မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ် ဒေသ ဂိတ် ၆ ခုကို ထပ်မံ ဖွင့်လှစ်ရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း သိရှိရသည်။
ထို့အပြင် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ကမ္ဘောဒီးယား၊ မလေးရှား၊ လာအို နယ်စပ်တို့တွင်လည်း ဖွင့်လှစ်ရန် ရှိကြောင်း ထိုင်း ဒု ဝန်ကြီးချုပ် Surapong Tovichakchaikul က ဇွန်လ ၂၄ ရက်နေ့က သတင်းထောက်များကို ပြောကြားသည်။
ယခု တပတ် အစောပိုင်းက ထိုင်း ဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်က ခေါ်ယူသည့် ခရိုင်အုပ်ချုပ်ရေးမှူးများ အစည်းအဝေးတွင် နယ် စပ်ဂိတ်အသစ်များ ထပ်မံဖွင့်လှစ်ရန် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်သည်ဟု ၎င်းက ပြောဆိုကြောင်းလည်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
“နယ်စပ်ဂိတ် ၂၈ ခုအထိ ဖွင့်ဖို့ စီစဉ်ထားတယ်၊ လောလောဆယ် ၃ ခုဖွင့်ထားပြီး ၂၅ ခု ထပ်ဖွင့်ဖို့ ကျန်သေးတယ်၊ ကမ္ဘောဒီးယား နဲ့ မလေးရှားနယ်စပ်မှာ ၄ ဂိတ်စီ၊ မြန်မာနယ်စပ်မှာ ၆ ဂိတ်၊ လာအိုနယ်စပ်မှာ ၁၁ ဂိတ် ထပ်ဖွင့်ဖို့ကျန်တယ်”ဟု ထိုင်း ဒုဝန်ကြီး ချုပ် Surapongက ပြောသည်။
ယင်း နယ်စပ်ဂိတ်များကို ကုန်သွယ်ရေး တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ဖွင့်လှစ် နိုင်ရန် ထိုင်း အစိုးရအနေနှင့် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နယ်စပ် ဂိတ်များ ဖွင့်လှစ်ပြီးပါက ကုန်သွယ်ရေး ပမာဏ တိုးမြှင့်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောဆိုသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က ထိုင်းနှင့်မြန်မာ နယ်စပ်ဂိတ် ၆ ခု ထပ်မံ ဖွင့် လှစ်မည့်အကြောင်း မသိရှိရသော်လည်း ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်ရန် ထိုင်းအစိုးရက ကြိုးစားနေကြောင်း ဧရာဝတီ သို့ ပြောသည်။
“သူတို့ကတော့ ပြောနေတာပဲ၊ တရားဝင် ကုန်သွယ်မှု လုပ်ဖို့ပဲ လိုတယ်၊ တရားဝင် လမ်းကြောင်းနဲ့ လာမယ်ဆိုရင်တော့ ပိုကောင်း တယ်”ဟု ၎င်းက ဆိုသည်။
ထိုင်း ဘက်က ကုန်ပစ္စည်းအများစုကို တရားမဝင်ဂိတ်များမှ တင်သွင်းနေပြီး မြန်မာဘက်က ကုန်ပစ္စည်းများကို ချစ်ကြည်ရေး တံတားပေါ်မှ တင်သွင်းကြောင်း သိရသည်။
ထိုင်းအစိုးရက နယ်စပ်ဂိတ်များ တိုးမြှင့်ဖွင့်လှစ်ရန် စီစဉ်ခြင်းသည် စီးပွားရေး ဈေးကွက် မပပျောက်ရေး အတွက် ကြိုးစားခြင်း ဖြစ်ကြောင်း ဒေါ်သင်းသင်းမြတ်က ဆိုသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း အဖြစ် လက်ရှိ အချိန်တွင် တာချီလိတ်၊ မြဝတီ၊ မြိတ်၊ ကော့သောင်းနှင့် တနင်္သာရီမြို့နယ်ရှိ မော့တောင် နယ်စပ်ဂိတ်တို့ကို ဖွင့်လှစ်ထားသည်။
ထိုင်းနိုင်ငံရှိ နယ်စပ်ဂိတ်များ အနက် မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားဂိတ်သည် နှစ်နိုင်ငံ ကုန်ပစ္စည်းများ အပြန်အလှန် တင်ပို့နေသည့် ကုန်စည်စီးဆင်းမှု အများဆုံး နှင့် အဓိက ဂိတ်ဖြစ်သည်။
မြန်မာနိုင်ငံမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းများမှာ သစ်၊ ဆန်၊ ငရုပ်၊ ကြက်သွန်နှင့် ကျွဲ၊ နွား၊ ဆိတ်၊ သိုး စသည့် တိရစ္ဆာန်များ အပါအဝင် ကျောက်စိမ်း အထိ တင်ပို့ကြသည်။
မဲဆောက်- မြဝတီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားမှ တဆင့် ကုန်စည်စီးဆင်းမှု တန်ဖိုးမှာ ယခုနှစ် ဇန်နဝါရီလမှ စတင်၍ ဇွန်လ အထိ တလတွင် ဘတ်ငွေ သန်း ၃၅၀၀ ခန့် ရရှိပြီး ယခင်နှစ်ကထက် ၁၀ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု တာခ့်ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဌက ပြောကြောင်း မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။
ယခုနှစ် ၆ လအတွင်း ဘတ် သန်းပေါင်း ၂၃၀၀၀ ခန့် ရရှိထားပြီး ပြီးခဲ့သည့်နှစ်က သန်းပေါင်း ၂၀၀၀၀ သာ ရရှိကြောင်းလည်း မန်နေဂျာ အွန်လိုင်း၌ ပါရှိသည်။