နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ယခင်က အဓမ္မ လယ်မြေသိမ်းမှုများ၌ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ပါဝင်နေပြီး တောင်သူလယ်သမားများက ယင်းလယ်မြေများကို ပြန်လည်ပေးအပ်ရန် တောင်းဆိုထားကြောင်း သိရသည်။
၂၀၀၇ ခုနှစ်တွင် လယ်မြေဧက ၆၀၀ ကျော်ကို စီမံကိန်းအတွက်ဟုဆိုပြီး သိမ်းယူခဲ့ရာ ဗိုလ်ချုပ်များ၊ ဗိုလ်မှူးကြီးများနှင့် လက်ရှိ တာဝန်ထမ်းဆောင်နေသော ဝန်ကြီးများ ပါဝင်ကြောင်း၊ ထို သိမ်းယူခဲ့သည့် လယ်မြေများထဲမှ သမ္မတ ဦးသိန်းစိန်က လယ်ဧက ၂၀ ယူခဲ့ခြင်းဖြစ်ကြောင်း လယ်မြေသိမ်းခံရသည့် ဒေသခံများက စွပ်စွဲပြောဆိုထားသည်။
“ကျနော်တို့ လယ်မြေတွေကို အစက စီမံကိန်းအတွက် ဆိုပြီး အတင်းသိမ်းတယ်။ အခုဆို စီမံကိန်းလုပ်ပြီး ပိုတဲ့မြေတွေ ရှိနေတာကြာပြီ။ ဒါတွေကို ကျနော်တို့ ပြန်ပြီး လုပ်ကိုင်စားချင်တယ်။ သမ္မတခြံဆိုတာ ဒီမှာ အတော် နာမည်ကြီးပါတယ်။ သမ္မတခြံအတွက် မြေဧက ၂၀ အသုံးပြုထားတယ်။ ၁၀ ဧကကိုပဲ သမ္မတက လျော်ကြေးငွေ ပေးပါတယ်။ ၁ ဧကကို ၂ သိန်းနှုန်းနဲ့ပါ။ ကျန်တဲ့ ၁၀ ဧကကို လျော်ကြေးမပေးဘဲ ဒီအတိုင်း သိမ်းထားတာပါ” ဟု နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာမှ ဦးကိုကိုက ဧရာဝတီသို့ ပြောသည်။
သမ္မတ သိမ်းဆည်းထားသည် ဆိုသည့် လယ်ယာမြေပိုင်ရှင်များမှာ နေပြည်တော် ပုဗ္ပသီရိမြို့နယ်၊ ဝဲကြီးအုပ်စု၊ ဝံကြီးကျေးရွာတွင် နေထိုင်သူများ ဖြစ်ကြပြီး ဦးပေါက်စ၊ ဦးတင်စိုးနှင့် ဦးမောင်လေးတို့၏ ယာမြေဧက ၄.၅၀ ဧက၊ ဦးတင်ငွေ၏ ယာမြေဧက ၄.၆၀ ဧကနှင့် ဦးအောင်တင့်၏ ယာမြေဧက ၅ ဧကတို့ဖြစ်ကြောင်း သိရသည်။ ကျန်မြေဧက ပိုင်ရှင်များကိုမှု ဆက်သွယ်၍ မရသေးပေ။
စစ်အစိုးရ လက်ထက်တွင် ၂၀၀၆ ခုနှစ်မှ စတင်ပြီး ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ် နယ်နိမိတ် အတွင်းရှိ စုစုပေါင်း မြေဧက ၁၃၀၀ ကျော်ကို သိမ်းဆည်းထားကာ ဆောက်လုပ်ရေး စီမံကိန်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းများ ဆောင်ရွက်ပြီးနောက် လက်ရှိ အနေထားအရ မလိုအပ်သည့် ကျန်ရှိ မြေဧကများကို တောင်သူ လယ်သမားများအား ပြန်မပေးဘဲ သမ္မတနှင့် ဗိုလ်ချုပ်ကြီးများက ဆက်လက် သိမ်းဆည်းထားကြောင်း ဝဲကြီးကျေးရွာရှိ သိမ်းဆည်းခံ လယ်သမားများက ဆိုသည်။
လက်ရှိ သမ္မတ ဦးသိန်းစိန်၊ လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တခြား ဗိုလ်ချုပ် ၈ ဦးတိုက သိမ်းဆည်းခဲ့သည့် လယ်မြေ ဧက ၆၀၀ ကျော်ရှိကြောင်း ဝဲကြီးကျေးရွာ ဒေသခံ ကိုဇော်လတ်က ပြောသည်။
“စစ်ဗိုလ်ချုပ်တွေ သိမ်းထားတဲ လယ်မြေဧကကိုက ၆၀၀ ကျော်လောက် ရှိတယ်။ ဒီထဲမှာ ဗိုလ်ချုပ် မောင်မောင်လတ်တို့၊ ဗိုလ်ချုပ် ခင်မောင်သန်းတို့လည်း ပါတယ်။ ဝန်ကြီး ဦးအုန်းမြင့်လည်း ပါတယ်။ သူတို့တွေက ကျနော်တို့ လယ်တွေကို သိမ်းထားပြီး မြေဧကတွေကို ကုမ္ပဏီတွေကို ပြန်ရောင်းစားတယ်၊ သူတို့ကိုယ်ပိုင် ခြံတွေအဖြစ်လည်း လုပ်နေကြတာတွေ ရှိတယ်။ သူတို့တွေက အဲဒီလို မတရား လုပ်ထားတော့ အောက်က ကျေးရွာဥက္ကဌ၊ မြေတိုင်းစာရေးတွေကပါ ကျနော်တို့ ကျေးရွာသူ၊ ကျေးရွာသားတွေ ပိုင်ဆိုင်တဲ့ မြေဧကတွေကို ရောင်းစားနေကြတယ်။ အခုလက်ရှိပဲ မန္တလေးက တရုတ်သူဌေးကို ၁ ဧကကို ၄ သိန်းခွဲနဲ့ သူတို့ ရောင်းစားနေတာ။ ဒါကို ကျနော်က တိုင်တော့ ပုဗ္ဗသီရိမြို့က တရားရုံးက ကျနော့်အမှုကို ပလပ်တယ်။ သူတို့က ကျနော့်ကို ပုဒ်မ ၄၄၇ (ကျူးကျော်မှု) နဲ့ တရားစွဲတာကြတော့ တရားရုံးက လက်ခံပြီး စစ်ဆေးတယ်။ အခု ကျနော် တရားရင်ဆိုင်နေရပါတယ်” ဟု ကိုဇော်လတ်က ဆက်ပြောသည်။
ကိုဇော်လတ်သည် ထိုသို့ တရားစွဲခံရသည့်အတွက် ဇွန်လ ၂၅ ရက်နေ့က ပထမဆုံး ရုံးချိန်းသွားခဲ့ရကြောင်း သိရသည်။
ကိုဇော်လတ်က ဆက်လက်၍ “ကျနော်တို့ ကျေးရွာက ပိုင်ဆိုင်တဲ့ လယ်သမားတွေရဲ့ မြေဧက ၅၀၀ ကျော်ကို သိမ်းထားတာ။ အဲဒီထဲက စီမံကိန်း တခုဖြစ်တဲ့ သတင်းစာတိုက်အတွက် မြေဧက ၁၀၀ ကျော် သုံးပြီးသွားပြီ။ ကျန်တဲ့ မြေဧက ၄၀၀ မှာကို ကျနော်တို့က လုပ်ကိုင်စားဖို့အတွက် ပြန်တောင်းတာပါ။ ကျနော်တို့က ရောင်းလည်း မရောင်းချင်ဘူး။ ကိုယ့်မြေကို လယ်စိုက်တာဖြစ်ဖြစ်၊ ရာသီပေါ် သီးနှံ စိုက်စားတာပဲဖြစ်ဖြစ် ကျနော်တို့က လုပ်ကိုင်စားချင်တယ်။ ဒီလယ်ယာမြေတွေ ဆိုတာ ကျနော်တို့ အဖိုးအဖွားတွေ လုပ်ကိုင်စားလာတာ နှစ်ပေါင်း ၅၀ ကျော်နေပါပြီ။ ကျနော်တို့မှာ ပိုင်ဆိုင်မှု သက်သေတွေ ပြနိုင်ပါတယ်” ဟု ပြောသည်။
ယခုလ ၂ ရက်နေ့က ရန်ကုန်တိုင်း သုဝဏ္ဏ အားကစားကွင်း၊ အမျိုးသားအားကစားရုံ (၁) တွင် ကျင်းပသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်က အစိုးရအနေဖြင့် ဆင်းရဲမွဲတေမှု လျှော့ချရန် ပြည်တွင်းပြည်ပမှ ရရှိသော ထောက်ပံ့ချေးငွေများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည် အပြင် အကြောင်းကြောင်းကြောင့် လယ်ယာဆုံးရှုံးခဲ့ကြသော တောင်သူ လယ်သမားများအတွက်လည်း ဥပဒေနှင့်အညီ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MDCF) ၏ မန္တလေးတိုင်း တာဝန်ခံ ကိုစောလှအောင်က “သမ္မတကိုယ်တိုင် ပြောထားတဲ့ စကားအတိုင်း ရှိနေပြီးသားပါ။ ဒါပေမယ့် သမ္မတကိုယ်တိုင် ဒီလို သိမ်းဆည်းထားတယ် ဆိုတာတော့ မကောင်းဘူးထင်တယ်။ သမ္မတကိုယ်တိုင် တောင်သူလယ်သမားတွေ အရေးမှာ စံပြဖြစ်ဖို့လိုတယ်။ ဒါမှလည်း တိုင်းပြည်အနာဂတ် ပိုမိုလှပသွားမှာပါ။ အဲလိုမှ မဟုတ်ဘူးဆိုရင် ပြည်သူလူထုရဲ့ အယုံကြည် ကင်းမဲ့သွားတာမျိုးတွေ သမ္မတ ကြုံတွေ့ရနိုင်ပါတယ်” ဟု ပြောသည်။
သိမ်းဆည်းထားသည့် မြေယာများထဲမှာ သမ္မတ ဦးသိန်းစိန်က ဧက ၂၀ ယူထားခြင်းနှင့် ပတ်သက်၍ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဒုဝန်ကြီး ဦးရဲထွဋ်နှင့် ပုဗ္ဗသီရိမြို့နယ်ကိုယ်စားပြု အမတ် ဦးဖြိုးဇေယျာသော်တို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
မြန်မာနိုင်ငံ တဝန်းလုံးတွင် အကြောင်းအမျိုးမျိုးဖြင့် စစ်တပ်မှ သိမ်းဆည်းထားသည့် လယ်မြေဧကပေါင်း ၂၄၇၀၇၇.၀၆ ဧက ရှိကြောင်း၊ လက်ရှိ မြို့ ပြတိုးချဲ့တည်ဆောက်ရေးနှင့် စက်မှုဇုန် တည်ဆောက်ရေးအတွက် သိမ်းဆည်းခံရသည့် မြေဧက ၁၀၉၆၃၄.၁၅ ဧက ရှိကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အမရပူရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ပြောသည်။