ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး ဆွေးနွေးပွဲကို တာ့ခ်နာမြို့၌ ပြီးခဲ့သည့် စနေနေ့က ကျင်းပကြောင်း သိရသည်။
ယင်း နယ်စပ်ကုန်သွယ်ရေး Joint Working Group for Border Trade (JWGFBT) ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ် ကုန်သည်များက နယ်စပ် လမ်းကြောင်းမှ တဆင့် ရခိုင်ပြည်နယ် စစ်တွေမြို့ကို ၁၅ ရက်ကြာ လည်ပတ်ခွင့် တိုးမြှင့်ပေးရန် တောင်းဆိုချက်အား မြန်မာ အာဏာပိုင်များက ခွင့်မပြုကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သော ကုန်သည် ဦးလှမြင့် ဆိုသူက ပြောပြသည်။
“သူတို့အစည်းအဝေး မတိုင်ခင်ဆွေးနွေးမယ့် အချက်တွေကို ကြိုပြီးပို့ရတယ်။ အဲ့ဒီအထဲမှာ စစ်တွေမှာ ၁၅ ရက်နေထိုင်ခွင့်၊ တာ ကာ ၅၀၀၀၀ ကိုင်ဆောင်ခွင့်တွေ ပါတယ်။ ဒါတွေကို ကျနော်တို့က ပြည်နယ် အစိုးရကိုတင်ပြတဲ့ အခါကျတော့ စစ်တွေလုံခြုံရေး အခြေအနေကြောင့် လောလောဆယ် ခွင့်မပြုသေးဘူးလို့ အကြောင်းပြန်ပါတယ်”ဟု ၎င်းက ဆိုသည်။
ထိုပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွစလင်များ၏ ဥပုဒ်လအတွင်း လိုအပ်သည့် ကုလားပဲကို မြန်မာဘက်က တင်သွင်းလိုကြောင်း လည်း ပါရှိပြီး ကုလားပဲတင်ပို့မှုကို ယခင်က တပ်ရိက္ခာကြောင့် ဘင်္ဂလာဒေ့ရှ်ကို တင်သွင်းခွင့် မပြုသော်လည်း ယခုအခါ ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာ့ခ်နာမြို့ရှိ Cantral Resort ၌ နံနက် ၁၁ နာရီမှ နေ့လယ် ၂ နာရီထိ ကျင်းပသည့် JWGFBT ဆွေးနွေးပွဲကို မြန်မာဘက်မှ ကုန်သည်ကြီးများ ဒေသခံဌာနဆိုင်ရာ ကိုယ်စားလှယ်များပါဝင်သော ၁၇ ဦးပါအဖွဲ့က တက်ရောက်ပြီး ဘင်္ဂလားဒေ့ ရှ် နိုင်ငံဘက်မှ ကောက်စ်ဘဇား ဒု ခရိုင်မှူး ဖောရပ် နိုဒူလ် ဘာဆဲလ် ဦးဆောင်သော ၁၉ ဦး အဖွဲ့တက်ရောက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ ရှ် သတင်းစာများတွင် ဖော်ပြထားသည်။
ယခုဆွေးနွေးပွဲသည် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၀၁၂ ခုနှစ် မေလ ၂ ရက်က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ အပြီး ၇ ကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ပြီး ၈ ကြိမ်မြောက်ဆွေးနွေးပွဲကို လာမည့် စက်တင်ဘာလတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် မြန်မာနိုင်ငံဘက်မှ ရေချိုငါး၊ ပုစွန်များ၊ ဆီးယိုထုတ်မျိုးစုံ၊ ပဲ၊ ချင်း၊ နနွင်းများကို တရားဝင်တင်ပို့နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဆေးဝါးများ၊ သွတ်အိုးမျိုးစုံတို့ တင်သွင်းသည်။ တရားမဝင် လမ်းကြောင်းများမှ မြန်မာဘက်က သစ်၊ နွားများ၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ ဘိလပ်မြေ၊ မြေသြဇာတို့ တင်သွင်းနေကြကြောင်း သိရ သည်။
နှစ်နိုင်ငံ တရားဝင် နယ်စပ် ကုန်သွယ်ရေး ဆိပ်ကမ်းများကို မြန်မာဘက်၌ ရခိုင်ပြည်နယ်၊ စစ်တွေနှင့် မောင်တောမြို့များတွင် ဖွင့် လှစ်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်တွင် တာ့ခ်နာမြို့နှင့် စစ်တကောင်းမြို့များတွင် ဖွင့်လှစ်ထားသည်။
နှစ်နိုင်ငံ နယ်စပ်စီးပွားရေးသည် ၂၀၁၂ ခုနှစ် ရခိုင် ပဋိပက္ခမဖြစ်ခင်အထိ ကောင်းမွန်လာခဲ့သော်လည်း ယင်းနောက်ပိုင်း၌ အနည်း ငယ် ကျဆင်းသွားသည်ဟု တာ့ခ်နာမြို့ရှိ ဆိပ်ကမ်း အကောက်ခွန်ဝန်ထမ်း MR, Kashinက ပြောသည်။
“ရခိုင်ပြည်နယ်မှာ ပြဿနာတွေဖြစ်တော့ ကုန်အဝင် နည်းသွားတယ်။ အခုဆိုလည်း အရင်လောက် ကုန်မဝင်တော့ ဘူး။ အရင်က တပတ်မှာ စက်လှေ ၁၀ စီးလောက်ဝင်ရင် အခုဆို တပတ်မှာ ၅ စီးလောက်ပဲ ဝင်တော့တယ်”ဟု MR, Kashin က ပြောဆိုသည်။