သတင်း

လမ်းဘေး ဖုန်းဆိုင်တွေ ပျောက်ကွယ်တော့မလား

This article has been converted from Zawgyi One to Unicode

မိုဘိုင်းဖုန်း ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်အတွက် နော်ဝေက တယ်လီနောနဲ့ ကာတာက အူရီဒူးကို လေလံချထားပေးခဲ့ပြီးပါပြီ။ တချိန်တည်းမှာ ၁၅၀၀ တန် တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကတ်များကိုလည်း အစိုးရက ချထားနေတဲ့နောက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းဘေးတယ်လီဖုန်း ဆိုင်လေးများ၏ ဝင်ငွေမှာ သိသိသာသာ လျော့ကျသွားခဲ့ကြောင်း လမ်းဘေးဖုန်းဆိုင်လုပ်ငန်း  လုပ်ကိုင်သူများက ပြောဆိုသည်။

တန်ဖိုးနည်းတယ်လီဖုန်းဆင်းကတ်များ မပေါ်ပေါက်မီက အစိုးရ အများပြည်သူသုံးတယ်လီဖုန်းဆိုင်တစ်ခု၏ တစ်ရက် ပျမ်းမျှဝင်ငွေမှာ  ကျပ်နှစ်သောင်းခန့်အထိရှိခဲ့ရာမှ ယခုအခါ ကျပ် ၇၀၀၀ ခန့်သာ ရှိတော့ကြောင်း၊ မနက် မိုးလင်းမိုးချုပ်ဖွင့်သော ပုဂ္ဂလိက တယ်လီဖုန်းဆိုင်လေးများမှာလည်း တစ်ရက် ကျပ် သုံးသောင်းခန့်အထိ ဝင်ငွေရှိခဲ့ရာမှ ယခုအခါ တစ်ရက် ကျပ်တစ်သောင်းခန့်သာ ဝင်ငွေရှိတော့ကြောင်း လမ်းဘေးဖုန်းဝန်ဆောင်ပေးသူများက ပြောဆိုကြသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်း(MPT)လက်အောက်တွင် ရှိသော အများပြည်သူသုံးတယ်လီဖုန်းဆိုင်များ၏ တရက် ဝင်ငွေမှာလည်း သိသိသာသာ ကျဆင်းလာသည့်အတွက် ဖုန်းဆိုင်တွင် ဝန်ဆောင်မှုပေးသော ဝန်ထမ်းများမှာလည်း ၎င်းတို့အနာဂတ်အတွက် အခြားအလုပ်တစ်ခုခုပြောင်းလုပ်ရန် စဉ်းစားလာကြသည်ဟု ဆိုသည်။

‘အခုတောင် ဒီလောက်ဝင်ငွေ လျော့နေတာ နိုင်ငံခြားကုမ္ပဏီတွေပါ ဝင်လာရင် ကျမတို့လမ်းဘေးဖုန်းဆိုင်လေးတွေ ရပ်တည်ဖို့ ခက်မှာ။ ကျမတောင် ကုမ္ပဏီအလုပ်ပြောင်းလုပ်ဖို့ စဉ်းစားနေပြီ ”ဟု အသက် ၂၇ အရွယ် ဆက်သွယ်ရေးဝန်ထမ်း မကြည်နိုင်မြင့်က ဧရာဝတီသို့ ပြောသည်။

မကြည်မြင့်နိုင်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အများပြည်သူသုံး တယ်လီဖုန်းဝန်ဆောင်မှုဋ္ဌာနတွင် ၄ နှစ်ခန့်အလုပ်လုပ်ခဲ့ပြီး ယခုအခါ ဆူးလေ ဘုရားအနီး မဟာဗန္ဓုလလမ်းပေါ်ရှိ အများပြည်သူသုံး တယ်လီဖုန်းဆိုင်တွင် မနက် ၇ နာရီမှ ညနေ ၄ နာရီအထိ အလုပ်လုပ်လျက် ရှိသည်။

တစ်ရက် ကျပ် ၇၀၀၀ ခန့်သာ ရရှိသော သူမ၏ဖုန်းဆိုင်သို့ လာရောက်ဖုန်းဆက်သူ အရေအတွက်မှာ မိနစ်သုံးဆယ်အတွင်း လူ ၄ ဦး ခန့်သာရှိပြီး အချိန်ခဏသာ လိုရင်းတိုရှင်း ပြောဆိုကြသည်ကို တွေ့ရသည်။ အစိုးရ အများပြည်သူသုံးဖုန်းဆိုင်များက တစ်မိနစ်လျှင် ကျပ် ၅၀ ယူပြီး ပုဂ္ဂလိက ဖုန်းဆိုင်များက တစ်မိနစ်လျှင် အနည်းဆုံး ၁၀၀ ကျပ်ယူသည်။

သူမ၏ ဖုန်းဆိုင်မှ လှည့်ထွက်လာသူတစ်ဦးက”လမ်းဘေးဖုန်းတွေ ရှိတာ ကျနော်အတွက်တော့ ကောင်းတယ်။ အလုပ်ထဲမှာ မပြောချင်တဲ့ ကိစ္စကိုဒီမှာ လာပြောတယ်။ ကျနော်မှာ GSM နှစ်သိန်းတန် ဖုန်းတလုံးရှိတယ်။ သိပ်မသုံးဖြစ်ဘူး”ဟု ဆိုသည်။ ၎င်းမှာ ဆိပ်ကမ်းသာလမ်းထဲရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်သမားကြီးကြပ်သူ ဖြစ်ပြီး လမ်းဘေးဖုန်းကို လွတ်လွတ်လပ်လပ် စကားပြောနိုင်ရန် လာရောက်အသုံးပြုခြင်း ဖြစ်သည်။

မိမိမိုဘိုင်းလ်ဖုန်း ရုတ်တရက်ပျောက်သွားခြင်း၊ ဖုန်းမေ့ကျန်ခဲ့ခြင်းနှင့် အခြားကိစ္စအမျိုးမျိုးတို့ အတွက် လမ်းဘေးဖုန်းဆိုင်လေးများ ရှိနေခြင်းသည် အလွန်အသုံးဝင်ကြောင်း အသက် ၁၈ နှစ်အရွယ် ၁၀တန်းကျောင်းသား ကိုသက်ပိုင်က ပြောသည်။ ကိုသက်ပိုင်မှာ သူ၏ မိုဘိုင်းလ်ဖုန်း ခါးပိုက်နှိုက်ခံလိုက်ရသောကြောင့် ယခုဆက်သွယ်ရေးသို့ ဖုန်းကတ်ပျောက် ပြန်လျှောက်စဉ်ကာလတွင် လမ်းဘေးဖုန်းကို အားပြုနေရသည်။

”လမ်းဘေးဖုန်းဆိုင်က ဖုန်းမရှိတဲ့သူတွေနဲ့ အရေးပေါ်ဖုန်းဆက်ချင်တဲ့သူတွေ အတွက် အသုံးဝင်ပါတယ်။ ကျနော်လို ဖုန်းပျောက်သွားရင် သုံးလို့ရတယ်”ဟု ကိုသက်ပိုင်က ဆိုသည်။

ရန်ကုန်မြို့တွင် အစိုးရ အများပြည်သူသုံးတယ်လီဖုန်း ဆိုင်ပေါင်း တစ်ထောင်ကျော်ရှိပြီး ဖုန်းဆိုင်များ၏ တရက်ဝင်ငွေမှာလည်း လျော့ကျသွားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း PCO ဖုန်းဋ္ဌာနမှူး ဦးဝင်းဆွေက ပြောသည်။ ”လျော့သွားတာတော့ မှန်တယ်။ ဒါပေမယ့် အရမ်းကြီး ထိုးကျသွားတာမျိုး မဟုတ်ပါဘူး”ဟု သူကဆိုသည်။

ရန်ကုန်မြို့ ဆူးလေးဘုရားလမ်းပေါ်မှ တယ်လီဖုန်းဆိုင်တွင် တစ်နှစ်ခွဲခန့် အလုပ်လုပ်နေသူ မြန်မာဆက်သွယ်ရေးဝန်ထမ်း ဒေါ်အေးအေးနိုင်ကလည်း ”အရင်က တရက်ကို ဖုန်းဘေလ် ၅၀၀၀ လောက်ဆောင်ရတာ အခုတရက်ကို ၃၀၀၀ လောက်ပဲဆောင်ရတော့တယ်။ အခုလိုအချိန်မှာတောင် သိပ်မသုံးတော့ရင် နောက်ပိုင်းမှာ လူပိုနည်းသွားနိုင်တယ်”ဟု ဆိုသည်။

ဒေါ်အေးအေးနိုင်ကိုယ်တိုင်ပင် နှစ်သိန်းတန်ဖုန်းကိုအစိုးရထံမှ အရစ်ကျစနစ်ဖြင့် ဝယ်ယူခဲ့ရာ ကျပ် ၁၂၅၀၀၀ သွင်းပြီးနောက် ၁၅၀၀ တန် တန်ဖိုးနည်းဖုန်း ပေါ်ပေါက်လာသောအခါ ငွေဆက်သွင်းမှုကို ရပ်နားလိုက်ရသည်။

ရန်ကုန်မြို့တွင်း လမ်းမကြီးတစ်ခုပေါ်တွင် ပုဂ္ဂလိက တယ်လီဖုန်း ဝန်ဆောင်ပေးနေသူ ဒေါ်ငယ်ငယ်မှာ သူမ၏ CDMA 800 ဖုန်းကို တစ်မိနစ် ရေငွကျပ်တစ်ရာတောင်းကာ တစ်နေ့လျှင် သုံးသောင်းကျပ်အထိရရှိနေရာမှ ယခုအခါ တစ်သောင်းခန့်သာ ဝင်ငွေရှိတော့ကြောင်း ပြောသည်။ ”အရင်က ည ၁၂ နာရီလောက်အထိ ဖုန်းနှစ်ခု သုံးခုထားပြီးတော့ လုပ်ရတာ။ တစ်ရက်ကို သုံးသောင်းလောက်က အသာလေးရှာလို့ရတယ်။ အခုက ဖုန်းတစ်လုံးပဲ ထားရတော့တယ်”ဟု ဆိုသည်။

သို့သော် ဖုန်းလုပ်ငန်းမှ ရရှိသောဝင်ငွေနည်းလာသော်လည်း နိုင်ငံတကာကုမ္ပဏီများက တန်ဖိုးနည်းဖုန်းများချထားပေးမည် ဆိုပါက ကြိုဆိုကြောင်း၊ အခြားလုပ်ငန်းတစ်ခု ပြောင်းလုပ်ရန် အဆင်သင့်ရှိကြောင်း သူကဆိုသည်။

”နိုင်ငံတကာ ကုမ္ပဏီတွေဝင်လာလို့ ဒီလုပ်ငန်း မလုပ်ကြတော့ဘူးဆိုရင် တခြားလုပ်ငန်းပြောင်းလုပ်မယ်။ အခု အလှပြင်ဆိုင်တစ်ခုကို အပေါ်ထပ်မှာလည်း ဖွင့်ထားတော့ အဲဒီလုပ်ငန်းကိုပဲ ဆက်လုပ်တော့မယ်”ဟု ဒေါ်ငယ်ငယ်က ဆိုသည်။

ရန်ကုန်မြို့ ၃၅ လမ်းထိပ်တွင် ဆန်ဆိုင်နှင့် ဆက်သွယ်ရေး ဖုန်းအငှားဆိုင်တွဲဖွင့်ထားသူ ကိုဖိုးကျော်က ”ကျနော်ဖုန်းဆိုင်ရဲ့ ဝင်ငွေက တရက် ၃ထောင်ပဲ ရှိတယ်။ ဒါပေမဲ့ ကျနော်က ဒီနားမှာ ကိုယ့်ခင်ရာမင်ရာ ဈေးသည်တွေဆီဖုန်းလာတဲ့အခါ ခေါ်ပေးတယ်။ ဒီဖုန်းနဲ့ပဲေ ဈးစုံစမ်းတာတို့ ဘာတို့လုပ်တယ်။ အကျိုးအမြတ်အဓိက မဟုတ်ဘူး။ ဖုန်းခကိုလည်း ၃ မိနစ်ကို နှစ်ရာပဲ ယူတာ”ဟု ဆိုသည်။

တန်ဖိုးနည်းဖုန်းများ ပေါများလာပြီး လမ်းဘေးတယ်လီဖုန်းဆိုင်လေးများမှာ အရေအတွက် လျော့ကျသွား နိုင်သော်လည်း လုံး၀ ပျောက်ကွယ်သွားမည် မဟုတ်ဟု ရန်ကုန်မြို့ခံများက သုံးသပ်ကြသည်။

နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့် မိုးဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်းများကို ဈေးနှုန်းသက်သာစွာ လာရောက်ရောင်းချပေးပါက အစိုးရ အများပြည်သူဖုန်းဆိုင်လေးများကို လျှော့ချရန် သင့်မသင့်ကို ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဋ္ဌာနက ဆုံးဖြတ်ရတော့မည်ဖြစ်သည်။

Loading