ခေတ်နှင့် မလျော်ညီသည့် ဥပဒေများ၊ မူလပြဌာန်းထားသည့် ရည်ရွယ်ချက်နှင့် ကွဲလွဲကာ ကျင့်သုံးနေသည့် ဥပဒေများကို ဆက်လက် အသုံးပြုနေပါက တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာနိုင်သောကြောင့် ၎င်းတို့ကို ဖျက်သင့်ကြောင်း ရှေ့နေများနှင့် လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောသည်။
“ဒီအတိုင်းဆို တိုင်းပြည် ဘယ်လိုမှ ရှေ့ရောက်နိုင်မှာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ အရှေ့ကိုသွားမယ့် ကိစ္စကို နောက်ပြန် ဆွဲသလို ဖြစ်မယ်။ မလိုအပ်တော့တဲ့၊ ပြဌာန်းချက်နဲ့ လွဲနေတဲ့ ဥပဒေတွေကို ဖျက်ပြီး အများအကျိုးအတွက် ရေးဆွဲထားတဲ့၊ အသုံးပြုသင့်သေးတဲ့ ဥပဒေတွေကို ထားသင့်ရင် ဆက်ထားရမယ်” ဟု ရှေ့နေများ ကွန်ရက်မှ ရှေ့နေ ဦးကိုနီက ဆိုသည်။
ဖျက်သင့်သည့် ဥပဒေရှိသကဲ့သို့ မဖျက်သင့်ဘဲ ပြင်ဆင် အသုံးပြုသင့်သည့် ဥပဒေများလည်း ရှိကြောင်း၊ ၎င်းတို့ကို ပြင်၍ အသုံးပြုသင့်ကြောင်း၊ ထို့အပြင် ပြောင်းလဲသွားသည့် ခေတ်စနစ် များအရ အသစ်ရေးဆွဲသင့်သည့် ဥပဒေကို ရေးဆွဲ သင့်ကြောင်း၊ ယခုမူ ထိုသို့ မဟုတ်သောကြောင့် တိုင်းပြည်အတွက် အနှောင့်အယှက် တခုကဲ့သို့ ဖြစ်နေကြောင်း ရှေ့နေများက ပြောသည်။
“ပြင်ပြီးသုံးနေတဲ့ ဥပဒေတွေက သက်သေခံဥပဒေ၊ တရားမ ကျင့်ထုံးဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ။ ဒီဥပဒေတွေက အရမ်း ကောင်းတယ်။ ပြင်ပြီး သုံးနေတုန်းပဲ။ လိုရင် ခေတ်သစ်နဲ့ မညီရင် ပြင်ရုံပဲရှိတယ်။ ဒီထက် ကောင်းတဲ့ ဥပဒေတခုနဲ့ အစားထိုးရေးလို့ မရအောင် စနစ်တကျနဲ့ အင်္ဂလိပ်တွေ ရေးဆွဲပေးထားတဲ့ ဥပဒေတွေ” ဟု ရှေ့နေ ဦးကိုနီက ဆိုသည်။
ပြင်ဆင်၍ မရတော့သည့် အင်္ဂလိပ်အစိုးရက ပြဌာန်းခဲ့သော ဥပဒေများမှာ တရားမဝင် အသင်းအဖွဲ့များ ဥပဒေ၊ အသရေ ဖျက်မှု ဥပဒေပုဒ်မ ၅၀၀၊ မြန်မာအစိုးရ၏ လျှို့ဝှက် ဥပဒေ၊ မြို့ရွာ၊ ကျေးလက် ဥပဒေတို့ဖြစ်ပြီး ဒီမိုကရေစီခေတ်က ပြဌာန်း ခဲ့သည့် ဥပဒေများတွင် အရေးပေါ် စီမံမှုဥပဒေ၊ ဆိုရှယ်လစ်ခေတ်တွင် ပြဌာန်းခဲ့သည့် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် အက်ဥပဒေများအပြင် တပ်မတော်အစိုးရ လက်ထက်က ပြဌာန်းခဲ့သည့် အသင်းအပင်း ဖွဲ့စည်းခြင်း ဥပဒေ၊ အမျိုးသားစည်းလုံးညီညွတ်မှုကို ကာကွယ်သည့် ဥပဒေ၊ ကွန်ပျူတာ နည်းပညာဖွံ့ဖြိုးရေး ဥပဒေနှင့် ကြိုးမဲ့ ကြေးနန်း အက်ဥပဒေတို့ ဖြစ်ကြောင်း သိရသည်။
“၁၉၅၀ ပြည့်နှစ်က ဆွဲခဲ့တဲ့ အရေးပေါ် စီမံမှုဥပဒေဆိုရင် ရောင်စုံသူပုန်တွေ ထလို့ ပြဌာန်းခဲ့တယ်။ ရောင်စုံသူပုန် ပြီးတာ ကြာပြီ ဖြစ်ပေမယ့် ဒီဥပဒေကို မဖျက်ဘဲ ပြည်သူတွေကို ဒီဥပဒေနဲ့ နှိပ်ကွပ်ခဲ့တယ်။ နောက်တခုက ဥပဒေ ပုဒ်မ ၆ အသင်းအပင်း ဖွဲ့စည်းခြင်းဥပဒေ။ ဒီဥပဒေဟာ ၁၉၈၈ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ အဖွဲ့အစည်း တွေရဲ့ အနှောင့်အယှက်က ကာကွယ်ဖို့ ပြဌာန်းခဲ့တဲ့ ဥပဒေ၊ တက်လာတဲ့ အစိုးရတွေက အရပ်ဘက် လူ့အဖွဲ့အစည်းတွေ မပေါ်လာဖို့၊ အရပ်ဘက် အဖွဲ့အစည်းတွေကို နှိပ်ကွပ်ဖို့ ဒီနေ့အထိ သုံးနေတယ်” ဟု အလုပ်သမားများအတွက် ဆောင်ရွက် ပေးနေသည့် ရှေ့နေ ကိုဖိုးဖြူက ပြောသည်။
အထက်ပါ ဥပဒေများကို မဖျက်ခြင်းသည် ဒီမိုကရေစီ စနစ်ကို လက်မခံနိုင်သေးဟု ပြောသည်နှင့် အတူတူပင် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို သွားမည်ဆိုပါက အဆိုပါ ဥပဒေများအား လုံးဝ ပယ်ဖျက်ရမည် ဖြစ်ကြောင်း သူက ဆိုသည်။
ဖျက်သိမ်းသင့်သည့် ဥပဒေများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်တွင် အဆိုပြုထားခြင်းများ ရှိသော်လည်း မအောင်မြင်သည်က များကြောင်း၊ အဆိုပါ ဖျက်သိမ်းခွင့် မရသော ဥပဒေများကို ပြင်ဆင်နိုင်ရန် ဆက်လက် အဆိုပြုထားကြောင်း၊ ထိုသို့သော မလိုအပ်သည့် ဥပဒေများကို ဖျက်သိမ်းရန် လွှတ်တော် ကိုယ်စားလှယ်များကိုသာ အားကိုးမနေသင့်ဘဲ အရပ်ဘက် လူ့အဖွဲ့အစည်းများ ကလည်း ကြိုးပမ်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုအရ သိရသည်။
“လွှတ်တော်မှာ ဖျက်ပေးဖို့ တင်တဲ့ ဥပဒေတွေ တော်တော်များနေပြီ။ မအောင်မြင်သေးဘူး။ တင်တာတွေထဲက တခုဆိုရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀၊ အသရေ ဖျက်မှုပေါ့။ ဒါကို ကျနော်တို့ဆီမှာက ရာဇဝတ်မှုလို့ သတ်မှတ်တယ်။ တခြားနိုင်ငံ တွေမှာ ဒီပြစ်မှုက တရားမမှု။ ဒီပြစ်မှုအရ နစ်နာသူက လျော်ကြေးလိုချင်လို့ပဲ တရားစွဲလို့ရတယ်။ ထောင်ချ ပေးပါလို့ တရားစွဲလို့မရဘူး” သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဧရာဝတီသို့ ပြောသည်။
မြန်မာ ပြည်တွင် ပုဒ်မ ၅၀၀ အပြင် တခြားပယ်ဖျက်ရမည့် ဥပဒေ များစွာ ရှိနေကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် သတိမထားမိခြင်းများ ရှိနိုင်ပြီး ပြည်သူများက ဖျက်သင့်သည်ဟု ယူဆသည့် ဥပဒေကို နီးစပ်သည့် နိုင်ငံရေးသမားများ၊ အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ် များကို ပြောပြသင့်ကြောင်း သူက ဆိုသည်။
ဥပဒေနှင့် ပတ်သက်သည့် လွဲချော်မှုများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် ဖြစ်ပြီး ၎င်းက မမှန်သဖြင့် ယခင်က မှားယွင်းနေသည့် ဥပဒေများကို ပြင်ဆင်ရန်မှာ မဖြစ်နိုင်ကြောင်း၊ ဥပဒေကို လက်တွေ့ ကျင့်သုံးသူများမှာ ပြဌာန်းချက်များ အတိုင်း မဟုတ်ဘဲ အမိန့်နှင့် မိမိတို့ ကြိုက်သလို ကျင့်သုံးနေကြခြင်း၊ ဥပဒေကို လိုလျှင် လိုသလို၊ မလိုလျှင် မလိုသလို သုံးနေခြင်းများ အပြင် အာဏာရှိသူများကလည်း ဥပဒေကို ဝင်ရောက်စွက်ဖက်ခြင်းများ ရှိနေသဖြင့် ဥပဒေ၏ အခြေခံ သဘောတရားမှာ ပျက်ယွင်းနေခြင်း ဖြစ်ကြောင်း ရှေ့နေများကွန်ရက်မှ ရှေ့နေ ဦးဇော်ထွန်းက ဆိုသည်။
“ဥပဒေနဲ့ ပြည်သူကို ကာကွယ်မလား၊ ဖိနှိပ်မလား ဒါပဲရှိတာ။ ဒီမိုကရေစီ စနစ်မှာ ဥပဒေနဲ့ဆိုင်တဲ့ လွှတ်တော်က အဓိက။ လွှတ်တော်က ပြည်သူတွေရဲ့အသံနဲ့ သဘောထားကို နားထောင်ဖို့ လိုတယ်။ ပြည်သူကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေ၊ ရည်ရွယ်ချက်အတိုင်း အဓိပ္ပာယ်ဖွင့်ပြီး တရားမျှတစွာ စီရင်နိုင်ဖို့၊ မှန်ကန်စွာ အုပ်ချုပ်နိုင်ဖို့ ဒီလိုအခြေအနေတွေ ဖန်တီး ပေါ်ပေါက် လာနိုင်အောင် အားလုံးက ဝိုင်းဝန်းကြိုးပန်းရမှာပေါ့” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလသို့ သွားနေခြင်းဖြစ်သောကြောင့် ခေတ်မမီတော့သည့်၊ ခေတ်နှင့် မညီသည့်၊ ဒီမိုကရေစီ ကျင့်စင်များနှင့် မညီသည့် ဥပဒေများ အားလုံးကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်ရန် မိမိအပါအဝင် တခြား လွှတ်တော် ကိုယ်စားလှယ်များကလည်း ကြိုးစားနေကြောင်း ၎င်းက ဆက်ပြောသည်။
ဖျက်သိမ်းသင့်သည့် ဥပဒေများကို စဉ်းစားရာတွင် ၎င်းသည် အများအကျိုးအတွက် ဆွဲထားသည့် ဥပဒေ ဟုတ်၊ မဟုတ်၊ အစိုးရအနေဖြင့် ၎င်းတို့ အာဏာတည်မြဲရန် ပြုလုပ်ထားသည့် ဥပဒေ ဟုတ်၊ မဟုတ်၊ အခြေအနေ အကြောင်းကြောင်းကြောင့် ရေးဆွဲထားသည့် ဥပဒေ ဟုတ်၊ မဟုတ် စသည်တို့ကို စဉ်းစား၍ ဖျက်သင့်သည့် ဥပဒေများကို ဖျက်မည်ဆိုပါက အချိန်တို အတွင်း လွယ်ကူစွာ ပြီးမြောက်နိုင်မည်ဖြစ်ကြောင်း ရှေ့နေများက အကြံပြုကြသည်။
မြန်မာနိုင်ငံရှိ ဥပဒေများတွင် ကိုလိုနီခေတ်က အင်္ဂလိပ် အစိုးရ ပြဌာန်းထားသည့် ဥပဒေများ၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၄၈ နှင့် ၁၉၆၂ ခုနှစ်အကြား ဒီမိုကရေစီခေတ်တွင် ဒီမိုကရေစီ အစိုးရက ပြဌာန်းထားသည့် ဥပဒေများ၊ ၁၉၆၂ နှင့် ၁၉၇၄ ခုနှစ်အကြား အာဏာရှင်များ ပြဌာန်းထားသည့် ဥပဒေများ၊ ၁၉၇၄ မှ ၁၉၈၈ ခုနှစ် တပါတီ ဆိုရှယ်လစ် အာဏာရှင်များက ပြဌာန်းခဲ့သည့် ဥပဒေများနှင့် ၁၉၈၈ မှ ၂၀၁၀ ပြည့်နှစ် တပ်မတော် အစိုးရ အုပ်ချုပ်စဉ်ကာလ များတွင် ပြဌာန်းခဲ့သည့် ဥပဒေများ ရှိကာ ၎င်းတို့အနက် ဖျက်သိမ်းခဲ့သည့် ဥပဒေများ ရှိဖူးသော်လည်း ယခုတိုင် ဆက်လက် အသုံးပြုနေဆဲ ဥပဒေများလည်း ရှိကြောင်း သိရသည်။