နိုင်ငံခြားသား ခရီးသွားဦးရေ တိုးတက်လာတာနဲ့အတူ မြန်မာပြည်ရဲ့ နန်းမြို့တော်ဟောင်း မန္တလေးမှာ နိုင်ငံခြားသား လာရောက်လည်ပတ်သူဦးရေ များပြားလျက်ရှိပေမယ့် ခရီးသွားတွေကို ရေရှည်ဆွဲဆောင်နိုင်ဖို့ ဒေသခံတွေရဲ့ ယဉ်ကျေးမှု၊ ရှေးဟောင်းလက်ရာနဲ့ သဘာဝပတ်ဝန်းကျင်တို့ကို ထိန်းသိမ်းဖို့လိုနေသလို ဧည့်လမ်းညွှန် အလုံအလောက်မရှိတာကို ယခုနှစ် ခရီးသွားရာသီမှာ ကြုံတွေ့နေရပါတယ်။
ပြီးခဲ့တဲ့ ခရီးသွားရာသီဖြစ်တဲ့ အောက်တိုဘာကနေ ဧပြီလထိ ခရီးသွားအရေအတွက် အမြင့်ဆုံးလို့ ဆိုရလောက်အောင် များပြားခဲ့ချိန်အတွင်း ဧည့်လမ်းညွှန် အလုံအလောက်မရှိခဲ့ဘူးလို့ မန္တလေး ဧည့်လမ်းညွှန် အသင်းအဖွဲ့က အတွင်းရေးမှူး ကိုစည်သူက မကြာသေးခင်က ဧရာဝတီကို ပြောပါတယ်။
မနှစ် နိုဝင်ဘာက အမေရိကန် သမ္မတ ဘားရက် အိုဘားမား မြန်မာပြည်ကို လာရောက်လည်ပတ်ပြီးနောက်ပိုင်း နိုင်ငံခြားခရီးသွားဦးရေ ပိုများလာတာလို့ သူက ဆိုပါတယ်။ သမ္မတ အိုဘားမားက မြန်မာပြည်လာစဉ်တုန်းက မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေအပေါ် ချီးမွမ်းပြောဆိုခဲ့တဲ့နောက် အခုလို တိုးတက်လာတာပါ။ နောက်ပိုင်း စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားလာပြီး အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျ တို့လို နိုင်ငံတွေက လာရောက်လေ့လာ လည်ပတ်သူတွေ ပိုများလာပါတယ်။
မနှစ်က မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားပေါင်း တသန်းကျော်ရှိခဲ့တယ်လို့ အစိုးရရဲ့ ဇန်နဝါရီလထုတ် စာရင်းမှာ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်အတွင်းမှာ လာလည်သူပေါင်း ၈၁၆၀၀၀ ခန့်ရှိခဲ့တာနဲ့ နှိုင်းယှဉ်ရင် အများအပြား တိုးများလာတာပါ။ မြန်မာပြည်ရဲ့ ခရီးသွားဦးရေက ၂၀၂၀ ခုနှစ်အထိ နှစ်စဉ် ၇.၅ သန်းလာရောက်လည်ပတ်နိုင်ဖွယ်ရှိတာကြောင့် ခရီးသွားလုပ်ငန်းတွေ မြှင့်တင်နိုင်ဖို့ နော်ဝေအစိုးရက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့ဖို့ရှိတယ်လို့ အစိုးရက ဇွန် ၆ ရက်ကလည်း ကြေညာခဲ့ပါတယ်။
“ကျနော်တို့ ခရီးသွားလုပ်ငန်းက အရင်ကဆို ဖုတ်လိုက်ဖုတ်လိုက်ပါပဲ။ ၂၀၀၀ ခုနှစ်အစောပိုင်းကဆိုရင် ဧည့်သည်အလာနည်းတော့ ကိုယ့်အလှည့်ကျဖို့ကို စောင့်ရတာ။ လာလည်တဲ့သူထက် ဧည့်လမ်းညွှန်က ပိုများခဲ့တာ။ ဒါပေမယ့် အခုကတော့ အခြေအနေက ပြောင်းသွားပြီ” လို့ ကိုစည်သူက ပြောပါတယ်။
မန္တလေးဟာ ယဉ်ကျေးမှု အမွေအနှစ် နဲ့ သမိုင်းဆိုင်ရာ လေ့လာစရာတွေ ပေါများတဲ့ နေရာပါ။ မြို့ထဲက မဟာမြတ်မုနိ ရုပ်ရှင်တော်၊ အမရပူရက တောင်သမန်အင်းနဲ့ ဦးပိန်တံတား၊ မန္တလေးတောင်နဲ့ ကုန်းဘောင်ခေတ်လက်ရာ ရွှေကျောင်း၊ စစ်ကိုင်းတောင်ရိုး နဲ့ အင်းဝမြို့ဟောင်း စသဖြင့် စုံလင်လှပါတယ်။
ဒါပေမယ့် သဘာဝအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒ တွေ မရှိသလောက်ဖြစ်နေတာရယ်၊ ခရီးသွားလုပ်ငန်းတိုးတက်လာတာနဲ့အတူ မန္တလေးရဲ့ ရိုးရာယဉ်ကျေးမှုတွေ ပျောက်ကွယ်သွားမှာက စိုးရိမ်စရာပါ။ မန္တလေးဟာ နိုင်ငံခြားသားခရီးသွားတွေအတွက်သာမက ငယ်ရွယ်တဲ့ မြန်မာနိုင်ငံသား ခရီးသွားတွေအတွက်လည်း သမိုင်းအချက်အလက်တွေ လေ့လာနိုင်တဲ့ တန်ဖိုးရှိတဲ့ နေရာတခုဖြစ်ပြီး ရှေးဘုရင်မင်းတွေ ဘယ်လိုနေထိုင်ပြုမူခဲ့သလဲဆိုတာ ပြန်ပြောင်း တွေ့နိုင်တဲ့ ရှေးမူမပျက်ကျန်ရှိတဲ့ တခုတည်းသောနေရာဖြစ်တယ်လို့ မန္တလေးသား စာရေးဆရာ ဆရာဆူးငှက်က ဆိုပါတယ်။
“မြန်မာပြည်ရဲ့ မြို့တော်ဟောင်းတွေထဲ မန္တလေးက အကောင်းပကတိ နီးပါး ကျန်ခဲ့တဲ့နေရာ၊ မြန်မာဗိသုကာတွေက မြန်မာ မြို့ပြဗိသုကာနဲ့ လေးထောင့်စပ်စပ်ဆောက်ခဲ့တာ။ တပြလို့ ပြောတဲ့ ပေ ၅၅၀ ပတ်လည် အကွက်တွေမှာ မြို့တည်ထားပြီး မြန်မာ့ဗိသုကာလက်ရာတွေကို လေ့လာနိုင်တဲ့ တခုတည်းကျန်တဲ့ ရှားပါးမြို့တော်ပါ။ ဒါပေမယ့် မန္တလေးရဲ့ ဒီလို ရှားပါးလက်ရာတွေဟာ တဖြည်းဖြည်း တိုက်စားပျောက်ကွယ်သွားနေပြီ” လို့ ဆရာဆူးငှက်က ဆိုပါတယ်။ ၁၉၈၄ ခုနှစ် ဦးကျားကြီးဝင်း မီးလောင်ပြီးနောက်ပိုင်း မြို့ပြစီမံကိန်းနဲ့အတူ တရုပ်တွေရဲ့ ဝင်ရောက်အခြေချမှုကနေ မြို့ပြလူနေမှုစနစ် ပြောင်းလဲလာခဲ့တယ်လို့ ပြောပြပါတယ်။
မြို့ထဲက မန္တလေးသားများ မြို့ပြင်ရောက်ပြီး ကျူးကျော်နေထိုင်မှုများ ပိုမိုများပြားလာသလို တောင်းရမ်းစားသောက်သူ ကလေးလူကြီးများလည်း ပေါများလာပါတယ်။
“တောင်းတဲ့ပြသနာကလည်း အမြန်ကို သေချာဖြေရှင်းရမယ့် ကိစ္စ။ အခုပဲ ကျနော့်ကို ဧည့်လမ်းညွှန်တယောက်က ဖုန်းဆက်လာတယ်။ ရွှေကျောင်းမှာ နိုင်ငံခြားသားတွေကို လိုက်ပို့တုန်း ကိုရင်ငယ်လေးတယောက် နိုင်ငံခြားသားတွေဆီက ပိုက်ဆံလာတောင်းတယ်လို့ ကျနော့်ကို ပြောတယ်” လို့ ကိုစည်သူက ဆိုတယ်။ ရွှေကျောင်းဆိုတာ မြနန်းစံကျော်ရွှေနန်းတော်လို့ ခေါ်တဲ့ မန္တလေးနန်းတော်ထဲက မင်းတုန်းမင်းအိပ်စက်ခဲ့တဲ့အဆောင်ကို မင်းတုန်းမင်းနတ်ရွာစံပြီးနောက် သီပေါဘုရင်က နန်းတော်ထဲကအဆောင်ကို ဖျက်၊ လက်ရာမပျက် မန္တလေးတောင်ခြေမှာ ပြန်လည်ဆောက်လုပ်စေခဲ့တဲ့ ကုန်းဘောင်ခေတ် ရွှေနန်းတော်အဆောင်ပါ။
မန္တလေးတောင်ခြေက ရွှေကျောင်း၊ မဟာမြတ်မုနိ ဘုရားတွေမှာ ပိုက်ဆံလိုက်တောင်းတဲ့ ကလေး၊ လူကြီး၊ ရင်ခွင်ပိုက်ကလေးငယ်နဲ့မိခင်တွေအပြင် ကိုရင်ငယ်တချို့ကိုပါ စိတ်မကောင်းစွာ မြင်တွေ့ရတယ်။ တောင်းရမ်းမှုကလည်း အများသူငါ သဒ္ဒါစိတ်နဲ့ လှူချင်ရင်တောင် တယောက်ကို လှူပါက တပြုံလုံး တိုးဝှေ့ တောင်းလာတဲ့အတွက် အလှူပေးသူတွေပါ စိတ်ရှုပ်ပြီး နောက်တွန့် သွားစေတဲ့ မြင်ကွင်းကိုလည်း ကြုံရပါတယ်။
ခရီးသွား အလာအများဆုံးနေရာတခုဖြစ်တဲ့ တောင်သမန်အင်းသွားရာ လမ်းတွေမှာ အမှိုက်သရိုက်ပြန့်ကျဲနေပြီး တိရစ္ဆာန်အနံ့အသက်ဆိုးက လေထု သန့်ရှင်းမှုကို စိန်ခေါ်နေကြတယ်။ တောင်သမန်အင်းမရောက်ခင် မယ်ဇယ်ပင်တန်းအကြီးကြီးတွေနား ကျူးကျော်ရပ်ကွက်တွေ အများအပြား တွေ့ခဲ့ရပြီး သစ်ပင်ကြီးများအောက်မှာလည်း ပလပ်စတစ်အိတ် နဲ့ အမှိုက်ဆွေးများ ပြည့်နေတာကို တွေ့ခဲ့ရတယ်။ မယ်ဇယ်ပင်တန်းများအောက် လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကတည်းက ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီး အမှိုက်စနစ်တကျ သိမ်းဆည်းမှု မရှိတာ၊ ကျူးကျော်အိမ်တွေမှာ နေထိုင်သူများလာတာတွေဟာ တောင်သမန်အလှကို အကျည်းတန်စေတယ်လို့ မန္တလေးသားတို့က ဆိုကြပါတယ်။ ဧည့်လမ်းညွန်အသင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အပါအဝင် နိုင်ငံခြားသားအဝင်များတဲ့နေရာတွေမှာ သန့်ရှင်းရေး လုပ်ငန်းတွေကို လုပ်ပေမယ့် ထိထိရောက်ရောက်ကြီး လုပ်နိုင်တာ မဟုတ်ဘူးလို့လည်း သိရတယ်။
ရှေးဟောင်းသုတေသနတွေ ပျက်စီးဆုံးရှုံးရတာဟာ မြို့ပြစီမံကိန်းတွေများပြားလာတာအပြင် ဒေသဆိုင်ရာ စည်ပင်သာယာရေးဌာန၊ ဟိုတယ်ခရီးသွားဌာနနဲ့ ရှေးဟောင်းသုတေသန ဌာနတို့အကြား ချိတ်ဆက်မှု အားနည်းတာကြောင့်လို့ ဆရာဆူးငှက်က မြင်ပါတယ်။
“တောင်သမန်အင်းဆိုရင် သူ့မှာ သုံးရာသီအလှရှိတယ်။ နွေဆို ရေကျချိန်မို့ ယာခင်းတွေနဲ့ စိမ်းစိုနေတယ်။ မိုးတွင်းဆို ဒီယာတွေပျောက်ပြီး ရေပြင်ကျယ်ပြီး ပေါ်လာတယ်။ ဆောင်းဆို ငါးမျှားသူတွေနဲ့ မီးလှုံတဲ့ အလှအပတွေရှိမယ်။ အခုကျတော့ အင်းထဲကို ရေအပြည့်ဖြည့် ဆယ့်နှရာသီဖြည့်ပြီး အင်းလေလံတင်တာမျိုးလည်း လုပ်တယ်။ ဒီတော့ နှစ် ၁၆၀ ကျော်ပီဖြစ်တဲ့ တံတားကြီးရဲ့ ကျွန်းတိုင်တွေက ရေတနှစ်ပတ်လုံး တိုက်စားပီး ပျက်စီးတာတွေ ရှိလာတယ်။ ဒါကို အစားထိုးတော့ အင်္ဂတေ တိုင်တွေ ဖြစ်လာရော” လို့ ရှေးဟောင်းလက်ရာတွေ ပျက်စီးမှုအပေါ် မချိတင်ကဲ ဆိုပါတယ်။
မန္တလေးဒေသခံတွေနဲ့ နယ်ခြားက တရုတ်လူမျိုးတို့အကြား ယဉ်ကျေးမှုတိုးတိုက်မှုတွေ ဖြစ်လာတာကလည်း မြန်မာ့ယဉ်ကျေးမှု ဗဟိုချက်မမြို့ ပျောက်ကွယ်စေမယ့် အကြောင်းထဲက တခုပါ။ ၁၉၉၀ ခုနှစ်များက ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်းစဉ်အောက်ကနေ ပြည်မက တရုတ်တွေ အများအပြား ထိုးဖောက်ဝင်ရောက်မှုကလည်း ဒေသတွင်းရှိ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေနဲ့ မြန်မာတို့အကြား ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိနေပါတယ်။
မန္တလေးဟာ စကျင်ကျောက်ဆစ် ဗုဒ္ဒရုပ်ပွားတော်အများဆုံး ထုလုပ်တဲ့ ဒေသဖြစ်ပြီး ကျောက်ဆစ်တန်းတလျှောက် ရုပ်ပွားတော်တွေ ထုလုပ်နေတာကိုလည်း နေ့နေ့ညည တွေ့နိုင်ပါတယ်။ ယခင်က မြန်မာ့ရိုးရာအတိုင်း ရုပ်ပွားတော်တွေကို ထုလုပ်ရတာထက် အခုချိန်မှာတော့ ကွမ်ရင်မယ်တော်နဲ့ ဥတိဗွား ရုပ်ထုတွေ ပိုထုရတယ်။ တရုပ်ပြည်ဈေးကွက်အတွက် ရာသီမပြတ်တင်ပို့ရတာကြောင့် အလုပ်လည်း မပြတ်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ရှေးယခင်က ကျောက်ဆစ်သမားများအတွက် အလုပ်ပါးတဲ့ရာသီကို “ဝါဆိုဝါခေါင် ဆူးဆောက်ပေါင်” ဆိုတဲ့ ဆိုရိုးစကားရှိခဲ့ပေမယ့် ယခုပြောင်းလဲလာပြီလို့ ဒေသခံတွေက ဆိုတာပါ။ တချို့ကတော့ ဒါက ပြည်မ တရုပ်က မြန်မာရဲ့ ရှားပါးသယံဇာတ စကျင်ကျောက်ကို ကုန်ကြမ်းအဆင့်အနေနဲ့ ဈေးပေါပေါ နဲ့ ဝယ်ယူတာလို့ ယူဆသူတွေလည်း ရှိပါတယ်။ ဘယ်လိုဖြစ်ဖြစ် မြန်မာ့ရိုးရာ ပန်းဆယ်မျိုး အနုပညာထွန်းကားတဲ့ မန္တလေးဟာ ယဉ်ကျေးမှု ရိုးရာတွေ တဖြည်းဖြည်း ဖုံးကွယ်ခံနေရတဲ့ အနေအထားထဲက တခု ဖြစ်ပါတယ်။
မြို့ပြစီမံကိန်းခေါင်းစဉ်အောက် အပန်းဖြေနေရာတွေရှိလာပြီး မန္တလေးကျုံးတလျှောက် ညနေခင်း အားကစားလုပ်သူ လမ်းလျှောက်သူတွေကိုလည်း တွေ့ရမှာပါ။ မန္တလေးမှာ စက်ဘီးစီးသူတွေကိုတော့ မြို့ပြင်ရပ်ကွက်တွေမှာကလွဲပြီး သိပ်မတွေ့ရတော့ဘဲ ဆိုင်ကယ်တွေကတော့ ခြေချစရာမရှိအောင် များပြားတာပါ။ ရွှေနန်းတော်ကိုလည်း အများပြည်သူ အပန်းဖြေစရာ နေရာ ပြည်သူ့ပန်းခြံအဖြစ် ပြောင်းလဲတော့မယ်လို့ သတင်းတွေ ထွက်နေတဲ့အပေါ် စိုးရိမ်သူတွေလည်း ရှိပါတယ်။ အခုလက်ရှိ ရွှေနန်းတော်ထဲမှာ စစ်တပ်တွေသာ ရှိပြီး ဝင်ရောက်လေ့လာလိုသူတွေက အုတ်မြို့ရိုးအဝမှာ အခကြေးပေးပြီး ဝင်နိုင်ပါတယ်။ ၁၉၉၃ ခုနှစ်က ပြုပြင်တည်ဆောက်ခဲ့တဲ့ နန်းတော်အဆောင်တွေနဲ့ အုတ်မြို့ရိုးကြား စစ်တပ်ဝင်းကတော့ ဂရုစိုက်မှုနည်းပြီး ခြုံနွယ်ပိတ်နေတာ၊ အမှိုက်သရိုက်ဖုံးနေတာလည်း မမြင်ချင်အဆုံး ဖြစ်နေပါတယ်။
ပြည်သူ့ပန်းခြံဆို အခုခေတ် ခေတ်မှီကစားကွင်းတွေထဲ့ စားသောက်ဆိုင်တွေထဲ့နဲ့ အခုခေတ်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်လိုက်ကြရင် ရိုးရာ သမိုင်းတွေ ပျောက်ကွယ်နိုင်တယ်လို့ ဆရာဆူးငှက်က ဆိုပါတယ်။ “ယဉ်ကျေးမှုပြတိုက်ဝန်းထဲ မြေဝိုင်းဇာတ်ကပွဲ၊ မြန်မာ့အစားအစာတွေ ခင်းကျင်းရောင်းချတာနဲ့ မြန်မာ့ပန်းတွေဖြစ်တဲ့ ဇွန်ပန်း၊ စံပယ်ပန်း၊ မြတ်လေးပန်းတို့ကို စိုက်တာမျိုးတွေ လုပ်ရမှာဖြစ်တယ်။” မြန်မာ့လူနေမှုစနစ်ကို ဖော်ညွှန်းတဲ့ ပဒေသရာဇ်ပြယုဂ်ကို ပေါ်လွင်စေမယ့် ပြတိုက်ဆန်ဆန် တည်ဆောက်သင့်တယ်။ ဒါမှသာ နိုင်ငံခြားခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်နိုင်မှာဖြစ်သလို တဖက်က သမိုင်းယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်မယ်လို့ သူက အကြံပြုပါတယ်။