Development

မြန်မာ့ဈေးကွက် ဖွံ့ဖြိုးရန် ဒေါ်လာ ဘီလီယံများစွာ လို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ကြိုးမဲ့တယ်လီဖုန်းကွန်ယက်တည်ဆောင်ခွင့် ရရှိရန်အဆိုပြုထားကြသော ကုမ္ပဏီများအနက်မှ အောင်မြင်ခဲ့သူများ အနေဖြင့် ငွေကြေးအမြောက်အများသုံးစွဲနိုင်ရန် လိုအပ်သည်ဟု လက်ဝါးကြီးအုပ် ကစားပွဲဆန်ဆန် ဖြစ်နေသည့် အချက်အလက်များကို အခြေပြု၍ စီးပွားရေးပညာရှင်များက ပြောကြားလိုက်သည်။

“ဒီဂျစ်တယ် နည်းပညာကို အပြည့်အဝသုံးနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုဆီကို ခုန်ပျံကျော်လွှား သွားနိုင်ဖို့ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍရဲ့ အခြေခံအဆောက်အဦးတွေ အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ လောက် လိုပါလိမ့်မယ်” ဟု ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် ပတ်သက်၍ စီးပွားရေးပညာရှင်များဖြစ်ကြသည့် Martin N.Baily နှင့် Richard Dobbs တို့က ပြောဆိုခဲ့သည်။

ထိုသို့သော ငွေသုံးစွဲမှုသည် မြန်မာနိုင်ငံကို ၂၀ ရာစု ပုံစံဟောင်းကို ထားခဲ့၍ ၂၁ ရာစု ဆီသို့ ကူညီသယ်ဆောင် ပေးမည့် တယ်လီဖုန်းကွန်ယက်အတွက် နိုင်ငံတကာ တယ်လီဖုန်း ကုမ္ပဏီများအတွက် တကယ်ပင် လိုအပ်သည်ဟု Baily နှင့် Dobbs တို့က ယုံကြည်ကြသည်။

“ဥပမာ ပြောပြရရင် မိုဘိုင်း ဘဏ်လုပ်ငန်း နဲ့ အီလက်ထရောနစ် ကုန်သွယ်မှုတွေကို အသုံးပြုခြင်းအားဖြင့် ဘဏ်တွေ၊ ဈေး ဆိုင်တွေကို တည်ဆောက်စရာ မလိုတော့ဘဲ ဝေးလံတဲ့ ကျေးလက်က လူတွေအတွက် ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှုတွေလည်း တိုးချဲ့ပြီး လုပ်ပေးနိုင်လိမ့်မယ်” ဟု  Baily နှင့် Dobbs တို့က Project Syndicate ဝက်ဘ်ဆိုတ် တွင်ထုတ်ပြန်ခဲ့သော “ original, engaging, and thought-provoking by esteemed leaders and thinkers” အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Martin N.Baily သည် အမေရိကန်သမ္မတ၏ စီးပွားရေး အကြံပေးကောင်စီ ဥက္ကဌဟောင်းဖြစ်ပြီး ဝါရှင်တန်မှ Brookings Institution တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပေါ်လစီနှင့် ပတ်သက်၍ ဟောပြောပို့ချပေးနေသူဖြစ်သည်။ Richard Dobbs က McKinsey Global Institute မှ ညွှန်ကြားရေးမှူးဖြစ်၏။

အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ဆိုသည်မှာ မြန်မာနိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ နောက်ဆုံး နယ်စပ် စည်း တွင် ရောက်ရှိနေသည် ဟု လွန်ခဲ့သော နှစ်ကထဲက နိုင်ငံတကာ မီဒီယာများတွင် ပြောဆိုဖော်ပြခြင်းခံခဲ့ရသည့် အတိုင်း ဖြစ်လာစေရန် သုံးစွဲဖို့ လိုအပ်သည့် အမေရိကန်ဒေါ်လာ ဘီလီယံ ရာနှင့်ချီသည့် ငွေများ၏ သေးငယ်သော အစိတ်အပိုင်း တခုသာဖြစ်သည်ဟု ၎င်းတို့က တွက်ချက်ဖော်ပြခဲ့ကြသည်။

Baily နှင့် Dobbs တို့၏ တွက်ချက်မှုအရဆိုလျှင် မြန်မာနိုင်ငံတွင် အိမ်ယာများ၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် စွမ်း အင် ဆိုင်ရာ အခြေခံ အဆောက်အဦးများကို ၂၁ ရာစု စံချိန်မှီဖြစ်စေရန် အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ခန့် လိုအပ်မည်ဟု သိရသည်။ သူတို့ကြိုတင် နိမိတ်ဖတ်ခဲ့သည့်အတိုင်း မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံနိုင်ငံမှ စွန့်ခွာမည်ဆိုပါက ထိုပမာန၏ တဝက်ခန့်ကို မြို့ကြီးများနှင့် အခြားသောမြို့များအတွက် သုံးစွဲရန်လိုအပ်လာမည် ဖြစ်သည်။

“ခုချိန်မှာ မြန်မာလူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းလောက်က မြို့ကြီးတွေမှာ နေတယ်လို့ ခန့်မှန်းရပါတယ်၊ ဒါပေမယ့် ၂၀၃၀ လောက် ရောက်ရင်တော့ မြို့ကြီးတွေမှာ လူဦးရေ ဆယ်သန်းလောက် ထပ်တိုးပြီး ၂၅ ရာခိုင်နှုန်းလောက်အထိ ဖြစ်သွား နိုင်ပါတယ်” ဟု Baily နှင့် Dobbs တို့ကဆိုသည်။

၎င်းတို့၏ ကိန်းဂဏန်းများက ရင်းနှီးမြှုပ်နှံမှုကို ၂၀၃၀ အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ခန့် ဖြစ်ရန် အကြံပြုထားသော်လည်း မြန်မာနိုင်ငံ၏ ပြီးခဲ့သော ဘဏ္ဍာရေးနှစ်တွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၁.၄ ဘီလီယံ သာ ရှိခဲ့သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

အလွန်တရာ အခြေအနေ ကောင်းနေပြီဟု တခဲနက် ဖော်ပြရေးသားနေကြသည့် နောက်ကွယ်တွင် ရင်းနှီးမြှုပ်နှံမှုက ယနေ့အထိ တော်ရုံသင့်ရုံမျှသာ ရောက်လာခြင်းသည် ပြဿနာတရပ်ဖြစ်သည်ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က မကြာသေးခင်က ပြောကြားခဲ့သည်။

“သူတို့ (Baily နှင့် Dobbs တို့) ခန့်မှန်းထားတဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏအထိ ရောက်အောင် ဆွဲဆောင်ယူဖို့က  ခက်ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်လာချိန်ကစလို့ ခုချိန် ဖြစ်နေတာကတော့ အကျိုးအမြတ်တွေ ရယူနိုင်လိမ့်မယ်လို့ နိုင်ငံတကာက ထင်မြင်တာတွေ တဖြည်းဖြည်း ခန်းခြောက်လို့လာနေတာပါ” ဟု မြန်မာ့စီပွားရေးကို ကာလရှည်ကြာစွာ စောင့်ကြည့်လေ့လာခဲ့သူ Sean Turnell က ဧရာဝတီသို့ ပြောသည်။

ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံမှုအများစုက မြန်မာနိုင်ငံ၏ ပွင့်လန်းလာသော ခရီးသွားကဏ္ဍအတွက် လိုအပ်နေသော ဟိုတယ် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဖြစ်သည်။ ရန်ကုန်နှင့် နေပြည်တော်သို့ နိုင်ငံခြားကုမ္ပဏီ အမြောက်အများ ရောက်ရှိလာပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ပေးမည်ဟု မရေမရာ အဆိုပြုချက်တွေ ပေးကြသည်။ သို့သော်လည်း ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး စီမံကိန်း အနည်းငယ်သာ အကောင်အထည် ဖော်ပြနိုင်ပြီး ခိုင်မာ သော စီမံကိန်းတွေ ဖြစ်လာသည်။

မိုဘိုင်းတယ်လီဖုန်း လုပ်ပိုင်ခွင့်လိုင်စင်ပြီးလျှင် နောက်ထပ်ကြီးမားသော ရင်းနှီးမြှုပ်နှံမှုဖြစ်လာဖွယ် ရှိသည်ဟု မျှော်လင့်ရသည်မှာ စွမ်းအင်ကဏ္ဍဖြစ်သည်။ မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၃၀ ရှိနေသည်။

ကမ်းလွန်လုပ်ကွက်များ အတွက် အဆိုပြုလွှာတင်သွင်းခြင်းကို ဇွန်လ ၁၄ ရက်နေ့ အထိ လက်ခံခဲ့ပြီး ယခုလကုန်ပိုင်း တွင် လုပ်ပိုင်ခွင့်ရရှိသူများကို ကြေညာမည်ဟု စွမ်းအင်ဝန်ကြီးဌာနက ပြောသည်။

လုပ်ကွက် ၁၉ ခုသည် ဘင်္ဂလားပင်လယ်အော်အတွင်း ရေနက်ပိုင်းတွင်ရှိပြီး နည်းပညာ၊ စွမ်းရည်နှင့် ငွေကြေး ကျောထောက် နောက်ခံကောင်းသည့် နိုင်ငံတကာကုမ္ပဏီကြီးများသာလျှင် ရှာဖွေခြင်း၊ တူးဖော်ခြင်း လုပ်ငန်းများ လုပ်ကိုင်နိုင်စွမ်းရှိမည် ဖြစ်သည်။

မည်သူက လုပ်ကိုင်ခွင့်ရမည်ဟု တရားဝင်ထုတ်ဖော် ကြေညာခြင်း မရှိသေးသော်လည်း နိုင်ငံတကာမှ ရေနံလုပ်ငန်းနှင့် ပတ်သက်သည့် စာစောင်များတွင် Chevron၊ BP၊ Shell၊ China National Offshore Oil Corporation၊ မလေးရှားမှ Petronas၊ ထိုင်းနိုင်ငံမှ PTTEP နှင့် နော်ဝေနိုင်ငံမှ Statoil တို့ ပြိုင်ဆိုင်ရလိမ့်မည်ဟု ဖော်ပြနေကြသည်။

မိုဘိုင်း တယ်လီဖုန်းလိုင်စင်အတွက် မြန်မာအစိုးရက ထုတ်ပြန်ကြေညာခဲ့သော ဆန်ကာတင်စာရင်းတွင် Singapore Telecommunication၊ အိန္ဒိယမှ Bharti Airtel၊ ဂျပန်မှ KDDI Corporation နှင့် Sumitomo Corporation၊ နော်ဝေ နိုင်ငံမှ Telenor နှင့် ဗီယက်နမ် မှ Viettel Group တို့ပါဝင်သည်။ Vodafone Group နှင့် ၎င်း၏ မိတ်ဖက် China Mobile Limited တို့က မေလ နှောင်းပိုင်းတွင် ယှဉ်ပြိုင်မှုမှ နုတ်ထွက်သွားကြသည်။

သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ စီးပွားရေးပါမောက္ခ တဦးဖြစ်ပြီး Burma Economic Watch အဖွဲ့မှ တွဲဖက် အယ်ဒီတာလည်းဖြစ်သူ Sean Turnell က အခြေခံ အဆောက်အဦများအပေါ်တွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးနေခြင်းသည် မြန်မာနိုင်ငံအတွက် “သိသာ ထင်ရှားသည့် ပြဿနာ” တခုအဖြစ်ရှိနေသေးသည်ဟု ဆိုသည်။ သို့သော်လည်း သူက အင်္ဂလိပ်နှင့် နယ်သာလန် ဖက်စပ်လုပ်ငန်းတခုဖြစ်သည့် Unilever ၏ ဒုတိယမြောက်စက်ရုံတရုံ တည်ထောင် ဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်ခြင်းကို ရည်ညွှန်း၍ “အပေါင်းလက္ခဏာဆောင်သည့် ကိစ္စ” ဟုပြောလိုက်သည်။

“ဘာလုပ်ဖို့ လိုနေတယ်ဆိုတာ ပြသတဲ့ နမူနာတခုအဖြစ် Unilever ရဲ့ လုပ်ဆောင်မှုတခုပဲ ပြနိုင်ပါသေးတယ်။ ဒါက အနည်းဆုံးတော့ ဆန္ဒရှိရာကို သွားနေတဲ့ ခြေလှမ်းတခုပါပဲ၊ ပြည်သူတွေကို အလုပ်ပေးနိုင်တဲ့ ဒီလိုမြှုပ်နှံမှုမျိုးက အခြေချ လုပ်ကိုင်တဲ့အခါ ဒေသန္တရ ဥပဒေတွေ၊ အဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရတာမျိုးတွေတော့ရှိနိုင်ပါတယ်” ဟု Sean Turnell က ဧရာဝတီသို့ ပြောသည်။

Unilever သည် အစားအစာ၊ တကိုယ်ရေသုံးပစ္စည်းများ နှင့် အိမ် သန့်ရှင်းရေးပစ္စည်းများ အကြီးအကျယ်ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီဖြစ်ပြီး လူ ၁၅၀ ကို အလုပ်ပေးနိုင်မည့့် စက်ရုံတခုကို ဇွန်လကုန်တွင် ရန်ကုန်မြို့၍ ဖွင့်လှစ် မည်ဖြစ်သည်။ နှစ်ကုန်တွင် နောက်ထပ်စက်ရုံတရုံကို ထပ်မံတည်ဆောက်သွားမည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံဟာ စီးပွားရေးရဲ့ အခွင့်အလမ်းတိုင်းကို ဖမ်းဆုပ်နိုင်ဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နောက် တနည်း ဖော်ပြရရင် ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အတွက် ကျယ်ပြန့်တဲ့ အခွင့်အလမ်းတွေဖြစ်လာပါတယ်။ ဒါပေမယ့် အကျိုးအမြတ်များပြားမယ်လို့ အလားအလာရှိတဲ့ ဈေးကွက်သစ် ကိုတော့ မျှော်လင့်ရင်းနဲ့ သူတို့တွေ သတိထားပြီး ကိုင်တွယ်ဆွေးနွေးသင့်ပါတယ်” ဟု Baily နှင့် Dobbs တို့ကဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading