ရခိုင်ပြည်နယ် ကျောက်ဖြူဒေသတွင် တည်ဆောက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအား အမြန်ဆုံး အကောင် အထည်ဖော်လိုကြောင်း တရုတ် အစိုးရက ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံတော် ကောင်စီဝင် မစ္စတာ ရန်ကျဲချိသည် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ယမန်နေ့က တွေ့ဆုံစဉ် ကျောက်ဖြူ အထူးစီးပွားရေး ဇုန် စီမံကိန်းအား အမြန်အကောင်အထည်ဖော်ရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံ၏ အနောက်တောင်ပိုင်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လိုကြောင်း ဆွေးနွေးသွားသည်ဟု ယနေ့ထုတ် အစိုးရသတင်းစာ များက ရေးသားထားသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ သမ္မတ ဦးသိန်းစိန်၏ ပြောဆိုမှုကို အသေးစိတ် ဖော်ပြထားခြင်း မရှိ ဘဲ ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ထောင်ခြင်းဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်လာမည်ဟုသာ သတင်းစာများက ဖော်ပြ ထားသည်။ မြန်မာ အစိုးရသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၌ လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ခဲ့ဖူးသည်။
ထိုသို့ ဖိတ်ခေါ်ထားသော်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ လျှပ်စစ်မီး ၂၄ နာရီသုံးစွဲနိုင်မှု၊ ကုန်ထုတ် ပစ္စည်းများ အတင်အချပြုလုပ်မည့် ဆိပ်ကမ်းများ စသည့် အခြေခံ အဆောက်အအုံများကို ကနဦး တည်ဆောက်ထားမှု မရှိသေးပေ။
“ကျောက်ဖြူဇုန်က တရုတ်အကျိုးစီးပွားအတွက် အရေးပါနေတော့ သူတို့က မြန်မြန် ဖြစ်စေချင်မှာပဲ၊ ဒါပေမယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရ အာဏာပိုင်တွေဘက်က ဘာမှ ရှင်းလင်းပြောဆိုတာ မရှိသေးပါဘူး”ဟု ကျောက်ဖြူ အထူး စီးပွားရေး ဇုန် စီမံကိန်းများ လေ့လာစောင့်ကြည့်ရေး ကော်မတီ အတွင်းရေးမှူး ဦးအေးဇံ က ဧရာဝတီ ကို ပြောသည်။
စီမံကိန်း တည်ဆောက်မည်ဆိုပါက လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်မီး ရရှိရေးကို ကနဦးဆောင်ရွက်ထားမှသာ နိုင်ငံတ ကာ စီးပွားရေးလုပ်ငန်းရှင်များက စိတ်ဝင်စားမည်ဖြစ်ကြောင်းလည်း ကျောက်ဖြူအထူးဇုန် စီမံကိန်းတည်ဆောက်မည့် မြေ နေရာ များကို လာရောက်လေ့လာခဲ့သည့် ဂျပန်ပညာရှင်များက မြန်မာအစိုးရကို တိုက်တွန်းထားသည်။
ရခိုင်ပြည်၌ တည်ဆောက်နေသည့် ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း အပါအဝင် တရုတ်စီမံကိန်းများသည် ပွင့်လင်း မြင်သာမှု အားနည်းသည့်အတွက် တရုတ် ဦးဆောင်မည့် စီမံကိန်းများကို ဒေသခံများက လိုလားမှု မရှိပေ။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းများတွင်မူ တရုတ်နိုင်ငံ ပါဝင်မှု အခန်းကဏ္ဍ လျှော့ချသွားမည်ဟု စီမံကိန်း ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမား ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမြင့်သိန်း က ပြော ဆိုထားသည်။ သို့သော် ထိုစီမံကိန်း၌ တရုတ်နိုင်ငံက အဓိက ပါဝင်ဆောင်ရွက်လာနိုင်ဖွယ် ရှိသည်ဟု ခန့်မှန်းမှုများရှိနေ သည်။
စတုရန်း ကီလိုမီတာ ၁၂၀ ကျယ်ဝန်းမည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီက အဓိက တာဝန်ယူ တည်ဆောက်ရန် လျာထားကြောင်း သိရသည်။ ထိုဇုန်တွင် ဂျပန် အင်ဂျင်နီယာ ကုမ္ပဏီ Nippon Koei Co.,Ltd က ပါဝင်မည်ဟု ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောဆိုခဲ့ဖူးသော်လည်း အသေးစိတ် ပြောဆိုခြင်း မရှိသေးပေ။
CITIC တရုတ်ကုမ္ပဏီ၏ ကြိုတင်လေ့လာချက်အရ ထိုအထူးစီးပွားရေးဇုန်၌ ကနဦးရင်းနှီးမြှုပ်နှံမှုငွေ ပမာဏမှာ အမေရိကန် ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံ လိုမည်ဖြစ်ကြောင်း၊ နှစ်ပေါင်း ၃၅ နှစ်အတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၈၉ ဒသမ ၂ ဘီလီယံ ရှိကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် ထုတ်ပြန်ခဲ့သည့် ရခိုင့် ရေနံစောင့်ကြည့်ရေး အဖွဲ့အစီရင်ခံစာက ဆို သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဒေသထွက်ကုန် ပစ္စည်းများအား ကုန်ချောထုတ်လုပ်မည့် စက်မှုဇုန်များ၊ အထူး ဇုန်များ၊ ဆိပ်ကမ်းများ၊ ဟိုတယ်ဇုန်များ ပါဝင်မည်ဖြစ်ကြောင်း အကြမ်းအားဖြင့် လျာထားသည်။
ထိုဇုန်မှ ထွက်ကုန်ပစ္စည်း များကို မကြာခင် တည်ဆောက်မည့် ကျောက်ဖြူ-ကူမင်း အမြန်ရထားလမ်းမှတဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပို့ဆောင်မည်ဖြစ်ပြီး ယူနန် မှ တဆင့် ကမ္ဘာအရပ်ရပ်သို့ တင်ပို့နိုင်ရန်လည်း တရုတ်အစိုးရ က စီစဉ်ထားကြောင်း သိရသည်။