ညှဉ်းပန်းနှိပ်စက်မှုများ ဆန့်ကျင်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘာတူညီချက်ကို မြန်မာအစိုးရက အမြန်ဆုံးအတည်ပြု လက်မှတ် ရေးထိုးရန် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က တိုက်တွန်း လိုက် သည်။
ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဇွန်လ ၂၆ ရက်နေ့အား အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရသူများ ကို ပံ့ပိုး ကူညီရေးနေ့ အဖြစ် ၁၉၈၇ နှစ်မှ စတင် သတ်မှတ်ခဲ့သည်။
ထိုနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် တိုက်တွန်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဥပဒေများတွင် အဆိုပါ သဘောတူ ပြဋ္ဌာန်းချက် အား ထည့်သွင်းရေးဆွဲပေးရန် AAPP တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီကို ပြောသည်။
“ညှဉ်းပန်းနှိပ်စက်မှုတွေကို ဆန့်ကျင်တဲ့ ဒီ သဘောတူညီချက်ကို ထောက်ခံခြင်းဟာ မြန်မာနိုင်ငံအနေနဲ့ မိမိနိုင်ငံတွင်းမှာဖြစ် နေတဲ့နှိပ်စက်မှုတွေ တားဆီးကြောင်း ဆန့်ကျင်ကြောင်း ရှင်းရှင်းလင်းလင်းပြသယုံသာမက နိုင်ငံတဝန်းလုံးမှာရှိတဲ့ ညှဉ်းပန်း နှိပ်စက် ခံရသူတွေနဲ့ တသားတည်း ရှိတယ်ဆိုတာကိုပါ ဆိုလိုရာရောက်ပါတယ်”ဟု သူက ဆိုသည်။
ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးလမ်းကြောင်းပေါ် ရောက်ရေးအတွက် အထောက်အကူဖြစ် မည်ဟု သူက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် လူပုဂ္ဂိုလ်တဦးတယောက်၊ အစုအဖွဲ့ စသည်တို့က ညှဉ်းပန်းနှိပ်စက်မှုများ ရှိသော်လည်း အဆိုပါ ကိစ္စများကို ကိုင်တွယ်ဖြေရှင်း ပညာပေးရန် လွယ်ကူသော်လည်း အစိုးရ၏ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ကျူးလွန်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အစိုးရနှင့် လွှတ်တော်များတွင် တာဝန်ရှိကြောင်း ဦးဘိုကြည်က ပြောဆိုသည်။
“နှိပ်စက်ညှဉ်းပန်းမှုတွေ လုပ်ခဲ့တာက အရင်တုန်းကတော့ စစ်ထောက်လှမ်းရေးပေါ့။ အခုတော့ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့)၊ SB (ရဲ အထူး သတင်းတပ်ဖွဲ့)၊ စတဲ့ သူတို့တွေက ကျူးလွန်ခဲ့ကြတာများပါတယ်”ဟု သူက ဆိုသည်။
အထူးသဖြင့် အစိုးရ သို့မဟုတ် အစိုးရက ခန့်အပ်ထားသည့် အဖွဲ့အစည်းများက အဆိုပါကိစ္စမျိုး ကျူးလွန်သည်များ တွေ့ရကြောင်း၊ ဥပမာ စစ်သားများက စစ်ဖြစ်နေသည်ကို အကြောင်းပြ၍ အရပ်သားများအပေါ် အဓမ္မကျင့်မှု၊ နှိပ်စက် ညှဉ်းပန်းမှုများ လုပ်လေ့ ရှိသကဲ့သို့ ရဲတပ်ဖွဲ့ဝင်များကလည်း ဖမ်းဆီးထားသူများကို ဖြောင့်ချက်ရရှိရေးအတွက် နှိပ်စက် ညှဉ်းပန်းမှုများ လုပ်လေ့ ရှိကြောင်း သူက ထောက်ပြသည်။
ညှဉ်းပန်းနှိပ်စက်ပြီး ရရှိသည့် ဖြောင့်ချက်များကိုလည်း တရားရုံးတွင် သက်သေအဖြစ် အသုံးပြုကြောင်း၊ နိုင်ငံရေး အကျဉ်း သား ဟောင်း ၁ သောင်းခန့်သည်လည်း စစ်ကြောရေး စခန်းနှင့် အကျဉ်းထောင်များတွင် အလားတူ ကြုံတွေ့ခဲ့ရပြီး ယခုချိန် အထိ အဆိုပါ ကျူးလွန်သူများကို တရားစွဲဆို အပြစ်ပေးအရေးယူမှုမျိုး မရှိသေးကြောင်းလည်း ဦးဘိုကြည်က ဆိုသည်။
“ရဲက ညှဉ်းပန်းနှိပ်စက်လို့ ရဲတချို့ကို ပြန်အရေးယူအပြစ်ပေးတာ ရှိပေမယ်၊ နိုင်ငံရေး အကျဉ်းသားတွေအပေါ် ကျူးလွန်ခဲ့ တာတွေကို အခုထိ အရေးယူတာ မရှိသေးဘူး”ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် ညှင်းပန်းနှိပ်စက်ခံရသူများအား ပြန်လည်ကုစားပေးသော၊ လျော်ကြေးပေးသော မည်သည့် ဥပဒေ၊ မည် သည့် ဆောင်ရွက်ချက်မျိုးမှ မရှိသကဲ့သို့ နှိပ်စက်မှုပြုသူများအား တရားစွဲမည်ဆိုပါကလည်း နှိပ်စက်ညှဉ်းပန်းခံရသူများဘက်မှ သက်သေလိုက်ပေးမည့်သူများအတွက် ကာကွယ်ပေးသည့် မည်သည့် ဥပဒေ မည်သည့် ဆောင်ရွက်ချက်မှ မရှိပါဟုလည်း AAPP ၏ ကြေညာချက်တွင် ဖော်ပြသည်။
“နိုင်ငံရေးရေး အကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံရတာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ပါ”ဟု ဦးဘိုကြည်က ဆိုသည်။
AAPP အပါအဝင် လူ့အခွင့်အရေး မဟာမိတ်အဖွဲ့များတွင် အာဏာပိုင်အဖွဲ့များ၏ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ မှတ်တမ်း များကို သိမ်းဆည်းထားကြောင်း ညှဉ်းပန်း နှိပ်စက်မှုသည် နှိပ်စက်ခံရသူ ပေါ်ကိုသာ သက်ရောက်ခြင်းမဟုတ်ဘဲ နှိပ် စက်ခံ ရသူများ၏ မိသားစုဝင်များနှင့် ကျယ်ပြန့်သော လူအဖွဲ့အစည်း ပေါ်ကိုပါ သက်ရောက်မှုရှိသည်။
မြန်မာနိုင်ငံတွင် ညှဉ်းပန်းနှိပ်စက်မှုများအား ပယ်ဖျက်ရန် ပထမခြေလှမ်းအနေဖြင့် ညှဉ်းပန်း နှိပ်စက်မှု ကာကွယ် တား ဆီးရေး ကုလသမဂ္ဂ သဘောတူညီချက်အား မြန်မာနိုင်ငံအတွင်း ပြဌာန်းရန်အတွက် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ က လွှတ်တော်တွင် တင်သွင်းခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ပွင့်ဖြူမြို့နယ် လွှတ်တော်အမတ် ဦးအောင်မိုးညို၏ အဆိုပြုချက်အား ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက ပယ်ချလိုက်သည့်အပေါ် မိမိတို့ AAPP အနေဖြင့် များစွာစိတ်မသက်မသာ ဖြစ်မိကြောင်းလည်း ကြေညာချက်က ဆိုသည်။
လွှတ်တော်၏ အခန်းကဏ္ဍသည် အဆိုပါ ဥပဒေမျိုး သတ်မှတ်ပြဋ္ဌာန်းရေး အရေးပါသောကြောင့် လွှတ်တော်အမတ် များကို ချဉ်းကပ်၍ တိုက်တွန်းမှုများ လုပ်ဆောင်သွားမည်လည်း ဖြစ်ကြောင်း ဦးဘိုကြည်က ဆိုသည်။
“လွှတ်တော် အမတ်တွေထဲမှာလည်း နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ရှိနေပါတယ်။ ဒီလို ညှဉ်းပန်းနှိပ်စက်မှုတွေကို ကာကွယ်ပေးတဲ့ ဥပဒေမျိုး သူတို့အနေနဲ့လည်း လွှတ်တော်ထဲမှာ ကြိုးစားပေးသင့်တယ်လို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု သူက ဆက်ပြောသည်။
ညှဉ်းပန်းနှိပ်စက်ခံရခြင်းသည် နိုင်ငံရေး အကျဉ်းသားဟောင်းများသာမက တိုင်းရင်းသား ဒေသခံများလည်း ပါဝင်ကြောင်း၊ အခြားသော ရာဇဝတ်မှု ဆိုင်ရာ သံသယဖြင့် ဖမ်းဆီးခံရသူများလည်း ပါဝင်ကြောင်း၊ အားလုံးသော ညှဉ်းပန်းနှိပ်စက်မှု မှန် သမျှကို လက်မခံနိုင်ကြောင်း ဦးဘိုကြည်က ဆက်ပြောသည်။
ညှဉ်းပန်းနှိပ်စက်မှု လျော့ပါးပပျောက်ရေး ပညာပေးကာလ၊ သတိပေးကာလများ ထားရှိရန်လိုပြီး စစ်ကြောရေး စခန်းများ၊ ရဲ အချုပ်ခန်းများ၊ အကျဉ်းထောင်နှင့် အလုပ်စခန်းများကို စောင့်ကြည့်သည့် ယန္တရားလည်း လိုအပ်ကြောင်း၊ အဆိုပါစောင့်ကြည့်ရေး လူထုအခြေပြု လူ့အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များကိုလည်း အပြုသဘောဖြင့် ထောက်ပြသည်ဟုသာ အစိုးရနှင့် တာဝန်ရှိသူများက ရှုမြင်လက်ခံသင့်ကြောင်း သူက ဆက်ပြောသည်။
ညှဉ်းပန်းနှိပ်စက်မှုများ ဆန့်ကျင်ရေးဆိုင်ရာ ကုလသမဂ္ဂ၏ သဘာတူညီချက် (Convention against Torture) သည် ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှ လူ့အခွင့်အရေးပဋိညာဉ်ပါ အချက်များကို အခြေ ခံပြီး နိုင်ငံ ၂၀ မှ သဘောတူ၍ ၁၉၈၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း ၁၅၃ နိုင်ငံ က သဘောတူ လက်မှတ်ရေးထိုးထားကြောင်း သိရသည်။