မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကပိုင်ကျေးရွာ တဝိုက်တွင် ယခုလမှ စတင် လုပ်ပိုင်ခွင့်ရသော ပုဂ္ဂလိက သစ်တော စိုက်ခင်း စိုက်ပျိုးခြင်းနှင့် ပက်သက်ပြီး ဒေသခံတောင်သူများနှင့် သစ်စိုက်ခင်း ကုမ္ပဏီတို့အကြား မြေပိုင်ဆိုင်မှု အငြင်း ပွားလျှက် ရှိနေကြောင်း သိရသည်။
ကပိုင် ကျေးရွာအနီးရှိ မြေဧက ၁၀၀ ပေါ်တွင် ကြိုးဝိုင်း ကာကွယ်တောအတွက် ပုဂ္ဂလိက သစ်စိုက်ခင်းကို နိုင်ငံတော်မှ လုပ်ပိုင်ခွင့် ပေးခဲ့သောကြောင့် Crude Ocean Petroleum Co, Ltd မှ သစ်စိုက်ခင်းအတွက် မြေနေရာများ ရှင်းလင်း နေကြောင်း၊ ထိုနေရာများတွင် ဒေသခံ တောင်သူလယ်သမားများ၏ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်သော မြေနေရာများလည်း ပါဝင်ကြောင်း ကပိုင်ကျေးရွာ ဒေသခံတောင်သူ ဦးကြည်လင်းက ဧရာဝတီသို့ ပြောသည်။
“အခုသူတို့ လုပ်ငန်းစနေတာက စိုက်နေတဲ့ လယ်မြေတွေရဲ့ ဘေးနဲ့ ကပ်ကပ်လေးတွေ။ အဲဒီ နေရာတွေက တောင်သူတွေ ပိုင်တဲ့ ဦးပိုင် ပေါက်ပြီးသား နေရာတွေလည်း ပါတယ်။ ဦးပိုင်လျှောက်ထားဆဲ ဖြစ်တဲ့ နေရာတွေလည်း ပါတယ်။ လယ်မြေတွေ ထဲတော့ ဝင်လုပ်တာ မရှိသေးပေမယ့် တောင်သူတွေ အနေနဲ့က ဒီနေရာတွေမှာလည်း ကျွဲ၊ နွား စတဲ့ တိရစ္ဆာန်တွေ လွှတ်ကျောင်းတဲ့ နေရာတွေ” ဟု ၎င်းက ဆိုသည်။
ဒေသခံ တောင်သူများအနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလနှင့် ဧပြီလများက ထိုနေရာများကို ဦးပိုင်အမည် ပေါက်ရန် လျှောက်ထား ခဲ့သော်လည်း ယနေ့အချိန်အထိ ခွင့်ပြုချက် မချပေးသေးကြောင်း၊ ယခုမှ ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်ပေးခြင်းက တောင်သူများ အတွက် များစွာ ထိခိုက်နစ်နာရကြောင်း ၎င်းက ဆက်ပြောသည်။
ထိုနေရာများ မရှိတော့လျှင် ဒေသခံ တောင်သူများအတွက် စိုက်ပျိုးရေးနှင့် ဆက်စပ်သော လုပ်ငန်းလုပ်ကိုင်ရန် အခက် တွေ့နိုင်ကြောင်း၊ ယခင်အစိုးရ လက်ထက်က လမ်းဖောက်လုပ် ခဲ့မှုကြောင့် လယ်မြေများ အသိမ်း ခံထားရပြီးနောက်ပိုင်း စိုက်ခင်းမြေ တိုးချဲ့ရန် နေရာမရှိတော့ သောကြောင့် ထိုနေရာများကို ဒေသခံတောင်သူများအား အသုံးပြုခွင့် ပေးသင့်ကြောင်း ကပိုင်တောင်ပိုင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။
“တောင်သူတွေက ဒီမြေတွေကို သစ်စိုက်ခင်း မလုပ်ဘဲ တောင်ယာနဲ့ လယ်တွေ လုပ်ချင်တယ်။ ဒါမှလည်း ဒေသရဲ့ စီးပွားရေး တိုးမြှင့်လုပ်ကိုင်နိုင်မှာ။ အခုလို သစ်စိုက်ခင်း လုပ်တော့ တောင်သူတွေအတွက် ပထမ လယ်မြေတွေ ဆုံးစဉ်က မြေအစားထိုး စရာနေရာ မရှိတော့ဘူးပေါ့” ဟု ၎င်းက ဆိုသည်။
သို့ရာတွင် မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းကမူ ယခု သစ်စိုက်ခင်းလုပ်ကွက်နှင့် ပက်သက်ပြီး အဆင့်ဆင့် ကွင်းဆင်း စိစစ်ပြီးမှ လုပ်ပိုင်ခွင့်ပြုခဲ့ကြောင်း၊ ကြိုးဝိုင်း သစ်တော အပြင်ဘက်တွင် ဒေသခံ တောင်သူများ၏ လုပ်ကွက်နှင့် ကင်းလွတ်သည့် အတွက် လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြန်လည် ရှင်းလင်းသည်။
ထို့အပြင် နှစ်စဉ် စိုက်ပျိုးနေသော လယ်ကွက်များ၊ တောင်ယာများကို သိမ်းယူကာ တခြားလုပ်ပိုင်ခွင့်များ ပြုတော့မည် မဟုတ်ကြောင်း၊ ယခုနောက်ပိုင်းတွင် ဒေသခံများ၏ လူမှုဘဝအတွက် ကြည့်၍ သစ်တော ဧရိယာအတွင်း ကျရောက် လျှက်ရှိသော ကျေးရွာ လူနေထိုင်ရာ နေရာများ၊ စိုက်ခင်းမြေနေရာများကို သစ်တော ဧရိယာအဖြစ် သတ်မှတ်ခြင်းများမှ ပယ်ဖျက်ပေးလျှက် ရှိကြောင်း ၎င်းက ဆိုသည်။
ကာကွယ်တော သစ်စိုက်ခင်းများကို လုပ်ပိုင်ခွင့် ပေးခြင်းနှင့်ပက်သက်ပြီး ရေဝေရေလဲ နေရာများ၊ သစ်ပင်ကြီးများ ပေါက်ရောက်လျှက် ရှိသော သစ်တောကြီးများ၊ သစ်ထုတ်လုပ်ရေး လုပ်ငန်း လုပ်ကိုင်နေသော သစ်ထုတ်ဇုန် ဧရိယာများ၊ ဒေသခံများ၏ စိုက်ခင်းမြေများတွင် နိုင်ငံတော်အနေဖြင့် ခွင့်ပြုခြင်း မရှိကြောင်း ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောသည်။
“ကျနော်တို့ဘက်က ဒေသခံတွေ အခက်ခဲဖြစ်အောင် မလုပ်ပါဘူး။ တကယ်စိုက်တဲ့ နေရာတွေမှာ သစ်စိုက်ခင်းကို လုပ်ပိုင်ခွင့် မပေးထားပါဘူး။ ဒါပေမယ့် အခု သစ်စိုက်ခင်း လုပ်ခွင့်ပေးလိုက်တာကြောင့် ဒေသခံတွေအနေနဲ့ အသစ်တိုးချဲ့မယ့် နေရာ ဆုံးရှုံးသွားမှာ စိုးရိမ်လို့ အခုလို ပြောနေကြတာ။ သစ်တောဧရိယာမှာ စားကျက်မြေ လုပ်တာရော၊ ဦးပိုင်အမည်ပေါက် လျှောက်ထားတာရောက ဥပဒေအရကို ခွင့်ပြုလို့မရပါဘူး” ဟု ၎င်းက ရှင်းပြသည်။
ယခု လုပ်ခွင့်ရသော သစ်စိုက်ခင်းနေရာသည် ဖုန်းဆိုးတောမြေ နေရာများဖြစ်ကြောင်း၊ ဒေသခံ တောင်သူများကိုလည်း ထိုကိစ္စ နှင့် ပက်သက်ပြီး လွန်ခဲ့သော လကတည်းက သေသေချာချာ ရှင်းပြီးဖြစ်ကြောင်း သစ်စိုက်ခင်း လုပ်ခွင့်ရ Crude Ocean Petroleum Co, Ltd မှ ဒါရိုက်တာ ဦးတင်လေးက ဧရာဝတီသို့ ပြောသည်။
ထိုနေရာများတွင် ၃၊ ၄ နှစ် တကြိမ် ဒေသခံများက ရွှေ့ပြောင်း တောင်ယာများ လုပ်ကိုင်ခဲ့ကြသော်လည်း ဦးပိုင်အမည် ပေါက်သော နေရာများ လုံးဝမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေနှင့် အညီ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မိမိတို့ သစ်စိုက်ခင်းများကို သစ်တောဥပဒေ၊ မြေယာဥပဒေအတိုင်း စိုက်ပျိုးမြေများ ဖြစ်ပါက ချန်ထားခဲ့မည်သာ ဖြစ်ကြောင်း၊ ဒေသခံများ၏ လူမှုဘဝကို ဖျက်ဆီးကာ တရားမဲ့ မြေသိမ်းထားသည်မှာ လုံး၀ မှန်ကန်မှုမရှိပါကြောင်း ၎င်းက ဆက်ပြောသည်။
“ဒေသခံတွေဆီက စီးပွားရေး လုယူချင်တဲ့စိတ် လုံးဝမရှိပါဘူး။ ကျနော်တို့လုပ်နေတာက တကယ့်သစ်တောမြေ တွေမှာပါ။ ဒေသခံတွေ ကသာ သစ်တောမြေတွေမှာ ကျူးကျော် ဝင်ရောက် လုပ်ကိုင်ခဲ့ကြတာ။ တကယ်လို့ ဦးပိုင် စာရင်းပေါက်တဲ့နေ ရာတွေဆို လုံးဝကို ချန်ထားခဲ့မှာပါ။ သက်ဆိုင်ရာကလည်း ဒါကို တော်တော်လေး စိစစ်ပြီး မှန်လို့ ကျနော်တို့ကို လုပ်ပိုင်ခွင့် ပေးခဲ့တာပါ” ဟု သူက ဆိုသည်။