဝန် ထမ်းဆောင်သွားမယ်။ ကလေးတွေ အတွက် စာအုပ်စာတမ်း ကတော့ မနှစ်က ကျန်တာတွေရှိသေးလို့ လောက်ငတယ်။ တချို့ ကျောင်းရောက်မလာတဲ့ ကလေး တွေကို ဘာသာရေး အဖွဲ့အစည်းတခုက ကျောင်းထားပေးဖို့ ခေါ်သွားတာလည်း ရှိတယ်” ဟု အထက်ပါ ကျောင်းအုပ်ကြီးက ဆိုသည်။
ကောင်းကင်ပြာ မူလတန်းကျောင်းသည် မဲဆောက်တမြို့လုံးမှ ထွက်ရှိသည့် အမှိုက်များ စုပုံရာနေရာတွင် စားဝတ်နေရေး အတွက် မှီခိုနေထိုင်သည့် မိသားစုဝင်များ၊ တောင်ယာများနှင့် စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် မိသားစုဝင် ကလေး များအား အခမဲ့ ပညာ သင်ကြားပေးနေသည့် ကျောင်းတကျောင်း ဖြစ်ပြီး ကျောင်းသားပေါင်း ၁၆၀ ခန့် ရှိသည်။ ယင်းကျောင်းကို အမှိုက်ပုံကျောင်း ဟူ၍ လူသိများသည်။