သတင်း

တရားဥပဒေ စိုးမိုးမှု မရှိသဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေဆဲဟုဆို

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် လူ့အခွင့်အရေး အခြေအနေမှာ တိုးတက်မှု ရှိလာသော်လည်း တရားဥပဒေစိုးမိုးမှု မရှိသေးသောကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေဆဲ ဖြစ်ကြောင်း လူ့အခွင့်အရေး ဆောင်ရွက်နေသူများက ဧရာဝတီသို့ ပြောသည်။

စစ်တပ်မှ ကလေးစစ်သား အဖြစ် စုဆောင်းခြင်း၊ အသက်ပြည့်သူများကိုလည်း အတင်း အဓမ္မ စစ်တပ်ထဲသို့ ခေါ်သွင်းခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ ငွေရှင်ကြေးရှင်များက အာဏာပိုင်များနှင့် ပူးပေါင်း၍ လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ ဆင်းရဲမွဲတေမှုကြောင့် လူကုန်ကူးခံရခြင်း စသည့် ပြဿနာများစွာ ရှိနေသေးကြောင်း သိရသည်။

လက်နက်ကိုင် ပဋိပက္ခများ ရှိရာဒေသများသည် တခြားနေရာ ဒေသများထက် လူ့အခွင့်အရေး ပိုမိုချိုးဖောက်ခံနေရကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောသည်။

“လက်နက်ကိုင် အဖွဲ့အစည်းအားလုံးဟာ ပြည်သူလူထုအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတုန်းပဲ။ အစိုးရ စစ်တပ်အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါတယ်” ဟု သူကဆိုသည်။

၂၀၁၂ ဇွန်လတွင် စစ်တပ်မှ တပ်သားသစ် စုဆောင်းခြင်းနှင့် ပတ်သက်၍ ကချင်နှင့် ရှမ်းပြည်သူများ၏ တိုင်ကြားချက်ကြောင့်
မြစ်ကြီးနားမြို့သို့ ကွင်းဆင်းဆေးခဲ့ရာ စစ်ဘက်မှ ဗိုလ်မှူးတဦး အပါအဝင် တိုင်ကြားချက်အရ ပါဝင်ပတ်သက်သူ အားလုံးကို စစ်ဆေးရာ လက်နက်ကိုင် အဖွဲ့အစည်းများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း လူ့အခွင့်အရေး ကော်မရှင်က ဆိုသည်။

ကလေးစစ်သား ပြဿနာ လျော့ကျလာသော်လည်း ယနေ့အချိန်ထိ စစ်တပ်မှ ကလေးစစ်သား အဖြစ် စုဆောင်းခံရခြင်း၊ အသက်ပြည့်သူ များကိုလည်း အတင်းအဓမ္မ စစ်တပ်ထဲ ခေါ်သွင်းနေခြင်း တို့ကို လာရောက် တိုင်တန်းမှုများ ရှိနေ သောကြောင့် ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) နှင့် ဆက်သွယ် ဆောင်ရွက် ပေးနေရကြောင်း ILO နှင့် ဆက်သွယ် ဆောင်ရွက်သူများ ကွန်ရက်မှ ဦးသက်ဝေက ပြောသည်။

“လှိုင်မှာနေတဲ့ ကလေးတယောက် ဆိုရင် တပ်က ကလေးစစ်သားဆိုပြီး ပြန်လွှတ်ပေးလိုက်ပေမယ့် ဒီပြန်ရောက်တော့ HIV ဝေဒနာနဲ့ သေသွားတယ်။ ကျနော် လေ့လာကြည့်လိုက်တော့ တပ်ထဲမှာ ဆေးထိုးအပ် တချောင်းထဲကို အများ ဝိုင်းသုံးရာ ကနေ ကူးလာတာ။ သူတပ်ထဲ ပါသွားတုန်းက ၁၆ နှစ်ပဲ ရှိသေးတယ်။ ထွက်ပြေးတော့ အဖမ်းခံရပြီး မုပ္ပလင် ရဲဘက်စခန်းကို အပို့ခံရတယ်။ အသက်၂၀ လောက်မှ ILO ရဲ့ အကူအညီနဲ့ ပြန်လွတ်လာတာ” ဟု သူက ဆိုသည်။

ပြည်တွင်း ဥပဒေများသည် လူအခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီရန် လိုအပ်ကြောင်း၊ ဥပမာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် နှင့် ပတ်သက်၍ ခွင့်ပြုချက် တောင်းရန် လိုအပ်သော ပုဒ်မ ၁၈ ကို ပြန်လည် သုံးသပ်သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

“လူ့အခွင့်အရေးမှာ ပေးထားတဲ့ အခွင့်အရေးတွေ အားလုံးရဖို့ကတော့ ကျနော်တို့ တော်တော် ကြိုးစားရဦးမှာပါ။ လူအခွင့်အရေး ကြေညာစာတမ်းကို ကျနော်တို့ ပြည်တွင်း ဥပဒေစံနှုန်းအတိုင်း ရောက်အောင်တော့ ကြိုးပမ်းကြဖို့ အရေးကြီးတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

အစိုးရအနေဖြင့် လူ့အခွင့်အရေး လေးစာလိုက်နာရန်၏ လူ့အခွင့်အရေး ကြေညာစာတမ်းကို ဘာသာပြန်၍ အစိုးရ ဋ္ဌာနအဖွဲ့အစည်းများသို့ အုပ်ရေ နှစ်သောင်းခန့် ဖြန့်ဝေထားကြောင်း ဦးစစ်မြိုင်က ရှင်းပြသည်။

“လူ့အခွင့်အရေး ကြေညာစာတမ်းက ဖြန့်နေပြီဗျ။ ပြည့်စုံအောင် ပြောရရင် ၁၉၅၈ ခုနှစ်လောက်က ဘာသာပြန်တဲ့ စာမူ တခုလည်း ရှိပါတယ်။ အဲဒီမူကိုပဲ အရင်က သုံးနေကြတာပေါ့။ အခု ကျနော်တို့က အဓိပ္ပာယ် ပြည့်စုံမှန်ကန်အောင် ဘာသာပြန် ထားတယ်။ အဲဒီ စာမူကို ကော်မရှင်က အခြေခံပြီးတော့ ၆ လလောက် ပြင်ပြီး ဆွီဒင်က လူ့အခွင့်အရေး ပညာပေးတဲ့ အဖွဲ့က ကူညီတာ” ဟု သူက ဆိုသည်

အဆိုပါ လူ့အခွင့်အရေး ပညာပေးအဖွဲ့ ရန်ပုံငွေနှင့် အုပ်ရေ ၃ သောင်းကို အင်္ဂလိပ် – မြန်မာ နှစ်ဘာသာနှင့် ရိုက်ပြီး ဇွန်လ ၁၈ ရက်နေ့က ဖြန့်ဝေသည့် အခမ်းအနား လုပ်ခဲ့ကြောင်း၊ ဝန်ကြီးဋ္ဌာနများကို အုပ်ရေ ၂ သောင်းနီးပါးနှင့် လူမှုအဖွဲ့အစည်းများ အတွက် အုပ်ရေ ၅ ထောင်နီးပါး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကြေညာစာတမ်းကို ဖြန့်ဝေသောကြောင့် အဖမ်းခံခဲ့ရသော အခြေအနေမှ အစိုးရ ဖွဲ့စည်းပေးထားသော လူ့အခွင့်အရေး ကော်မရှင်က လူ့အခွင့်အရေး ကြေညာစာတမ်းကို ဖြန့်ဝေနိုင်ခြင်းသည် တိုးတက်မှုပင် ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောသည်။

“တချိန်တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းကို ဖြန့်ဝေလို့ အဖမ်းခံရတာရှိတယ်။ အဲဒီ အခြေအနေကနေ အခု လူ့အခွင့်အရေး ကော်မရှင်ကနေ ဖြန့်ဝေနိုင်တဲ့ အဆင့်ဟာ မြန်မာနိုင်ငံ အတွက်တော့ ကြီးမားတဲ့ ပြောင်းလဲမှုပဲ။ သူများနိုင်ငံမှာ လူ့အခွင့်အရေး အကြောင်းကို ကျောင်းသင်ခန်းစာတွေမှာ သင်နေတဲ့အချိန် ကျနော်တို့နိုင်ငံမှာ
ဖြန့်ဝေတဲ့ သူက ရာဇဝတ်မှုနဲ့ ထောင်ကျခဲ့ပါတယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး မရှိသရွေ့ လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ပြဿနာများ ရှိနေဦးမည် ဖြစ်ကြောင်း၊
ငွေရှင်ကြေးရှင် များက အာဏာပိုင်များနှင့် ပူးပေါင်းကာ ခြိမ်းခြောက် တရားစွဲထားသော ဖြစ်စဉ်များ ရှိနေကြောင်း၊
ဆင်းရဲမွဲတေ မှုကြောင့် လူကုန်ကူးခံရခြင်း၊ ကလေးသူငယ်များကို အိမ်ဖော်အဖြစ် စေခိုင်းနှိပ်စက်ပြီး ပစ္စည်းခိုးသည်ဟု ဆိုကာ တရာရုံးတင် စွပ်စွဲမှုများ ရှိနေကြောင်း ဦးသက်ဝေက ပြောသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဖွဲ့ခဲ့ပြီး ၉ လနှင့် တနှစ် အတွင်း လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားစာ ၃၀၀၀ ကျော် ရောက်ရှိလာခဲ့ကြောင်း၊ တိုင်ကြားစာအားလုံးကို အမှတ်စဉ်အလိုက် မှတ်တမ်းတင်ကာ ဥပဒေ ပညာရှင်များ ပါဝင်သော ကော်မရှင်အဖွဲ့က အစည်းဝေးထိုင် ဖြေရှင်းပေးနေကြောင်း သိရသည်။

“လူ့အခွင့်အရေး အခြေအနေ တိုးတက်လာလားလို့ မေးရင် တိုးတက်ဖို့ အားလုံးဝိုင်းလုပ်နေတဲ့ အဆင့်ပဲ ရှိသေးတယ်။အစိုးရပိုင်းမှာလည်း တာဝန်ရှိတယ်၊ ကျနော်တို့မှာလည်း တာဝန်ရှိသလို၊ Civil Society တွေမှာလည်း တာဝန်ရှိတယ်။ အရင်ခေတ်ကနဲ့ နှိုင်းယှဉ်ကြည့်ရင် တိုးတက်တယ်လို့ ပြောနိုင်ပေမယ့် ဘယ်လောက် တိုးတက်သလဲ ဆိုတာတော့ ပြောရခက်ပါတယ်။ တချို့ တိုးတက်မှုတွေက ထင်သာမြင်သာရှိပေမယ့် မတိုးတက်သေးတဲ့ အခြေအနေ တွေလည်း ရှိပါတယ်။ မဖြစ်မနေ လုပ်ရမယ့် အလုပ်တွေကလည်း အများကြီး ရှိပါသေးတယ်” ဟု ဦးစစ်မြိုင်က ဆိုသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံနေရကြောင်း တိုင်ကြားခံရလျှင် ဤဖြစ်စဉ်ကို မှန်ကန်မှု ရှိ မရှိ စုံစမ်းရပြီး ဖြစ်စဉ်မှန်ကန် ပါက မည်သူက ကျူးလွန်သည်ကို ဖော်ထုတ်ရကြောင်း၊ ဖော်ထုတ်ပြီးပါက မည်သို့ ဖြစ်ပွားသည်ကို သုံးသပ်ချက် ရေးရကြောင်း၊ ထို့နောက် အကြံပြုချက်၊ တိုက်တွန်းချက် ရေးရကြောင်း ဦးစစ်မြိုင်က လူ့အခွင့်အရေး ကော်မရှင်၏ လုပ်ငန်းစဉ်ကို ရှင်းပြသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရကြောင်း ကော်မရှင်က စုံစမ်းတွေ့ရှိသောအခါ သမ္မတရုံးသို့ အကြောင်းကြားစာ ပေးပို့ တင်ပြရကြောင်း၊ သမ္မတရုံးကလည်း သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနများသို့ ဆက်လက် ညွှန်ကြားပေးကြောင်း၊ သို့သော် ယင်း ဝန်ကြီးဋ္ဌာနများမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်း ကော်မရှင်၏ အဆိုအရ သိရသည်။

“အစိုးရဋ္ဌာနတွေကို ကျနော်တို့နဲ့ ပူးပေါင်းလာအောင်၊ တိုးတက်မှုတွေ ရှိလာအောင် နည်းမျိုးစုံနဲ့ လုပ်ရတာပေါ့။ဆောင်ရွက် ပေးတာတွေလည်း အထိုက်အလျောက် ရှိပေမယ့် ပူးပေါင်း ဆောင်ရွက်မှုကတော့ တော်တော်နည်းပါတယ်” ဟု
ကော်မရှင် အတွင်းရေးမှူးက ဆိုသည်။

အစိုးရသစ် လက်ထက်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု တိုင်ကြားခွင့် ရှိနေခြင်းသည်ပင် တိုးတက်မှု ဖြစ်ကြောင်း၊ တိုင်ကြားသူ များမှာလည်း သမ္မတရုံး၊ လွှတ်တော် ကော်မတီများ၊ သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနများနှင့် ကော်မရှင် အဖွဲ့အစည်း အသီးသီးကိုပါ လိပ်မူ၍ အနည်းဆုံး လိပ်စာ ၅ ခုခန့်အထိ တိုင်ကြားမှုများ ရှိလာသည်ကို တွေ့ရကြောင်း လူ့အခွင့်အရေး ကော်မရှင်က ပြောသည်။

Loading