မြန်မာနိုင်ငံတွင် တိုးများလာသော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အတွက် ဟိုတယ်၊ တည်းခိုခန်းများတွင် မဟုတ်ဘဲ Home Stay ခေါ် ရပ်ရွာထဲ၌ အိမ်ငှားနေထိုင်ခွင့်ကို ဆွေးနွေးမှုများ ရှိသော်လည်း လတ်တလော ခွင့်မပြုသေးကြောင်း သိရ သည်။
“ဒီကိစ္စ ဆွေးနွေးနေတာတော့ ရှိပါတယ်။ လောလောဆယ်တော့ ကျနော်တို့ ခွင့်မပြုသေးပါဘူး”ဟု နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
သို့သော် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသား ဧည့်သည်များအတွက် နေအိမ် ငှားရမ်းနေထိုင်ခွင့် Home Stay စနစ် သည် နောက်ပိုင်းတွင် ရှိလာနိုင်ကြောင်း သူက ဆက်ပြောသည်။
“လောလောဆယ်ကတော့ ထိန်းတာပေါ့ဗျာ။ Home Stay က လိုအပ်လာတဲ့ အချိန်ကျရင်တော့ ဒါ ဖြစ်လာမှာပေါ့။ အခု သိပ်အခက်အခဲ မရှိသေးပါဘူး။ သက်ဆိုင်ရာ နယ်မြေ အလိုက်လည်း ဟိုတယ်တွေလည်း ရှိနေပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းမှ တိုင်းပြည်ဝင်ငွေ ရရှိမှုကို ယမန်နှစ်ကထက် ယခုနှစ်တွင် ၂ ဆခန့် ရမည်ဟု မှန်းဆ ထားကြောင်း၊ ယမန်နှစ်က ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁.၀၆ သန်းရှိခဲ့ပြီး ယခုနှစ်တွင် ၂ သန်းခန့် လာရောက်မည်ဟု မျှော်လင့် ထားကြောင်းလည်း ၎င်းက ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံမှ ပြန်လာကြသည့် ကမ္ဘာလှည့်ခရီးသွားများက ဟိုတယ်နှင့် တည်ခိုခန်း နေထိုင်စရိတ်များ ကြီးမြင့်ကြောင်း၊ ဟိုတယ် မလုံလောက်မှု၊ ဝန်ဆောင်မှု၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ အင်တာနက်၊ လုံခြုံရေး စသည့် ကိစ္စများတွင် အားနည်းချက်များ ရှိနေကြောင်း ထောက်ပြ ပြောဆိုနေကြသည်။
ထိုသို့ ထောက်ပြပြောဆိုမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာန တာဝန်ရှိသူက“ဒါကတော့ အားနည်းတာတော့ အမှန်ပါပဲ။ ဘာ ဖြစ်လို့လည်းဆိုတော့ ကျနော်တို့တိုင်းပြည်က သိပ်မှ မကြာသေးတာလေ၊ အခုမှ Boom (ဖွံ့ဖြိုးစ) ဖြစ်လာတာဆိုတော့ အစပိုင်း မှာ တော့ ဒီလို ဖြစ်နေမှာပါပဲ”ဟု ပြောသည်။
ထို့အတွက် ဟိုတယ်ဇုန်များ တိုးချဲ့ဆောက်လုပ်ခြင်းများလုပ်ဆောင်နေပြီး ထိုလုပ်ငန်းများတွင်လည်း အမျိုးသား ဓနရှင်များ က အများစု ပိုင်ဆိုင်ကြောင်း၊ နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများသည် ရန်ကုန်၌သာများကြောင်း သူက ဆက် ပြော သည်။
အခြားသော အခြေခံ အဆောက်အအုံဆိုင်ရာ လေကြောင်း၊ လေဆိပ်၊ ကား၊ ရထား၊ တယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေး လုပ်ငန်းများပါ ပိုမိုကောင်းမွန်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
“အခု ကျနော်တို့ နောက်ဆုံး လုပ်နေတာတော့ ဗီယက်နမ် ကုမ္ပဏီနဲ့ လုပ်နေတာ ရှိပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။
ခရီးသွားလုပ်ငန်းသည် ဟိုတယ်လုပ်ငန်းရှင်များနှင့်သာမက ပို့ဆောင်ရေးလုပ်ငန်း၊ အရောင်းဆိုင်လုပ်ငန်းနှင့် ဧည့်လမ်းညွှန် များအတွက်ပါ ဝင်ငွေ ရရှိနိုင်သည့် လုပ်ငန်းဖြစ်သည့်အတွက် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကမ္ဘာလှည့် ခရီးသည် နှစ်စဉ် ၃ သန်းခန့် ဝင်ရောက်နိုင်ရေး ကြိုပမ်းဆောင်ရွက်နေကြောင်း သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် စီမံကိန်း ကော်မရှင် အစည်း အဝေးတွင် ယမန်နေ့က အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
အဆိုပါအစည်းအဝေးတွင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကိုလည်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီး ဦးဌေးအောင်က ဆွေးနွေးတင်ပြခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရ က မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာပြီး နောက်ပိုင်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားခြင်းကြောင့် ပွင့်လင်းစ ပြုလာသည့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ စိတ်ဝင်စားမှုများ ပိုလာပြီး ကမ္ဘာလှည့် ခရီးသွားများလည်း တိုးများလာနေသည်။
မကြာသေးခင်က နေပြည်တော်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ပထမဆုံး အကြိမ် ခမ်းနားစွာ ကျင်းပခဲ့ပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံလိုသူများက မြန်မာအပေါ် စိတ်ဝင်စားမှုများ ပိုလာသကဲ့သို့ ကမ္ဘာလှည့်ခရီးသွားများလည်း ပိုမိုစိတ်ဝင်စားနေကြသည်။
ယခုအခါ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဆိုင်ရာ မဟာစီမံကိန်းတခု ရေးဆွဲနေ ကြောင်း၊ မကြာခင် လပိုင်းအတွင်း ထွက်လာမည်ဖြစ်ပြီး အဆိုပါ စီမံကိန်း အတိုင်း ဆက်လက် အကောင်အထည် ဖော်မည်ဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။
“Master စီမံကိန်းမှာ မဟာဗျူဟာ ၆ ခု ရှိပါတယ်။ တကယ့် Plan အနေနဲ့က ၃၈ ခုရှိတယ်။ အဲဒီ ၃၈ ခုကို ကျနော်တို့ က အမေရိကန် ဒေါ်လာ သန်း ၅၀၀ နီးပါး သုံးမယ်မှန်းဆထားတယ်။ အဲဒီထဲမှာ ကျနော်တို့ ဦးစားပေး လုပ်မယ့်ဟာက ၂၁ ခု ရှိတယ်။ အဲဒီ ၂၁ ခုကိုတော့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက် သုံးဖို့ လုပ်သွားမယ်။ အဲဒီအတွက်လည်း နိုင်ငံတကာက ကမ်းလှမ်းနေတာတွေ ရှိပါတယ်”ဟု သူက ပြောသည်။
အာရှ ဖွံ့ဖြိုးရေးဘဏ် ADB မှ အဆိုပါ ဦးစားပေး လုပ်ငန်း ၂၁ ခုအတွက် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကူညီပေးမည် ဟု ယခုလဆန်းက ကြေညာခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် တာဝန်သိ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ဦးစားပေး လုပ်ဆောင်သွားမှာဖြစ်ပြီး ဥပဒေများလည်း ရှိနေ ပြီးဖြစ်ကြောင်း၊ ပိုမိုပြည့်စုံသည့် မူဝါဒများလည်း ရေးဆွဲနေကြောင်း၊ လာမည့် ၂၀၂၀ ပြည့်နှစ် ခန့်တွင် ကမ္ဘာလှည့်ခရီးသွား ၇ သန်းခန့် မျှော်မှန်းထားကြောင်း သိရသည်။
“အစိုးရဘက်ကတော့ တိုရစ်ဇင် (ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း) တကယ့် ဆိုက်တွေမှာ ဌာနဆိုင်ရာတွေက ဘယ်လို ပူးပေါင်း ပါဝင်ရမယ်။ ဌာနဆိုင်ရာတွေနဲ့ ဘယ်လို ဘတ်ဂျက် ခွဲဝေ သုံးမလဲ၊ နိုင်ငံခြား အထောက်အပံ့နဲ့ ဘယ်လောက် သုံးမလဲ၊ ကျနော်တို့ ဒါ ဆွေးနွေး နေတုန်းပဲ ရှိပါသေးတယ်”ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်ခဲ့သည့် မေလ ၃၀ ရက်နေ့ကလည်း ဂျာမနီနိုင်ငံ Hanns Seidel Foundation နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနတို့အကြား နားလည်မှု စာချွန်လွှာတခုကို နေပြည်တော် ၌ လက်မှတ်ရေးထိုး ခဲ့ကြသေးသည်။