ဇွန်လ ၂၇ ရက်နေ့တွင် အင်းစိန်မြို့နယ် တောရတပ်ဦးကျောင်းတိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် ကျင်းပမည့် သံဃာ့စုဝေးပွဲတွင် “မျိုးစောင့်ဥပဒေ” ဟု လူသိများနေသည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများနှင့် ဘာသာခြားများ လက်ထက်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေသစ်ကို လွှတ်တော်သို့တင်သွင်းရန် အတည်ပြုနိုင်ဖွယ် ရှိနေသော အချိန်တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းဥပဒေကို မထောက်ခံဟု ဆိုသည်။
ယနေ့ ဇွန်လ ၂၅ ရက် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် မီဒီယာကန်တင်းတွင် ပြုလုပ်သော အမေးအဖြေ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “ဘာသာတရားကို ကာကွယ်တာဟာ အဓိကက ယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားတဲ့လူတွေရဲ့ ယုံကြည်မှုက ခိုင်မာရင် ဘယ်အရာကမှ၊ ဘယ်သူကမှ လာလှုပ်လို့ မရဘူး” ဟု သတင်းထောက်တဦးက မြန်မာပြည်တွင် ဗုဒ္မ္ဂဘာသာသည် ခြိမ်းခြောက်ခံနေရပြီး ဥပဒေတရပ် ထုတ်ပြန်ကာကွယ်ရန် လိုအပ်နေပြီဟု ယူဆပါသလားဟု မေးမြန်းမှုကို ပြန်လည်တုန့်ပြန်ဖြေဆိုကြောင်း သိရှိရသည်။
“မျိုးစောင့်ဥပဒေ” ဟုခေါ်ဆိုနေကြသော အဆိုပါ ထိမ်းမြားလက်ထက်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းအား မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူက ယခုလ ၁၃ ရက်နေ့က မှော်ဘီမြို့ ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမကျောင်းတိုက်၌ ပြုလုပ်ခဲ့သည့် ဗုဒ္ဒသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ဖြန့်ဝေကာ မီဒီယာသို့ ထုတ်ပြန်တင်ပြသွားအပြီး ကန့်ကွက်မှုများနှင့် ကြုံနေရသည်။ ရန်ကုန်မြို့ အခြေစိုက် အမျိုးသမီးအဖွဲ့ ၈ ဖွဲ့က ဆန့်ကျင်ကန့်ကွက်ကြောင်း ဇွန်လ၁၆ ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သလို အမေရိကန်အခြေစိုက် RFA သတင်းဌာနနှင့် ယခင်အပတ်က အမေးအဖြေပြုလုပ်ရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးနှင့် လူ့အခွင့်အရေး စံနှုန်းများနှင့် မကိုက်ညီဟု ပြောဆိုခဲ့သည်။
အင်းစိန်မြို့နယ်တွင် မကြာမီ ကျင်းပတော့မည့် သံဃာအစည်းအဝေးတွင် လက်ရှိ ဖြန့်ဝေထားသော မျိုးစောင့်ဥပဒေမူကြမ်းကို ပြန်လည်ပြင်ဆင်ထားပြီး တက်ရောက်လာသူများအားလုံး၏ သဘောထား မှတ်ချက်များနှင့်အတူ လွှတ်တော်တွင် အတည်ပြုပြဌာန်းနိုင်ရန် မျှော်လင့်ထားကြောင်း အရှင်ဦးဝီရသူက ဧရာဝတီသို့ ပြောသည်။
ထိုပွဲသည် ယခင် မှော်ဘီမြို့နယ်တွင် ကျင်းပခဲ့စဉ်ကထက် သံဃာတော်များ ပိုမိုတက်ရောက်ကြမည်ဖြစ်ပြီး ပြည်သူလူထုများထံမှလည်း မျိုးစောင့်ဥပဒေအပေါ် ဆန္ဒသဘောထား လက်မှတ်များ ကောက်ခံထားကြောင်းလည်း ပြောသည်။
“ဒီဥပဒေကို လွှတ်တော်မှာ အတည်ပြုလို့ရအောင်အထိ မျှမျှတတ ရေးဆွဲထားတယ်။ ပြည်သူတွေရဲ့ လက်မှတ်အင်အားကို ကြည့်ပြီး ပြည်သူ့ကိုယ်စားလှယ်တွေကလည်း ပြည်သူတွေ လိုလားတာကို အကောင်ထည်ဖော်ပေးလိမ့်မယ်လို့လည်း မျှော် မှန်းထားတယ်။ ဥပဒေသာ အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် ဘာသာတခုနဲ့တခု၊ လူမျိုးတခုနဲ့တခုကြားမှာ အနိုင်ကျင့် လို့ အကြမ်းဖက်လို့ မရတော့ဘူး” ဟု အရှင် ဦးဝီရသူက မိန့်ကြားသည်။
လူအများ ပြောဆိုဝေဖန်နေကြသော ဥပဒေကြမ်းကို ပြန်လည်ပြင်ဆင်ထားပြီး ထိုဥပဒေဖြန့်ဝေပြီးမှသာ လူ့အခွင့်အရေးချိုး ဖောက်မှုရှိခြင်း၊ မရှိခြင်းကိုလည်း ဝေဖန်ပြောဆိုနိုင်ကြောင်း၊ လက်ထပ်ခွင့်အတွက် မိဘ၊ မြို့နယ်၊ ကျေးရွာ အုပ်ချုပ်သူများ ၏ ခွင့်ပြုချက်ယူရန်လိုခြင်း၊ ဘာသာမတူသောသူများအကြား လက်ထပ်ခြင်းကို ကန့်သတ်ခြင်း စသည့်အချက်များကို ပြန် လည်ပြင်ဆင်ရေးဆွဲထားကြောင်းလည်း ပြောဆိုသည်။
ဦးဝိရသူတင်သွင်းသော “အမျိုးစောင့်ဥပဒေ”ကို ထောက်ခံသူများက မိတ္တူကူးကာ နီးစပ်ရာမိတ်ဆွေများသို့ ဖြန့်ဝေကြရင်း မြို့နယ်များသို့ ပြန့်နှံ့ရောက်ရှိနေရာ ဥပဒေတစ်ရပ်အဖြစ် ပေါ်ပေါက်သင့်သည်၊ မပေါ်ပေါက်သင့် ဟူသော ဝိဝါဒများ ကွဲပြားနေသည်။
မျိုးစောင့်ဥပဒေကို ထောက်ခံလက်မှတ်ထိုးသူများ များပြားလျှက်ရှိကာ လက်ရှိ ထောက်ခံသူများတွင် ဘာသာခြားများလည်း ပါဝင်ပြီး ထောက်ခံသူ လူဦးရေ ၁ သန်းကျော်နေပြီ ဖြစ်ကြောင်း ဦးဝီရသူက ပြောဆိုသော်လည်း သာသနာတော်ဘက်မှ ဥပဒေတရပ် ပြဌာန်းလာခြင်းမှာ မဖြစ်သင့်ကြောင်း၊ မျိုးချစ်စိတ်ဟု ကြွေးကြော်နေရုံဖြင့် မဟုတ်ပဲ လူမျိုး ဘာသာမခွဲခြားပဲ နိုင်ငံသားများ၏ အခွင့်အရေးနှင့် နိုင်ငံသား ဥပဒေများကို လေးစားလိုက်နာမှသာ စစ်မှန်သော မျိုးချစ်စိတ်ကို ဖော်ပြရာရောက်ကြောင်း ဗေဒါ နိုင်ငံတော် တည်ဆောက်ရေး သင်တန်းကျောင်းမှ ဒါရိုက်တာ ဦးအောင်နိုင်က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသားများအနေဖြင့် စစ်အာဏာ၏ လက်အောင်တွင် နှစ်ပေါင်း ၅၀ ကျော် နေခဲ့ရသောကြောင့် နိုင်ငံသားပညာရေးဖြစ်သော civic education များ အားနည်းခဲ့ရပြီး ယခုလို အကြမ်းဖက်မှုများ၊ ဘာသာရေးအခြေခံ အဓိကရုဏ်များ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နှစ်ပေါင်းများစွာ စိတ်ဓာတ် အဖျက်ဆီးခံလိုက်ရတဲ့ အတွက် အခုလို ပွင့်လင်းလာတဲ့အခါမှာ အသွင်ပြောင်းထွက်လာတာ။ နောက်ဆုံးတော့ ကမ္ဘာမှာ ဗုဒ္ဓဘာသာပါ နာမည်ပျက် သွားခဲ့ရတယ်။ ဒီလိုနည်းတွေနဲ့က ဘယ်တော့မှ ငြိမ်းချမ်းရေး ဆိုတာကို တည်ဆောက်လို့မရဘူး။ နောက်ပြီး ပြည်သူတွေဆိုတာ အမြဲတမ်း ဥပဒေပြုဖို့ အဆင်မပြေတတ်ဘူး” ဟု ၎င်းက ဆက် ပြောသည်။
အမျိုးသမီးများ အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေကြသော RAINFALL အဖွဲ့မှ မဇင်မာအောင်က မိမိကိုးကွယ်သော ဗုဒ္ဓဘာသာ အယူအဆသည် ဝိဘဇ္ဇဝါဒဖြစ်ကြောင်း၊ ကိုယ်ပိုင် ဉာဏ်ဖြင့် အဖန်ဖန် ဆင်ခြင်သုံးသပ်ပြီးမှ လက်ခံတတ်သော ကာလာမသုတ်ပါ အနှစ်သာရ ဖြစ်ကြောင်း ၎င်း၏ကိုယ်ပိုင်ဖေ့ဘွတ်တွင် ရေးသားထားသည်။ “ဒီလို ဘုရားဟော တရား တွေ အသေအချာ ရှိပါလျက်နဲ့ လူသားတွေထဲက လူဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ဆင်ခြင်တုံတရားကို insult လုပ်တာကို မေးခွန်းထုတ်မိတဲ့ ကျမတို့ အမျိုးသမီးတွေကို ဖရုဿဝါစာ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ တုန့်ပြန်ကြတဲ့ အမျိုးချစ် ပုဂ္ဂိုလ်များကရော ဗုဒ္ဓရဲ့ အဆုံး အမနဲ့ အညီ နေထိုင်တတ်ပါပြီလား။ ယုံကြည်မှုဆိုတာ ရင်ထဲကလာတဲ့ ကိစ္စပါ” ဟု မျိုးစောင့်ဥပဒေကို ကန့်ကွက်သောကြောင့် ဖေ့ဘွတ်ပေါ်တွင် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုခံရမှုအပေါ် တုန့်ပြန်ရေးသားသလို ” ကျမ အမှတ်မမှားဘူးဆိုရင် ရဟန်းအမ ကျောင်းအမကြီး ဝိသာခါရဲ့ ခင်ပွန်းအသိုင်းအဝိုင်းဟာ ဗုဒ္ဓဘာသာတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် ဝိသာခါဟာ တခြားဘာသာဝင်ဖြစ်မသွားတဲ့အပြင် ဘာသာခြားတွေကိုတောင်မှ ဆွမ်းကွမ်း အလှူမပျက်ပါဘူး။ သောတာပန် အရိယာပါ။ မြတ်ဗုဒ္ဓကလည်း ဝိသာခါကို ဘာသာခြားနဲ့ ယူလို့ဆိုပြီး အပြစ်မပြောပါဘူး” ဟုလည်း ရေးသားထားသည်။