မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရန် အတွက် နော်ဝေ နိုင်ငံမှ Telenor ကုမ္ပဏီနှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီတို့ တင်ဒါ အောင်မြင်ခဲ့ကြောင်း ဆက်သွယ်ရေးတင်ဒါ လိုင်စင် စိစစ်ရွေးချယ်ရေးအဖွဲ့က ယနေ့ ညနေ ၅ နာရီတွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။
Orange နှင့် Marubeni ကုမ္ပဏီတို့ကို အရန်စာရင်း အဖြစ် ရွေးချယ်ထားကြောင်း၊ တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီ နှစ်ခုကို ဆက်သွယ်ရေး လိုင်စင် ဆက်လက် ချထားပေးမည်ဖြစ်ပြီး အသစ်ထွက်ရှိလာမည့် ဆက်သွယ်ရေးဥပဒေပါ အချက်အလက် များကိုလည်း လိုက်နာရမည် ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင်ပါဝင်သည်။
“သူတို့တင်ဒါမှာ သွင်းထားတဲ့ ဝန်ဆောင်မှုတွေ စလုပ်တော့မယ်။ စာချုပ်ချုပ်ရင်တော့ ဆက်သွယ်ရေး ဥပဒေနဲ့အညီ ချုပ်ရမှာပေါ့။ သူတို့ အခုလုပ်တဲ့ ကိစ္စတွေထဲက စည်းကမ်းနဲ့ မကိုက်ရင် ပြန်ပြင်ရမှာပေါ့၊ တင်ဒါအောင်တယ် ဆိုပေမယ့် ပြင်ဆင်ရတာတွေ ရှိအုံးမှာပါ။ လွှတ်တော်ဘက်ကလည်း ဆက်သွယ်ရေး ဥပဒေကြမ်းကို ဒီကာလထဲမှာ အမြန်ဆုံး အတည်ပြုနိုင်အောင် ကြိုးစားမှာပါ” ဟု ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။
ဆက်သွယ်ရေးတင်ဒါ လိုင်စင်စိစစ် ရွေးချယ်ရေးအဖွဲ့က သင့်တော်မည်ဟု ထောက်ခံထားသည့် ကုမ္ပဏီများကို အစိုးရက လက်ခံ သဘောတူသဖြင့် ဆက်သွယ်ရေးတင်ဒါ အနိုင်ပေးလိုက်သည်ဟု သိရသည်။
Telenor ကုမ္ပဏီ၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် ၎င်းတို့ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ပိုင်ခွင့်တင်ဒါကို ခက်ခက်ခဲခဲ အောင်မြင်ခဲ့ကြောင်း၊ ၎င်းတို့ကို မြန်မာအစိုးရက တင်ဒါ အနိုင်ပေး၍ ဆက်သွယ်ရေး လုပ်ငန်းလုပ်ပိုင်ခွင့် ချပေးခြင်းသည် မြန်မာပြည် သွားနေသည့် ပန်းတိုင်သို့ ရောက်ရန် Telenor က တနည်းတဖုံ ကူညီနိုင်မည့် အခွင့်အရေးရသည်ဟု ယူဆကြောင်း အဆိုပါ ကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် Jon Fredrik Baksaas ၏ ပြောဆိုထားသည်။
“မြန်မာနိုင်ငံဟာ ကျနော်တို့ ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး နည်းဗျူဟာမှာ အရေးပါတဲ့ ထောက်တိုင် ဖြစ်လာမှာပါ။ မြန်မာနိုင်ငံသား အားလုံးအတွက် မိုဘိုင်း ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်အောင် ပြိုင်ဘက် ကုမ္ပဏီတွေကို တွန်းအားပေး ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်” ဟု သူက ဆိုထားသည်။
လာမည့် ၂၀၁၄ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှ စတင်၍ ပြည်တွင်း၌ Telenor ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများ ရရှိနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် ပြည်တွင်းကုမ္ပဏီ ၂ ခု အဖြစ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ လည်းကောင်း၊ ရတနာပုံ တယ်လီပို့ ကုမ္ပဏီအား အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်း၍လည်းကောင်း ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ချထားပေးရန် စီစဉ်ထားရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ဆက်သွယ်ရေး ဥပဒေ ထွက်လာပြီးမှသာ တင်ဒါ အောင်မြင်သည့် စာရင်းကို ကြေညာရန် ယမန်နေ့က လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သော်လည်း သမ္မတက အကောင်းဆုံး ဆောင်ရွက်ရန် အားပေးသည့်အတွက် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီ ၂ ခု စာရင်းကို ယနေ့ ကြေညာခြင်းဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းတင်ဒါ ခေါ်ယူရေးကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ယနေ့ နံနက်ပိုင်းက ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ကြေညာချက်တွင် တင်ဒါ တင်သွင်းလာသည့် ပြည်တွင်း ပြည်ပကုမ္ပဏီ ၉၁ ခု အနက်မှ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်၍ ပဏာမအဖြစ် ကုမ္ပဏီ ၁၂ ခု ရွေးချယ်ခဲ့ပါကြောင်း၊ ၎င်းအနက်မှ ပြည်တွင်းပြည်ပ ကုမ္ပဏီ ၂ ခုအား အပြီးသတ် ရွေးချယ်နိုင်ခဲ့ကြောင်း၊ ၎င်းတို့နှင့် သက်ဆိုင်သော သတင်းအချက် အလက် များကို ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးသို့ ရှင်းလင်းတင်ပြ၍ လမ်းညွှန်ချက် ရယူကာ ဥပဒေနှင့်အညီ လိုင်စင်ချထားပေးမည် ဖြစ်ကြောင်း၊ ပြည်ပကုမ္ပဏီ ရွေးချယ်လိုခြင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်ရန်နှင့် ၎င်းတို့ထံမှ အဆင့်မြင့် နည်းပညာများ မျှဝေရရှိနိုင်ရန် ဖြစ်ကြောင်း အစရှိသည်ဖြင့် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် တယ်လီဖုန်း သုံးစွဲနိုင်မှုသည် လူဦးရေ ၇ ဒဿမ ၈ ရာခိုင်နှုန်းသာ ရှိပြီး အာဆီယံ ၁၀ နိုင်ငံ၏ နံပါတ် ၁၀ နေရာတွင်သာ ရှိကြောင်း သိရသည်။