ယနေ့ ဇွန် ၂၇ ရက် မနက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်က ဆက်သွယ်ရေး အော်ပရေတာ တင်ဒါပေးမည့်ကိစ္စ ဆက်သွယ်ရေးဥပဒေ ပေါ်ပေါက်သည်အထိ ဆိုင်းငံ့ထားရန် အစိုးရကို တိုက်တွန်းသော်လည်း အစိုးရက ဆက်လက် ဆောင်ရွက်မည့်အပေါ် မကန့်ကွက်ဘဲ ရွေးချယ်မှုကို ဆက်လက် စောင့်ကြည့်သွားမည်ဟု ဆုံးဖြတ်ကြောင်း သိရှိရသည်။
ယမန်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အစိုးရ၏ ဆက်သွယ်ရေးအော်ပရတာ ရွေးချယ်မှုကို ဆက်သွယ်ရေးဥပဒေ ပေါ်ပေါက်သည်အထိ ဆိုင်းငံ့ထားရန် အရေးကြီးအဆို အတည်ပြုခဲ့ပြီးနောက် ယနေ့ လွှတ်တော်အစည်းအဝေးသို့ ဆက်သွယ်ရေးဝန်ကြီးဦးမြတ်ဟိန်း လာရောက်ရှင်းပြခဲ့ကြောင်း၊ ဦးမြတ်ဟိန်းက အစိုးရအနေဖြင့် ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သော်လည်း တင်ဒါအောင်မြင်သော ကုမ္ပဏီများအနေဖြင့် ချက်ချင်း လက်ငင်း လုပ်ငန်း အကောင်အထည်ဖော်နိုင်ဦးမည်မဟုတ်ကြောင်း၊ အော်ပရေတာ ရွေးချယ်ရာတွင်လည်း လုပ်ထုံးလုပ်နည်းများဖြင့်အညီ ရွေးချယ် ခွင့်ပြု သွားမည်ဖြစ်ကြောင်း အပါအဝင် အစိုးရ၏ မူဝါဒများကို ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရှိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့က လွှတ်တော်၏ အရေးကြီးအဆိုကြောင့် ဆက်သွယ်ရေးအော်ပရေ တာရွေးချယ်မှုကို ရွှေ့ဆိုင်းမည်ဆိုပါက နိုင်ငံ၏ ဂုဏ်သိက္ခာ ထိခိုက်နိုင်သဖြင့် တင်ဒါပွဲကို ဆက်လုပ်သင့်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဒဂုံမြို့သစ်မြောက်ပိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ဆက်သွယ်ရေးအော်ပရတာ ရွေးချယ်မှုကို ဆက်လက်လုပ်ဆောင်သင့်သည်ဟု ပြောသည်။
“ကုမ္ပဏီတခု တင်ဒါ မအောင်မြင်လို့ မနေ့ကလိုမျိုး အခြေအနေမျိုးလုပ်တာလို့ ယူဆလို့ရတယ်။ အော်ပရေ တာ ရွေးချယ်ပွဲ ရွှေ့မယ်ဆိုရင် နိုင်ငံရဲ့ Image ထိခိုက်နိုင်တယ်။ ဒါကြောင့် ဒီနေ့ တင်ဒါပွဲကို ဆက်လုပ်သင့်တယ်လို့ ဒေါ်တင်နွယ်ဦးက လွှတ်တော်မှာ ရဲရဲဝင့်ဝင့်ကို ထပြောတယ်” ဟု လွှတ်တော် တက်ရောက်နေသော သတင်းထောက်တဦးက ဧရာဝတီသို့ ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အော်ပရေတာ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် တိုက်တွန်းကြောင်း သိရှိရသည်။
ယမန်နေ့က ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်မှု ဥပဒေ ထွက်ရှိသည်အထိ ဆိုင်းငံ့ထားရန် အရေးကြီး အဆို တင်သွင်းခဲ့သူ ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေက ဆက်သွယ်ရေးဝန်ကြီး၏ တင်ပြချက်ကို သိရှိနားလည်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။
ယမန်နေ့ ပြည်သူ့ လွှတ်တော်က အတည်ပြုခဲ့သော ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်မှု ဆိုင်းငံ့ထားရေး အဆိုမှာ ပျက်ပြယ် သွားသည့် သဘောရှိပြီး လွှတ်တော်က အစိုးရ၏ ဆောင်ရွက်ချက်များကို စောင့်ကြည့် သွားမည်ဟု ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း သိရှိရသည်။
တင်ဒါအောင်မြင်သည့်ကုမ္ပဏီ ၂ခု စာရင်းကို ယနေ့ ကြေညာမည်ဖြစ်ကြောင်းလည်း ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း တင်ဒါခေါ်ယူရေးကော်မတီ ဥက္ကဌ ဦးဆက်အောင်က ဧရာဝတီသို့ ပြောသည်။
“တင်ဒါအဖွဲ့က နိုင်ငံတကာက ကုမ္ပဏီအကြီးကြီးတွေနဲ့ ဆက်ဆံလုပ်ကိုင်နေရတာ ဖြစ်တဲ့အတွက် ကတိအတိုင်းပဲသွားမှာပါ၊ သမ္မတ ကိုယ်တိုင်ကလည်း အကောင်းဆုံးလုပ်ဖို့ အားပေးတယ်။ ကြေညာချက် ကို ဒီနေ့ပဲ ထုတ်ပြန်မယ်”ဟု ဦးဆက်အောင်က ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းသည် အခြားနိုင်ငံများထက် နောက်ကျနေသည့်အတွက် ၂၀၁၅ ခုနှစ်မတိုင်မှီ ဆက်သွယ်ရေးကွန်ရက်ကို ၈၅ ရာခိုင်နှုန်းအထိ ကောင်းစေလိုကြောင်း၊ ထို့ကြောင့် တင်ဒါရွေးရာတွင် အကောင်းဆုံး ဖြစ်နိုင်မည့် ကုမ္ပဏီများကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
ဦးဆက်အောင်က ပြည်တွင်းကုမ္ပဏီများကို ဦးစားပေးသင့်သည်ဟု ပြောဆိုခြင်းကို လုံးဝထောက်ခံသော်လည်း ဦးစားပေးသည့် ပုံစံမမှားရန် လိုအပ်လိမ့်မယ်ဟု ပြောသည်။ “ ပြည်ပ ကုမ္ပဏီတွေက ပြည်တွင်းကုမ္ပဏီတွေကို လုံးဝ ထောက်ပံ့ပေးနိုင်မယ့်ပုံစံမျိုး စဉ်းစားသင့်တယ်လေ၊ အဲလိုမဟုတ်ရင်တော့ ပြည်တွင်းကုမ္ပဏီတွေလည်း အရည်အချင်း တက်မှာမလုပ်သလို နိုင်ငံလည်း သိက္ခာကျနိုင်တယ်”ဟု ပြောဆိုသည်။