သစ္စာနီ မီးလောင်ရာ လေပင့်တာလား

ငြိမ်းချမ်းအေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဆရာ သစ္စာနီ ရဲ့ ဆောင်းပါး “တိုင်းမ်မဂ္ဂဇင်း မီးလောင်ရာ လေပင့်တာလား” ဧရာဝတီ ဆောင်းပါး ဖတ်ရတယ်။  ဆရာ့ စာတွေနဲ့ အလှမ်းဝေးခဲ့တာကြာပေမယ့် ဆရာဟာ ကျနော်တို့ မျိုးဆက် ငယ်ဘဝ စိတ္တအာဟာရ အတွက် အရေးပါ ခဲ့သူ တယောက် ဖြစ်တဲ့ အတွက် ဆရာ့ကို လေးစားမှု ရှိလျက်ပါပဲ။  ဆရာ့ရဲ့ ကဗျာ၊ ဝတ္ထု၊ အက်ဆေး စာသားတွေ အလွတ်ရွတ်ပြနိုင်တဲ့ အချိန်တွေကို သတိရမိတယ်။  “သံချေးတက်နေသော တွယ်အပ်ကလေး” ကို စွဲလမ်းမိလို့ ငယ်ဘဝချစ်ရသူ ကောင်မလေးရဲ့ ကျောင်းမှတ်တမ်းစာအုပ်ထဲက လိုင်စင်ဓာတ်ပုံကလေးကို သိမ်းဖူးခဲ့တယ်။  ကောင်မလေးက အခုအချိန်ထိ ဓာတ်ပုံထဲကနေ မျက်မှောက်ကုတ်ပြီး ခပ်တည်တည်နဲ့ ကြည့်နေသေးသလို ဆရာ့ ရဲ့ အရေးအသားတွေကလည်း အခုအချိန်ထိ ကျနော့် ရင်ထဲမှာ ရှိနေသေးပါတယ်။

ခေတ်ပြောင်းချိန်လို့ ဆိုကြတဲ့ အခု နှစ်ပိုင်းမှာ ဆရာ နိုင်ငံရေး နဲ့ ဆက်စပ်တဲ့ အလုပ်တချို့၊ နိုင်ငံရေး (သို့ ) မျက်မှောက်ရေးရာ ဆောင်းပါးတွေလည်း အားပြု ရေးနေတယ်ဆိုတာလည်း ကြားမိပေမယ့် လက်လှမ်းမမီလို့ တခါမှာတော့ သေချာ မဖတ်ဖြစ်ခဲ့ပါ။  ဆရာ အွန်လိုင်းမှာ ရေးတဲ့ စာတချို့သာ သတိထားမိပါတယ်။ ကျနော့်လို ဘာမဟုတ်၊ ညာမဟုတ်တောင် “မတော်တဆ မဟုတ်တဲ့” နှစ်ရှည်လများ သည်းခြေပျက်၊ အချဉ်ပေါက်နေမှုကို ဖြေဖျောက်နိုင်အောင် အွန်လိုင်းမှာ မျက်မှောက်ရေးရာ နဲ့ ကိုယ်ပိုင် အာဘော် နိုင်ငံရေး ဆောင်းပါးတွေ ရေးနေသေးတာ ဆရာ့ လို စာစုံ ရေးနိုင်စွမ်းပြီး စာပေသြဇာ တိက္ကမကြီးတဲ့ စာရေးဆရာကြီး တယောက် အနေနဲ့ နိုင်ငံရေး နဲ့ မျက်မှောက်ရေးရာ အတွေးအမြင် ဆောင်းပါးတွေ ရေးတာ ဆရာ့ စာဖတ်ပရိသတ်အတွက် ဗဟုသုတပွား စဉ်းစားစရာ တိုးစေမှာ သေချာပါတယ်။  ဖတ်ဖြစ်လိုက်တဲ့ ဧရာဝတီ မှာ နောက်ဆုံး ရေးတဲ့ ဆောင်းပါး “တိုင်းမ်မဂ္ဂဇင်း မီးလောင်ရာ လေပင့်တာလား” ပါ ဆရာ့ သဘောထား အမြင်ကိုလည်း လေးစားပါတယ်။

(စာရေးသူ သည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာ ပညာ ရပ်များကို လေ့လာသင်ယူခဲ့ပြီး
ခေတ္တ နေထိုင်လျက်ရှိကာ ဝါသနာအရ အွန်လိုင်း မီဒီယာ များတွင် မျက်မှောက်
ရေးရာ နှင့် အထွေအထွေဆောင်းပါးများ
ရေးသားနေသူ တယောက် ဖြစ်သည်။ ဆက်သွယ်လိုသူများ [email protected] ထံ စာရေးဆက်သွယ်နိုင်သည်။)

ဒါပေမယ့် ဆောင်းပါးပါ ဆရာ ရဲ့ သဘောထား တချို့ နဲ့ တိုင်းမ်မဂ္ဂဇင်း ဆောင်းပါး ကို ဆရာ့ ရဲ့ အဓိပ္ပာယ်ကောက်ယူပုံ တချို့ ကိုတော့ ဆရာ့ ဆောင်းပါး ဖတ်ဖြစ်သူ တယောက် အနေနဲ့ ပြန်လည် ဆေးနွေးလိုပါတယ်။

ပထမ ဦးဆုံး အနေနဲ့ မူရင်း တိုင်းမ်မဂ္ဂဇင်း ဆောင်းပါး ပါ စာကြောင်း “Hard-line monks, like those in the BBS, have turned on minority Muslims and Christians, especially since the 26-year war against the largely Hindu Liberation Tigers of Tamil Eelam insurgency ended four years ago.” စာကြောင်းကို “BBS အဖွဲ့ဝင်တွေလို သဘောထား တင်းမာတဲ့ ဘုန်းကြီးတွေက ၂၆ နှစ်ကြာ တမီးလ် အီလန် ဟိန္ဒူ ကျားသူပုန်တွေကို လွန်ခဲ့တဲ့ လေးနှစ်အကြာက ရှင်းလင်းပြီးတဲ့နောက်မှာ လူနည်းစု မွတ်စလင်နဲ့ ခရစ်ယာန်တွေဘက်ကို မြားဦးလှည့် လာပါတယ်” လို့ ဆရာ့ ဆောင်းပါး မှာ ရေးထားတာ သတိထားမိပါတယ်။  ဆရာ့လို အင်္ဂလိပ်စာပေမှာပါ နှံ့စပ် ဟန်တူတဲ့ ပုဂ္ဂိုလ်တယောက် အနေနဲ့ တိုင်းမ်မဂ္ဂဇင်း မူရင်း အင်္ဂလိပ် ဆောင်းပါး ကို ဖတ်ပြီးပြီလို့ ယုံကြည်ပါတယ်။  မဖတ်ရသေးဘဲနဲ့ အခြား ထပ်ဆင့်တင်ပြတဲ့ မီဒီယာ ရဲ့ အာဘော်ပါ ဘာသာပြန်မှုကိုသာ ဖတ် ပြီး ဆရာ့ဆောင်းပါးမှာ တသဘောတည်း ယူသုံးတယ်ဆိုရင်တော့ ကျနော် အံ့သြမိမှာ အမှန်ပါပဲ။  ဆရာ့လို အင်္ဂလိပ်စာတတ် တယောက် ကို ယခု တွဲလျက် ဖော်ပြတဲ့ မူရင်း အင်္ဂလိပ်စာကြောင်း ဘာသာပြန်ပြစရာ လိုမယ် မထင်ပါ။

ဒါပေမယ့် အားလုံးသော စာဖတ်သူ အများ အတွက် မူရင်း စာကြောင်း အဓိပ္ပာယ်ကို ဆီလျော်အောင် ပြန်ရရင် “အထူးသဖြင့် ၂၆ နှစ်ကြာ တမီးလ် အီလန် ဟိန္ဒူ ကျားသူပုန်တွေ နဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲ လွန်ခဲ့တဲ့ ၄ နှစ်က အပြီးအပြတ် နီးပါး အဆုံးသတ်ပြီးတဲ့ အချိန်ကတည်းက (အချိန်နောက်ပိုင်းမှာ) BBS အဖွဲ့ဝင်တွေလို သဘောထား တင်းမာတဲ့ ရဟန်းတော်တချို့ဟာ လူနည်းစု မွတ်ဆလင် နဲ့ ခရစ်ယာန်တွေဘက်ကို မြားဦးလှည့်လာပါတော့တယ်” လို့သာ ရပါတယ်။

ဆိုတော့ မူရင်း အင်္ဂလိပ် စာကြောင်းမှာ ဆရာ့ ဆောင်းပါး မှာ စွပ်စွဲထားသလို “တမီးလ် ကျားသူပုန်တွေကို သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေက ရှင်းလင်းတယ်”ဆိုတဲ့ သဘောလုံးဝ မပါပါ။  “ရှင်းလင်းတယ်” ဆိုတဲ့ စကားလုံး အသုံးလည်း  ဟုတ်ကို မဟုတ်ပါ။  မူရင်း စာကြောင်းပါ “ended” စကားလုံးက “စစ်ပွဲ အဆုံးသတ်သည်” ကိုသာ ဆိုလိုပါတယ်။  စာကြောင်း ရှေ့က ခံထားတဲ့ ကြိယာဝိသေသန “largely” အသုံးကြောင့် “almost completely” သဘော “အပြီးအပြတ် နီးပါး စစ်ပွဲ အဆုံးသတ်သည့်(လွန်ခဲ့တဲ့ လေးနှစ်က အချိန်)” ဟု အဓိပ္ပာယ် ရပါတယ်။  သဘောထားတင်းမာတဲ့ ဘုန်းတော်ကြီးတချို့ အခြား လူနည်းစု နှစ်အုပ်စု အပေါ် ပို (အထူးသဖြင့်) ပစ်မှတ်ထားလာတဲ့ အချိန်ကို ဖော်ပြတဲ့ နောက်ဆက်တွဲ စာကြောင်း ကို “since” ဆိုတဲ့ “အချိန်” ဖော်ပြတဲ့ “conjunction” စကားဆက် (စာကြောင်းဆက် အသုံး) နဲ့ ချိတ်ဆက်ထားပါတယ်။  စစ်ပွဲအဆုံးသတ်ခြင်းဟာ ဘုန်းတော်ကြီးတွေ ကြောင့်လို့ ရေးမထားသလို ဘယ်သူ့ကြောင့်မှလို့လည်း ရေးမထားပါ။  နောက်ဆက်တွဲ စာကြောင်းဟာ အချိန်ကို ဖော်ပြတဲ့ စကားစု “clause” သက်သက် သာ ဖြစ်ပါတယ်။

“since” အချိန် ဖော်ပြမှု “conjunction” အသုံးကို အများ ပိုမို ရှင်းလင်းအောင် လွယ်ကူတဲ့ ဥပမာ စာကြောင်း ပေး ရရင် “I’ve been very busy since I came back from holiday.” “အလုပ်ရှုပ်နေတာ (အလုပ်စရှုပ်နေခဲ့တာ) အားလပ်ရက်က ပြန်လာကတည်းကပါပဲ ကွာ” စာကြောင်း မှာ “အလုပ်ရှုပ်တာ အားလပ်ရက်က ပြန်လာလို့” ဆိုတဲ့ သဘော အဓိပ္ပာယ် ဘယ်လိုနည်းနဲ့မှ မသက်ရောက်ဘဲ အလုပ်စရှုပ်တဲ့ “အချိန်” ဖော်ပြခြင်း သက်သက်သာ ဆိုတာ လွယ်လွယ်ကူကူ သိမြင်နိုင်မယ်လို့ ယူဆပါတယ်။

ဒုတိယ အနေနဲ့ တိုင်းမ်မဂ္ဂဇင်း မူရင်း အင်္ဂလိပ်စာစု “Since Burma began its reforms in 2011, with the junta giving way to a quasi-civilian government, surprisingly few people have called for holding the army accountable for its repressive rule. This equanimity has been ascribed to the Buddhist spirit of forgiveness. But Burma’s democratization has also allowed extremist voices to proliferate and unleashed something akin to ethnic cleansing.” ပါ နောက်ဆုံး စာကြောင်း ကို “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေဖြစ်ပေါ်စေမယ့် အစွန်းရောက်ဝါဒကို ပျိုးထောင်ပေးပါတယ်” လို့ ဆရာ အနက်ကောက် ထားပြန်ပါတယ်။  ဒါကို ဖတ်ရတော့ ဆရာ မူရင်း အင်္ဂလိပ်ဆောင်းပါး ကို ကိုယ်တိုင် တကယ် မှ ဖတ်ဖြစ်ခဲ့ရဲ့လား ကျနော့်စိတ်မှာ ပို သံသယ ဖြစ်မိလာပါတော့တယ်။

အထက်ပါ မူရင်း စာစုမှာ “ပြုပြင်ပြောင်းလဲမှုတွေ စခဲ့တဲ့ ၂၀၁၁ စစ်တပိုင်း အစိုးရ အာဏာရလာချိန်မှာ လူနည်းစုကပဲ စစ်အုပ်စု (အရင်) ဖိနှိပ်ခဲ့မှုတွေကို တာဝန်ယူပေးဖို့ တောင်းဆိုခဲ့တယ်။  ဒီလို အလိုမကျစရာ၊ ခက်ခဲတဲ့ အခြေအနေကို တည်တည်ငြိမ်ငြိမ် မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု ရှိရှိ ရင်ဆိုင်တာဟာ  ဗုဒ္ဓဘာသာဝင်တွေရဲ့ ခွင့်လွှတ်နိုင်မှု စိတ်ဓာတ် ကြောင့်ပါပဲ” လို့ စပျိုးလာတယ်။  နောက်ဆုံးစာကြောင်းမှာ “ဒါပေမယ့် ဒီလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲခဲ့မှု ဖြစ်စဉ်ဟာ အစွန်းရောက်တဲ့ အသံတွေကိုလည်း တပါတည်း ကျယ်လောင်လာစေတယ်၊ လူမျိုးစု (တခုခု) သုဉ်းအောင် သုတ်သင်ဖယ်ရှားခြင်းနဲ့ အလား သဏ္ဌာန် တူတဲ့ ဖြစ်ရပ်တွေလည်း ရုတ်တရက် ချက်ချင်း ထိန်းချုပ်မရ (ထိန်းမနိုင် သိမ်းမရ) တွဲလျက် ဖြစ်ပေါ်လာခဲ့တယ်” လို့ အဆုံးသတ် ဆိုထားခြင်း ဖြစ်ပါတယ်။

ဆိုတော့ မူရင်းသဘောဟာ ဆရာ ကောက်ချက်ဆွဲထားသလို ဗမာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်း တခုလုံးကို ကမ္ဘာ က အထင်အမြင်လွဲအောင် သိမ်းကျုံးဆိုထားခြင်းမဟုတ်ဘဲ ပြုပြုပြောင်းလဲမှုတွေနဲ့ အတူ အစွန်းရောက်မှု ဖြစ်စဉ်တွေလည်း တပါတည်း တွဲလျက် မြင်လာရတယ် ဆိုတဲ့ သဘောသာ ဖြစ်ကြောင်း ထင်ထင်ရှင်းရှင်း သိနိုင်ပါတယ်။  နောက်ဆုံးစာကြောင်း ဘာသာပြန်မှုမှာ အဓိက အရေးပါတာက ခက်ခဲ့တဲ့ စကားလုံးတွေ မဟုတ်ဘဲ လွယ်ကူတဲ့ “also” ဆိုတဲ့ စကားလုံးသာ ဖြစ်ပါတယ်။  ဒီ စာကြောင်းမှာ “also” ကို ထည့်ဘာသာပြန်ဖို့ အင်မတန် အရေးကြီးပါတယ်။  ဒါမှသာ ဒီမိုကရေစီဖြစ်စဉ်နဲ့ အတူ အခြား မကောင်းတဲ့ အခြေအနေ  တခု(အစွန်းရောက်မှု) လည်းပဲ “တပါတည်း တွဲလျက်” ပါလာတယ်ဆိုတဲ့ မူရင်းဆောင်းပါးရှင်ရဲ့ အာဘော်ကို ပုံဖော်နိုင်ပါမယ်။  နောက်တခုက လုံးလုံး ထည့်ဘာသာမပြန်ခဲ့တဲ့ “akin” ဆိုတဲ့ စကားပါ။  “အလား သဏ္ဌာန် တူ၊ သဘောနီးစပ်” ဆိုတဲ့ အဓိပ္ပာယ် ထွက်ပါတယ်။  ဒါလည်း မူရင်းဆောင်းပါးရှင် အာဘော် အတွက် အရေးကြီးပါတယ်။

ဆိုတော့ ဆရာ ခင်ဗျာ။  မူရင်းဆောင်းပါးကို အခုလို မတုံ့ပြန်ခင် (ဆရာ့သဘောထား မရေးခင်မှာ) မူရင်း အင်္ဂလိပ်လို ကို တကယ် ဖတ်ဖြစ်ခဲ့သလား ဆိုတာ  အမှန်တကယ်ကို မေးခွန်းထုတ်ချင်မိတာ ကျနော် မလွန်ဘူးလို့ ယူဆပါတယ်။

တတိယ အချက် အနေနဲ့ “ဗုဒ္ဓဘာသာဝင် များ အားလုံးကို ဝါးလုံးရှည်နှင့် သိမ်းရမ်းခြင်း ဟု ခံစားမိသည်” ဆိုတဲ့ ဆရာ့ သဘောထားကို ပြန်လည် ဆွေးနွေးရရင် ဆရာ့ အနေနဲ့ တိုင်းမ်မဂ္ဂဇင်းရဲ့ မျက်နှာဖုံး ခေါင်းကြီး ကို အဓိပ္ပာယ် အကောက်လွဲနေတယ်လို့ ယူဆပါတယ်။  ခေါင်းကြီး “The Face of Buddhist Terror” ဟာ ဗုဒ္ဓဘာသာ နဲ့ ဗုဒ္ဓဘာသာဝင် အားလုံးကို သိမ်းကျုံး ထောက်ပြ ဆိုလိုတာ လုံးဝ မဟုတ်ပါ။  ဗုဒ္ဓဘာသာရဲ့ အကြမ်းဖက်မှု မျက်နှာစာတခုကိုသာ ဖွင့်ဟ ပြခြင်း ဆိုတဲ့ အဓိပ္ပာယ်သာဖြစ်ပါတယ်။

“The Face of ‘something’” ဆိုတာဟာ အင်္ဂလိပ် အသုံး “usage” ဖြစ်ပါတယ်။  သ့ူကို “Cambridge Advanced Learner’s Dictionary” က “what you can see of something or what shows” အနေနဲ့ “para-phrase” ပြန်ခွဲ အဓိပ္ပာယ် ဖွင့်ပါတယ်။  မြန်မာလို သင့်လျော်အောင် ပြန်ရင် “လူအများမြင်နိုင်တဲ့ (သို့မဟုတ်) ဖော်ပြထားသည့်” လို့ရပါတယ်။  ခေါင်းကြီးပါ “Buddhist”  ဆိုတာကလည်း ဘာသာဝင် လို့ ဆိုလိုတာမဟုတ်ဘဲ အထူးပြုနမ်စား အနေနဲ့ သုံးထားခြင်းသာဖြစ်ပြီး “ဗုဒ္ဓဘာသာရဲ့” လို့ ဆိုနိုင်ပါတယ်။  ဒါကြောင့် တိုင်းမ်မဂ္ဂဇင်း အဓိက မဏ္ဍိုင် ခေါင်းကြီးကို ခြုံပြီး အနက်ကောက်ရင် “ဗုဒ္ဓဘာသာရဲ့ အကြမ်းဖက်မှု မျက်နှာစာ တခု”  လို့သာ ရပါတယ်။  ဒါဟာ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာဝင် အားလုံးနဲ့ လုံးဝ မသက်ဆိုင်ဘဲ ဘာသာအယူဝါဒနဲ့ ဆန့်ကျင်ဘက် ကျင့်ကြံ၊ ပြောဆို၊ ပြုမူ နေတဲ့၊ ရှေးယခင် ကမ္ဘာ့ အသိုင်းအဝန်းကလည်း လက်ခံနားလည်ထားတဲ့ ဗုဒ္ဓ ဘာသာရဲ့ ငြိမ်းချမ်းရေးဝါဒ သဘော၊ ခန္တီစ (Tolerance) သဘော နဲ့ သွေဖီဆန့်ကျင် ဖြစ်နေတဲ့ ပုဂ္ဂိုလ် တချို့အကြောင်း၊ အခြား မျက်နှာစာ တခု ကို ဖွင့်ပြရေးထားတဲ့ “Cover Story” သတင်းခေါင်းကြီး ဆောင်းပါးသာ ဖြစ်ပါတယ်။

ဒီလို ဘာသာတရား ရဲ့ ဓမ္မစစ်နဲ့ ဆန့်ကျင်နေတဲ့ အစိတ်အပိုင်း တရပ်ကိုသာ ဆောင်းပါးက ညွှန်းဆိုကြောင်းနဲ့ ဗုဒ္ဓဘာသာ ရဲ့ ပကတိ သဘော ငြိမ်းချမ်းမှု၊ ဓမ္မနဲ့ ခွင့်လွှတ် သည်းခံနိုင်ခြင်း တရားတို့ကို မူရင်းဆောင်းပါးရှင်ဟာ ဆောင်းပါးရဲ့ နေရာ အနှံ့ အပြား မှာ ရေးသားဖော်ပြထားပါတယ်။

မူရင်းဆောင်းပါးပါ စာကြောင်း နှစ်ကြောင်းကို ဥပမာ အနေနဲ့ ထုတ်နှုတ်တင်ပြ ပါ့မယ် ခင်ဗျာ။

“Every religion can be twisted into a destructive force poisoned by ideas that are antithetical to its foundations. Now it’s Buddhism’s turn. စာကြောင်းမှာဆိုရင် “နဂို ‘မူလ’ (ဝါ) ‘Thesis’ အခြေတည်ခဲ့တဲ့ ပကတိ သဘောထားတွေရဲ့ လုံးဝ ဥဿုံ ဆန့်ကျင်ဘက် ‘ပဋိမူလ’ (ဝါ) ‘Antithesis’ အတွေးအခေါ် တွေနဲ့ အဆိပ်ခတ်ခံရတဲ့ (အဆိပ်အတောက်ဖြစ်စေတဲ့) အခါမှာ ဘာသာတရားတိုင်းဟာ ဖျက်စီးချေမှုန်းနိုင်စွမ်းအား တရပ်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။  အခု ဗုဒ္ဓဘာသာ အလှည့်ပါပဲ”  ဆိုပြီး ဒီလို အကြမ်းဖက်မှု တွေဟာ မူလသဘောနဲ့ ဆန့်ကျင်ဘက်သာ ဖြစ်တယ်ဆိုတဲ့ အကြောင်း နဲ့ ဘာသာတိုင်းမှာလည်း ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုတဲ့ သဘောကို သေသေချာချာ မူရင်းဆောင်းပါးရှင်က ထောက်ပြထားပါတယ်။

ဆောင်းပါး နိဂုံးမှာလည်း ဗုဒ္ဓဘာသာဝင်တွေရဲ့ အံ့သြချီးမွမ်းဖွယ် ခွင့်လွှတ်သည်းခံနိုင်မှုကို ဖော်ညွှန်းတဲ့ အဖြစ်အပျက် တခုကို ရေးသားရာမှာ အောက်ပါ စာကြောင်း တခုနဲ့ အစပျိုးထားပါတယ်။  The Buddhist spirit of forgiveness, though, still exists in the unlikeliest of places.”  “သို့သော်ငြားလည်း ဗုဒ္ဓဘာသာရဲ့ ခွင့်လွှတ်နိုင်မှု စိတ်ဓာတ်ဟာ လူတွေ မျှော်လင့်ထင်မှတ်မထားနိုင်တဲ့ နေရာအခြေအနေမျိုးတွေမှာ လက်ရှိအချိန်တိုင်အောင် ဆက်လက် တည်ရှိနေပါသေးတယ်” လို့ မူရင်းဆောင်းပါးရှင်က တိတိကျကျ ရှင်းရှင်းလင်းလင်းရေးသားထားပြီး ဗုဒ္ဓဘာသာနဲ့ ဘာသာဝင် အများစုရဲ့ ကောင်းမြတ်မှု သဘောကို ဖော်ပြထားပါတယ်။

ဒီလို ဗုဒ္ဓဘာသာဝင် တွေရဲ့ အံ့သြချီးမွမ်းဖွယ် ခွင့်လွှတ်နိုင်မှု စွမ်းရည်ကို ဖော်ညွှန်းရာမှာ အကြမ်းဖမ်သမားတွေရဲ့ ဗုံးဒဏ်ကို ပြင်းပြင်းထန်ထန် ထိခိုက် ခံစားခဲ့ရတဲ့ ထိုင်းလူမျိုး ဗုဒ္ဓဘာသာဝင် ဦးဇင်းလေးက “အကြမ်းဖက်သမား ဝါဒ” နဲ့ “အစ္စလာမ်အယူဝါဒ” ကို ခွဲမြင်နိုင်ပြီး တဘက်နဲ့ တဘက် အပြန်အလှန် အပြစ်တင်နေလို့ အကျိုးမရှိတဲ့ သဘောကို အာဃာတ မရှိ၊ ခွှင့်လွှတ်နိုင်မှု အပြည့်နဲ့ ပြောပြနိုင်မှု ဖြစ်ရပ်နဲ့ ပုံဖော်ရင်း ဆောင်းပါး ကို နိဂုံးချုပ်ထားပါတယ်။

ဆိုတော့ မူရင်းဆောင်းပါးဟာ ဆရာ ခံစားရသလို “ဗုဒ္ဓဘာသာဝင် အားလုံးကို ဝါးလုံးရှည်နှင့် သိမ်းရမ်းခြင်း” မဟုတ်နိုင်ဘူး ဆိုတာ အထက်မှာ ဆွေးနွေးတင်ပြခဲ့တဲ့ အချက်တွေက သက်သက်ပြုမယ်လို့ ယူဆပါတယ် ခင်ဗျာ။

နောက်တချက် ကျနော့် အတွက် ပိုစိတ်ပျက်စရာ ဖြစ်၊ အကြီးမားဆုံး ပြက်လုံးတခု ကြားရသလို ခံစား ရတာကတော့ ဆရာ့ရဲ “အစိုးရက လူမျိုးဘာသာ မခွဲခြားဘဲ အကြမ်းဖက်သူ မှန်သမျှ တားဆီး အရေးယူနေတာ၊ အထင်အရှား သတင်းထုတ်ပြန်နေတာကိုလည်း လစ်လျူရှုပြီး” ဆိုတဲ့ စာသား ပါပဲ ခင်ဗျာ။  အကြမ်းဖက်မှုတွေ တားဆီးသလား ဆိုတာ အရေးပေါ်ဥပဒေထုတ်ပြီး လက်ပိုက်ရပ်ကြည့်နေတဲ့ တာဝန်ရှိ အာဏာပိုင်အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေရဲ့ ဓာတ်ပုံ တွေ၊ ရုပ်သံမှတ်တမ်းတွေက သက်သေပါ ခင်ဗျာ။  ဒါ့အပြင် အကြမ်းဖက်မီးရှို့မှုတွေ မြို့တမြို့ မှာ မဖြစ်ခင် သွေးထိုးမှုစာတွေ စနစ်တကျ ဝေတာ၊ ဖြစ်ခါနီး နောက်ဆုံးအချိန်မှာ မီးဖြတ်၊ တယ်လီဖုန်းလိုင်းဖြတ်ပေးတာ စတဲ့ သံသယ ဖြစ်ဖွယ် အနေအထား တွေကို ကိုမင်းကိုနိုင်တောင် အဖွဲ့အစည်းတခုခုရဲ့ နောက်ကွယ်က စနစ်တကျ ကြိုးကိုင် ကြံစည်ထားမှု ပယောဂ ပါနေသလား ဆိုပြီး ထောက်ပြ မေးခွန်းထုတ်ဖူးခဲ့ပါသေးတယ်။

ဆရာများ ဆက်စပ်တဲ့ သတင်းဖြစ်စဉ်၊ ဓာတ်ပုံ၊ ရုပ်သံတွေ မဖတ်ခဲ့၊ မသိခဲ့၊ မမြင်ခဲ့၊ မကြည့်ခဲ့ ရဘူးလား ခင်ဗျာ။

တရားဥပဒေ အရ အရေးယူ အပြစ်ပေးမှု ကို ကြည့်ပြန်ရင်လည်း တောင်ကုတ် အုပ်စုလိုက် လူသတ်မှုကြီးကစလို့ နောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခ တွေ နဲ့ အကြမ်းဖက်မှုတွေမှာ တရားခံတွေကို ဘယ်နှစ်ယောက်များ  တရားဥပဒေ ရှေ့မှောက် အရောက်ပို့ စစ်ဆေး အရေးယူ၊ ထိုက်သင့် မျှတတဲ့ အပြစ်ပေးမှုမျိုး ပြုလုပ်ပေးပြီးပါပြီလဲ ဆိုတာ ဆရာ့ ကို မေးခွန်းထုတ်ချင်မိပါတယ်။

မူရင်း အင်္ဂလိပ်ဆောင်းပါးကလည်း တကယ်တော့ ဆရာ ဆောင်းပါးပါ “သွေးထွက်သံယို အကြမ်းဖက်မှုတွေဟာ အစိုးရရဲ့ အထိန်းအကွပ် မရှိဘဲ နိုင်ငံရဲ့ အခြားဒေသတွေကိုပါ ဆက်လက်ပျံ့နှံ့ ခဲ့ပါတယ်” အတိုင်းလည်း အပြည့်အဝ မဟုတ်ပါ ခင်ဗျာ။  မူရင်း စာကြောင်းက “The communal violence, which the government has done little to check, has since migrated to other parts of the country”  ဖြစ်ပါတယ်။  ဒါကို ဘာသာပြန်ရင် “လူအုပ်စုအကြား ဖြစ်ပေါ်တဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေဟာ အစိုးရရဲ့ စောင့်ကြည့်စစ်ဆေးမှု အားနည်းခဲ့ခြင်းနဲ့အတူ  (အဲဒီအချိန်ကစလို့) နိုင်ငံရဲ့ အခြားဒေသတွေကိုပါ ဆက်လက် ကူးစက် ခဲ့ပါတယ်” လို့သာ အဓိပ္ပာယ် ထွက်ပါတယ်။ “has done little to check” ဆိုတာ ဟာ “အထိန်းအကွပ် မရှိဘဲ” ဆိုတဲ့ သဘော လုံးဝ မသက်ရောက်ဘဲ “စောင့်ကြည့်စစ်ဆေးမှု လျော့ရဲ အားနည်းမှု” လို့သာ ဆိုလိုပါတယ်။

ဆိုတော့ ဆရာ ခင်ဗျာ။  အထက်မှာ မေးထားတဲ့ မေးခွန်းပဲ ထပ်မေးချင်ပါတယ်။  ဆရာ ကိုယ်တိုင် အစဉ်အဆက်လေးစားလို့ အမြဲဖတ်ရှုနေရပါတယ်လို့ ဆောင်းပါးမှာ ဆရာ ဆိုထားတဲ့ မဂ္ဂဇင်းကြီး ပါ မူရင်းဆောင်းပါး အင်္ဂလိပ်လိုကို တကယ်မှ ဖတ်ဖြစ်ခဲ့ပါရဲ့လား ခင်ဗျာ။ ကျနော်ရဲ့ ယခု ဆောင်းပါးပါ အဓိပ္ပာယ်ဖွင့် ဘာသာပြန်ဆိုမှုတွေကို ဆရာ မနှစ်သက်၊ သဘောမတူပါက ဆရာ ဆန္ဒရှိရာ အင်္ဂလိပ်စာ ပါမောက္ခ တယောက်ယောက် ဆီမှာ စိတ်ကြိုက် စစ်ဆေးပါ ခင်ဗျာ။

ဆရာ့ လို လူထုအပေါ် သြဇာ သက်ရောက်မှု ရှိတဲ့ ပုဂ္ဂိုလ် တယောက်က ကိုယ်တိုင် ဦးဆောင်ပြီးတော့တောင် မူရင်းဆောင်းပါး ရဲ့ အာဘော် သဘောထား အမှန်တချို့ မီဒီယာတွေရဲ့ ဘာသာပြန်မူတွေမှာ ပျောက်နေမှုကို ထောက်ပြ ကျနော်တို့ လူအများ၊ အထူးသဖြင့် အင်္ဂလိပ်စာ ဖတ်နိုင်မှု အားနည်းတဲ့ လူအများ၊ မူရင်း ဆောင်းပါး ဖတ်ရှုဖို့ အခွင့်မသာတဲ့ လူအများ အကျိုးသင့် အကြောင်းသင့်ဖြစ် အောင် ရှင်းပြ၊ အကျိုးမဲ့ သွေးဆူ၊ ဒေါသထွက်၊ အမုန်းမပွားစေဖို့ လမ်းညွှန်မှု ပေးရမှာ မဟုတ်ပါသလား ခင်ဗျာ။

ဆရာ့ ဆောင်းပါး ကို အထက်မှာ ဆွေးနွေးခဲ့သလို ဘာသာပြန်ကိုးကားမှု သဘော အပြင် တခြား ထောက်ပြ ပြန်လည် ဆွေးနွေးလိုတာကတော့ အချက်အလက် သဘောတွေ ပါ ခင်ဗျာ။

“သွေးအထပ်ထပ်စွန်းနေသော ၉/၁၁ ၏ တရားခံ အကြမ်းဖက်သမား ဘင်လာဒင်နှင့် ဘယ်အချက်တွေတူလို့ နှိုင်းယှဉ်ရတာလဲ” ဆိုတဲ့ ဆရာ့ ဆောင်းပါး ပါ စာသား ကို ပြန်လည်ထောက်ပြရရင် “ဘင်လာဒင်” လို့ တိုင်းမ်မဂ္ဂဇင်း အပါအဝင် ဘယ်မီဒီယာ၊ အဖွဲ့အစည်း တခုခုကမှ အစပြု အမည်တပ် ညွှန်းဆိုခဲ့ခြင်း မဟုတ်ပါ။  ဆောင်းပါးပါ ဆရာတော် ကိုယ်တိုင် “မြန်မာ ဘင်လာဒင် (သို့) ဗမာပြည်ရဲ့ ဘင်လာဒင်” လို့ ရိုက်တာ သတင်းဌာနနဲ့ အင်တာဗျူး တခုမှာ ဖွင့်ဆို ခံယူထားခြင်း ဖြစ်ပါတယ်။  ဆရာ သတိမပြုမိခဲ့ရင် သက်ဆိုင်ရာ သတင်းကို တွဲလျက် ရိုက်တာ အင်တာနက်စာမျက်နှာမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။  (“http://www.reuters.com/article/2013/04/08/us-myanmar-violence-specialreport-idUSBRE9370AP20130408”)

ဆိုတော့ ဆရာ့ အနေနဲ့ “ဘင်လာဒင် နဲ့ ဘာ့ကြောင့် ခိုင်းနှိုင်းညွှန်းဆိုရသလဲ” ဆိုတဲ့ မေးခွန်းကို တိုင်းမ်မဂ္ဂဇင်းဆောင်းပါးရှင်ကို မေးခွန်းထုတ်မယ့် အစား ကာယကံရှင် ကိုယ်တော် ကိုသာ မေးမြန်းလျှောက်ထားသင့်ပါတယ် လို့ ပြန်လည် ထောက်ပြ ဆွေးနွေးလိုပါတယ်။

နောက်တခုက “Hannah Beech က “စစ်သားတွေ ဘုန်းကြီးကျောင်းထဲ ဖိတ်ခေါ်ခြင်းဟာ ဘာသာရေးနဲ့ စစ်တပ်ကို ရောထွေးလိုက်တာပါပဲ” လို့ ပုတ်ခတ်လိုက်ပြန်ပါသည်။” လို့ ဆရာ ဆောင်းပါးမှာ ဆိုထားခြင်းကို ပြန်လည် ဆွေးနွေးထောက်ပြရရင် ဆရာထောက်ပြတဲ့ သဘောမှာ “Hannah Beech” က ပုတ်ခတ်ပြောဆိုထားခြင်းမျိုး လုံးဝ မဟုတ်ပါ။  ထိုင်းတောင်ပိုင်း ပဋိပက္ခ မှာ ဗုဒ္ဓဘာသာရဲ့ အခန်းကဏ္ဍ အကြောင်း စာအုပ်ရေး သူ “Youngstown State University, Ohio” က တွဲဘက်ပါမောက္ခ “Michael Jerryson” ရဲ့ အမြင်၊ အာဘော်ကို ကိုးကား ညွှန်းထားခြင်းသာ ဖြစ်ပါတယ်။

ဘာသာရေး နဲ့ စစ်တပ် လက်ဆက်မှု သဘောကို ဗမာပြည်အပါအဝင် ကမ္ဘာအနှံ့ဖြစ်စဉ်တွေနဲ့ ဖြန့် ရှင်းပြ ဆွေးနွေးမှ လူအများ သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။  ကျွန်တော့် အနေနဲ့ ဆောင်းပါး သပ်သပ် ရေးဖို့ ရှိပါတယ်။  “Michael Jerryson” ရဲ့ အထက်ပါ သဘောထား ဟာ ပုတ်ခတ်ခြင်း ဟုတ်/မဟုတ် အနည်းဆုံး သူရေး စာအုပ်ကို ဖတ်ပြီးမှသာ တစုံတယောက်က ပြန်လည် ဝေဖန် မှတ်ချက်ပြုနိုင်မှာ ဖြစ်ပါတယ်။  ဆိုတော့ တုံ့ပြန်ချင်ရင် သက်ဆိုင်ရာ စာအုပ်ကို အရင် ဖတ်ဖို့ အကြံပြုပါရစေ ခင်ဗျာ။  ခု ကျွန်တော် ဒီမှာ ပြန်လည်ထောက်ပြလိုတဲ့ သဘော ကတော့ အထက်ပါ သဘောထားဟာ “Hannah Beech” ရဲ့ တမင်သက်သက် ပုတ်ခတ်စွပ်စွဲမှု သဘောထား မဟုတ်ဘဲ ပညာရပ်သဘော အခြေအမြစ် ရှိရှိလေ့လာ၊ သုံးသပ်ထားတဲ့ ပညာရှင် စာရေးသူ တယောက်ရဲ့ အမြင်ကို ကိုးကားထားခြင်းသာ ဖြစ်တယ် ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။

ဆရာ့ရဲ့ “မျိုးစောင့်ဥပဒေ” အပေါ်သဘောထား၊ တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးရှင် ဆရာတော် အပေါ် သဘောထား၊ ဝိနည်းသိက္ခာ နဲ့ ညီ/မညီ စတာတွေကို ကျနော့် အနေနဲ့ ပြန်လည် ဆွေးနွေးစရာ မရှိပါ။  ဒါပေမယ့် ဆရာတော်တချို့ရဲ့ တရားပွဲတွေက “အမုန်းတရား” ဟောကြားမှုတွေဟာ ဗမာပြည်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခ ဖြစ်စဉ်တွေအပေါ် ပြင်းပြင်းထန်ထန် အကျိုးသက်ရောက် တယ်ဆိုတာကိုတော့ ကျနော်တို့ ဘယ်လိုမှ ပြန်လည် ငြင်းလို့ မရပါ။  “မန္တလေးက မွတ်ဆလင်တွေ နေစရာ၊ စားစရာ မရှိအောင် လုပ်မယ်” အပါအဝင် “အမုန်းတရားပွားနေတဲ့” တရားပွဲရုပ်သံမှတ်တမ်းတွေက အထင်အရှား သက်သေပြုနေပါတယ်။

ဆိုတော့ ဆရာ ခင်ဗျား။  ဆရာ ဆောင်းပါးမှာ ဝေဖန်ထားသလို တိုင်းမ်မဂ္ဂဇင်း က “မလျော်ကန်သော အသုံးအနှုန်းများဖြင့် စွပ်စွပ်စွဲစွဲ ရေးသားတင်ပြလိုက်ခြင်းကို နားမလည်နိုင်အောင် ဖြစ်ရပါသည်” ဆိုတာဟာ အကျိုး/အကြောင်း ညီ၊ ဓမ္မဓိဋ္ဌာန် (objectivity) ကျတယ်လို့ မဆိုနိုင်တော့ပါ ခင်ဗျာ။  ဆန္ဒစွဲအပါအဝင် အစွဲတွေနဲ့ ချေပထားတဲ့  ပုဂ္ဂလဓိဋ္ဌာန် (subjectivity) သုံးသပ်မှု တခုလို့ပဲ စိတ်မကောင်းစွာနဲ့ပဲ ယူဆ ရပါတော့မယ် ခင်ဗျာ။

ဆရာ့ အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အားလုံး ကိုယ်စား ဗုဒ္ဓ ဘာသာရဲ့ မွန်မြတ်တဲ့ တရားဓမ္မနဲ့ ကောင်းမြတ်တဲ့ ဂုဏ်ရည်ကို ကမ္ဘာမှာ ညစ်နွမ်းသွားမှာ စိုးရိမ်တာ နားလည်နိုင်ပါတယ် ခင်ဗျာ။  ကျနော်ကိုယ်တိုင်လည်း တိုင်းပြည်နဲ့ လူမျိုး၊  ဘာသာ ဂုဏ်သရေ ညှိုးနွမ်းမှာ စိုးရိမ်လို့  အခု လက်လှမ်းမီသမျှ နိုင်ငံခြားသား အားလုံးကို တိုင်းမ်မဂ္ဂဇင်း ဆောင်းပါး ပို့ပြီး ဆောင်းပါးကို ဘယ်လိုနားလည်သလဲ နဲ့ သူတို့ အမြင်၊ သဘောထား မေးကြည့်နေပါတယ်။  အခုချိန်အထိ မေးပြီးသမျှ မိတ်ဆွေ နိုင်ငံခြားသား အားလုံးဟာ ဒါဟာ ဗုဒ္ဓဘာသာ တရား၊ ဓမ္မလမ်းညွှန်မှုနဲ့ လုံးလုံး သွေဖီနေတဲ့ အစိတ်အပိုင်တရပ်ကိုသာ ရည်ညွှန်းခြင်း ဖြစ်တယ်ဆိုတာနဲ့ ဗုဒ္ဓဘာသာ ရဲ့ ငြိမ်းချမ်းမှုသဘော၊ မေတ္တာတရား နဲ့ ခန္တီစ ကြီးမှု သဘောကို ကောင်းကောင်းနားလည် သဘောပေါက် ပါတယ် ခင်ဗျာ။  တကမ္ဘာလုံးက အင်္ဂလိပ်စာလည်း တကယ်တတ်မယ်၊ ဆင်ခြင်တွေးခေါ်၊ စဉ်းစားနိုင်တဲ့ ဦးနှောက်လည်းရှိမယ်၊ တနည်းအားဖြင့် လူကောင်းစိတ်အနေအထား (မရူးတဲ့ သူ) လည်း ဖြစ်မယ် ဆိုရင် ဒီအတိုင်းပဲ တသဘောတည်း ရှိမယ်ဆိုတာ ကျနော့်အနေနဲ့ လုံးဝ ယုံကြည်ပါတယ် ခင်ဗျာ။

နိဂုံးချုပ်ရရင်  လူဆိုတာ အတ္တစွဲ၊ အုပ်စုစွဲ၊ လူမျိုး ဘာသာစွဲတွေ အနည်း၊ အများ ရှိတတ်ကြစမြဲမို့ ကျွန်တော်တို့ မမြင်နိုင်၊ ကွယ်နေတဲ့ ဗမာ့မျက်မှောက်ရေးရာမှာ အရေးကြီးတဲ့ ပြဿနာ အရင်းခံ အခြေအနေတခုရဲ့ အတွင်းသဘောတွေကို နိုင်ငံတကာ အမြင်၊ တတိယ ကြားနေအုပ်စု သဘော၊ လွတ်လပ်တဲ့ စာနယ်ဇင်းတခုရဲ့ ထောက်ပြချက် အနေနဲ့ တိုင်းမ်မဂ္ဂဇင်းက ဖော်ထုတ်ရေးသားထားခြင်းကို လက်မခံနိုင်ရင်တောင် အလေးအနက် ထည့်သွင်းစဉ်းစား အရေးတယူ ရှိရပါမယ်။  လုံးဝ အသိအမှတ်မပြု ဥပေက္ခာပြု နေခြင်း၊ ပစ်ပစ်ခါခါ ပြန်လည် ဝေဖန်ခြင်း၊ မဟုတ်ဘူး ဆိုကာ အတွင်တွင် “ဘူး” ခံငြင်းခြင်း စတဲ့ အပြုအမူ၊ သဘောထားတွေဟာ ခေတ်အဆက်ဆက် စစ်အစိုးရတွေ ကျင့်သုံးလာခဲ့ပြီး ဘာတခုမှ အကျိုးရလဒ် မရှိ၊ ကမ္ဘာကလည်း မယုံ၊ ပြည်တွင်း ပြဿနာလည်း အမှန်တကယ် မရှင်းနိုင်ခဲ့တာ သမိုင်းသက်သေ ရှိပါတယ် ခင်ဗျာ။  အစွဲကင်းတဲ့ ရင်ဘတ် နှလုံးသား စိတ်၊ ကျယ်ပြန့်တဲ့ သဘောထား၊ မှန်ကန်တဲ့  အလုပ်တွေနဲ့သာ ကိုင်တွယ် ဖြေရှင်းမှသာ မိမိလူ့အဖွဲ့အစည်းမှာ စွဲကပ်နေတဲ့ “အမုန်းတရား” နဲ့ ဆက်စပ်တဲ့ ရောဂါစုံ နဲ့ ရေသောက်မြစ် “ဇစ်မြစ်” အားလုံး ကို အလုံးစုံ အောင်မြင် ပြီးမြောက် အေးချမ်း နိုင်မှာ ဖြစ်ကြောင်း ကျနော့်အမြင်၊ အာဘော် ကို ဧရာဝတီကနေတဆင့် ပြန်လည် ဆွေးနွေးတင်ပြလိုက်ပါတယ် ခင်ဗျာ။

Did you find apk for android? You can find new Free Android Games and apps.
Loading