အစိုးရ စစ်တပ်က အဓမ္မ သိမ်းယူထားသော မြန်မာနိုင်ငံ တဝန်းမှ လယ်မြေများအား မူလပိုင်ရှင် လယ်သမားများထံ ပြန်လည် ပေး အပ်သွားမည် ဖြစ်ကြောင်း သိရသည်။
စစ်တပ်သည် ၎င်းတို့၏ တပ်နှင့်သက်ဆိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ရန် သိမ်းယူထားသည့် မြေများမှအပ တခြား အကြောင်းအရာများဖြင့် သိမ်းယူထားသည့် လယ်ယာမြေ၊ နွားစားကျက်မြေ၊ မြေလွတ် မြေရိုင်းများ စသည်ဖြင့် အဓမ္မ သိမ်းယူ ထားသည့် လယ်မြေများကို ပြန်ပေးနိုင်ရန် စစ်တပ်ခေါင်းဆောင်များက စီစဉ်နေကြောင်း စစ်တပ်နှင့်နီးစပ်သူ တချို့က ဧရာဝတီ ကို ပြောသည်။

“စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေအထဲက ဘာအဆောက်အအုံမှ မဆောက်တဲ့ မြေတွေ အကုန်လုံးပြန်ပေးမယ်၊ မဖြစ်မနေ သိမ်းထားတာတွေကိုလည်း တန်ရာတန်ကြေး လျော်ကြေးပေးသွားမယ်လို့ သိရတယ်၊ ဘယ်အချိန် ပြန်ပေးမယ်ဆိုတာတော့ မသိရ သေးဘူး”ဟု စစ်တပ်နှင့်နီးစပ်သူ တဦးက ပြောသည်။
တပ်မတော်အစိုးရ လက်ထက်တွင် အကြောင်း အမျိုးမျိုးကြောင့် သိမ်းယူထားသော လယ်ယာမြေများ အနက် တပ်မတော် အတွက် အမှန်တကယ် မလိုအပ်သည့် လယ်မြေများကို အခကြေးငွေ မယူဘဲ မူလပိုင်ရှင် လယ်သမားများကို လုပ်ကိုင်ခွင့် ပေးရန် ကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြားထားသည် ဟု တွဲဖက် စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်က ပြည်ထောင်စု လွှတ်တော်၏ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များ နှင့်ဖေဖော်ဝါရီလ အတွင်းတွေ့ဆုံခဲ့စဉ် က ပြော ဆို ခဲ့ဖူးသေးသည်။
မြန်မာနိုင်ငံ တဝန်းရှိ စစ်တပ်တခုတည်းက အဓမ္မ သိမ်းယူထားသည့် လယ်မြေဧကပေါင်း ၂ သိန်းကျော် (၂၄၇၀၇၇ ဒသမ ၀၆ ဧက) ရှိကြောင်း ပြည်ထောင်စု လွှတ်တော်၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ထားသည်။
တပ်မတော်သည် လယ်မြေဧက ၁၉၀၀၀ ဒသမ ၅၁၉ ဧက သိမ်းယူထားပြီး ဧကပေါင်း ၄၃၁ ဧက အတွက် ကျပ်သန်းပေါင်း ၉၉၉ ဒသမ ၂၅ သန်းကို ၂၀၁၂ ခုနှစ် အတွင်း လျော်ကြေး ပေးခဲ့ကြောင်းလည်း ဗိုလ်ချုပ်မင်းနိုင် က ကော်မရှင်နှင့်တွေ့စဉ် ပြောဆိုခဲ့သည်။
စစ်တပ်အတွက် အသုံးမပြုသည့် လယ်ယာမြေများကို ပြန်ပေးမည်ဆိုသည့်အတွက် ကြိုဆိုကြောင်း၊ သို့သော်လက်တွေ့ ပေးရန် အရေးကြီးကြောင်း ရခိုင်ပြည်နယ်၏ လယ်ယာမြေ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီ ကို ပြောသည်။
“ကျနော်တို့ ရခိုင်ဒေသမှာ စစ်တပ်က သိမ်းထားတာ ဧက သောင်းဂဏန်းနဲ့အထက်ရှိတယ်၊ တိုင်ထားတဲ့ အမှုပေါင်း ၂၀၀ ဝန်းကျင် ကို ကော်မရှင် အဖွဲ့ဝင်တွေ စစ်ဆေးနေတာ နှစ်ချီရှိပါပြီ၊ လယ်သမားတွေ လက်ထဲ အမှန်တကယ် ရောက်တာဆိုလို့ သုံးလေးမှုပဲ ရှိသေးတယ်”ဟု ၎င်းက ဆိုသည်။
လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ လွှတ်တော်က ဖွဲ့စည်းထားသော ကော်မရှင်၊ ကော်မတီများ၏ ဆောင်ရွက်မှု သည် ထိရောက်မှု မရှိကြောင်း၊ ထိုအဖွဲ့အစည်းများ၏ စုံစမ်းစစ်ဆေးမှု ရလဒ်ကို တာဝန်ယူဖြေရှင်းပေးရမည့်သူသည် အစိုးရ သာဖြစ်ကြောင်း၊ သို့သော် သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနများ အနေဖြင့် ထိရောက်မြန်ဆန်သည့် အလေးထား ဆောင်ရွက်ပေးမှု မရှိကြောင်း သိရသည်။
“အစိုးရ ကိုယ်တိုင်ဖွဲ့တဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ လွှတ်တော်က ဖွဲ့တဲ့ အဖွဲ့တွေထက် ပိုပြီးထိရောက်နေတာ တွေ့တယ်၊ ကျနော်တို့ လုပ်တာကို အစိုးရက လုပ်ပေးမှ ရတာဆိုတော့ လယ်သိမ်းမှုတွေ ဖြေရှင်းပေးတာဟာ ထင်သလောက် ခရီးမ ပေါက်ဘူး”ဟု ဦးဖေသန်း က ဆိုသည်။
စစ်တပ်သည် ၎င်းတို့၏ စစ်တပ်အဆောက်အအုံများ ဆောက်လုပ်ရန်နှင့်တပ်တွင်း တနိုင်တပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် လုပ်ငန်းများအတွက် သိမ်းထားသည့် လယ်မြေများအပြင် အကြောင်းပြချက် တစုံတရာ မရှိဘဲ သိမ်းယူထားသည့် လယ်မြေ ဧက ထောင်ပေါင်းများစွာ ရှိကြောင်း သိရသည်။
မွန်ပြည်နယ်တွင်လည်း ရာဘာခြံများ၊ လယ်မြေများ၊ နွားစားကျက်မြေများ စသည်ဖြင့် ဧကပေါင်းများစွာကို စစ်တပ်က သိမ်းယူ ထားကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်း က ဧရာဝတီ ကို ပြောသည်။
စစ်တပ် အပြင် မြို့ရွာဖံွံ့ဖြိုးမှုအတွက်ဟုဆိုကာ သိမ်းယူထားသည့် လယ်မြေဧကမှာ ၁ သိန်းကျော် (၁၁၇၈၃၄ ဒသမ ၁၉ ဧက) ရှိကြောင်း ပြည်ထောင်စု လွှတ်တော်၏ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ထားသည်။