ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်၍ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်အတွင်း လေယာဉ်ငယ်များ ဆင်းနိုင်သည့် လေယာဉ်ကွင်း ၃ ကွင်း တိုးချဲ့ ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း မြန်မာ့လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ထံမှ သိရသည်။
“လေယာဉ်ကွင်းတွေက အစိုးရဘတ်ဂျက်နဲ့ပဲ လုပ်သွားမှာပါ။ လက်ရှိကတော့ လေယာဉ်ငယ် ပိုင်းတွေပဲ စပြီးဆင်းသက်သွားဖို့ စီစဉ်ထားတယ်။ ၂ နှစ်အတွင်း အပြီး ဆောင်ရွက်ဖို့ လုပ်ဆောင် သွားမှာပါ” ဟု ၎င်းက ပြောသည်။
ဆောက်လုပ်မည့် လေယာဉ်ကွင်းအသစ် ၃ ခုအတွက် ယခုအခါ မြေနေရာစမ်းခြင်း၊ တံတိုင်း ကာရံခြင်း၊ ပြေးလမ်း တည်ဆောက်ခြင်း စသည်တို့ကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ လမ်းပန်း ဆက်သွယ်ရေးကြောင့် ခရီးသွားတွေ လေ့လာချင်တဲ့ နေရာတွေ မရောက်နိုင်တဲ့ အဖြစ်မျိုး မဖြစ်ရအောင် တည်ဆောက်တာပါ။ အခုဆောက်တဲ့ နေရာတွေက ခရီးသွားတွေအတွက် အကောင်းဆုံး လေ့လာကြမယ့် နေရာတွေ ဖြစ်လို့ အဆင်ပြေအောင် ဆောင်ရွက်တာပါ” ဟု ဦးတင်နိုင်ထွန်းက ပြောသည်။
လေယာဉ်ကွင်း အသစ်ဆောက်မည့် နေရာများမှာ ကချင်ပြည်နယ်တွင် နောင်မွန်းမြို့၊ ရခိုင်ပြည်နယ်တွင် မာန်အောင်မြို့နှင့် ချင်းပြည်နယ် ဖလမ်းမြို့တို့တွင် ဖြစ်ပြီး လေယာဉ်ငယ် များသာ ဆင်းသက်စေမည် ဖြစ်ကြောင်း၊ ပထမ အစတွင် ၁၈ ယောက်စီး လေယာဉ်သာ စတင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီနေရာတွေက အရင်က ဒုတိယကမ္ဘာစစ် ကတည်းက သုံးခဲ့တဲ့ လေယာဉ်ကွင်းတွေ ဆိုတော့ လေကြောင်းဌာန အနေနဲ့ ထိန်းသိမ်းထားတာကို အခုအချိန်မှာ ပြန်လည်ပြုပြင် ထိန်းသိမ်း လုပ်ဆောင်သွားတာပါ” ဟု ဦးတင်နိုင်ထွန်းက ဆိုသည်။
ယခု ပြုပြင် ဆောက်လုပ်မည့် လေယာဉ်ကွင်းများမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်၊ ခရီးသွား လုပ်ငန်း တိုးတက်စေရန် အတွက် ရည်ရွယ်ဖော်ထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။
“ကချင်မှာဆိုလည်း ရေခဲတောင် တက်ဖို့အတွက်က ပူတာအိုကနေ သွားရတယ်။ အခုနောက်ပိုင်းက သစ်ခွပန်းတွေ လာကြည့်တာ များတယ်။ ချင်းပြည်နယ် ဆိုလည်း ရိဒ်ရေအိုင် သွားတာ များလာတယ်။ အခုလို လေယာဉ်ကွင်းတွေ ဆောက်ရင် ခရီးသွားတွေ များလာနိုင်တယ်။ စရိတ်စက သက်သာလာနိုင်တယ်” ဟု ခရီးသွား ဧည့်လမ်းညွှန် တဦးဖြစ်သည့် ကိုသောင်းထိုက်ဇော်က ပြောသည်။
လက်ရှိ လေယာဉ်ကွင်းများ အတွက် မြေနေရာ စမ်းသပ်ခြင်း၊ ပြေးလမ်းဒီဇိုင်း ရေးဆွဲခြင်း တို့လည်း ပြီးစီးပြီ ဖြစ်ကြောင်း၊ ယခုနှစ် ဆောင်းရာသီ အစတွင် စတင် ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိ၌ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း ၃ ခု၊ ပြည်တွင်းဆင်း လေယာဉ်ကွင်း ၂၇ ခုခန့်ရှိကြောင်း မြန်မာ့လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။