သတင်း

SSA မြောက်ပိုင်း စခန်းတခုကို အစိုးရတပ် သိမ်း

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်၊ တာဖာဆောင်ကျေးရွာရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ၏ စခန်းတခုကို အစိုးရတပ်က သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အစိုးရတပ်သည် စစ်ကြောင်း နှစ်ကြောင်းဖြင့် ဇွန်လ ၂၂ ရက်နေ့တွင် စတင် ဝန်းရံလာကာ ဇွန်လ ၂၄ ရက်နေ့တွင် စတင်တိုက်ခိုက်ကြောင်း၊ ထို့နောက် ဇွန်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်ခြင်း ဖြစ်ကြောင်း၊ တာ့ဆမ်းပူး ကူးတို့ ဆိပ်ကမ်းကိုလည်း ဖယ်ခိုင်းနေကြောင်း SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မတော် တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ – Mongloi)

“အစိုးရအနေနဲ့ ကျနော်တို့ နှစ်ပေါင်းများစွာ နေခဲ့တဲ့နေရာကို ဘာကြောင့် ဝင်ရောက်တိုက်လဲ ဆိုတာ မသိဘူး။ ကျနော်တို့ လှုပ်ရှားသွားလာနေတဲ့ လမ်းကြောင်းကို ဖြတ်တောက်ဖို့ လုပ်နေတယ် ထင်တာပဲ။ တာ့ဆမ်းပူး ကူးတို့ဆိပ်ကမ်းကို ဖယ်ဖို့ လာပြောတယ်။ ကျနော်တို့ မဖယ်ပေးတဲ့အတွက် သူတို့ စစ်တပ်အင်အား ထပ်ဖြည့်နေပါတယ်” ဟု ဗိုလ်မှူး စိုင်းလှက ဆိုသည်။

အစိုးရတပ်နှင့် SSPP/SSA ကြား တိုက်ပွဲ မပြင်းထန်စေရန် အရှေ့အလယ်ပိုင်း စစ်ဌာနချုပ်ကို သွားရောက် ညှိနှိုင်းကာ SSPP/SSA ပိုင် စခန်းကို ရွှေ့ပေးခဲ့ကြောင်း၊ ထိုစစ်ပွဲနှင့် ပတ်သတ်၍လည်း သက်ဆိုင်ရာ အစိုးရဌာနနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အကျိုးဆောင်ကိုလည်း တင်ပြထားကြောင်း သိရသည်။

“စစ်ပွဲကတော့ ဖြစ်နေတာပဲ။ ဒါပေမယ့် ကျနော်တို့ဆီမှာက KIA လို ဒုက္ခသည်စခန်းတွေ မရှိဘူး။ ရွာနားမှာ စစ်ပွဲဖြစ်ရင် ဒေသခံတွေက ရှောင်ကြတယ်။ ဝေးတဲ့နေရာ ခိုကြတယ်။ စစ်ငြိမ်သွားရင်တော့ ရွာကိုပြန်ကြတယ်” ဟု ဗိုလ်မှူး စိုင်းလှက ဆိုသည်။

မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ထဲတွင် နယ်မြေဒေသနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သတ်မှတ်ထားခြင်း မရှိသေးကြောင်း၊ နယ်မြေဒေသ လုံခြုံရေးကို တာဝန်ယူထားသည့်သူများ အချင်းချင်း ဆက်သွယ်ကာ ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း၊ အစိုးရတပ်နှင့် SSPP/SSA အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရန် အစီအစဉ် မရှိသေးကြောင်း ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) မှ တာဝန်ရှိသူတဦးဖြစ်သည့် ဒေါက်တာ မင်းဇော်ဦးက ဧရာဝတီသို့ ပြောသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်းက တန့်ယန်းမြို့နယ် မိုင်းကောင်း ကျေးရွာအုပ်ရွာအုပ်စု နမ့်လောင်း ကျေးရွာအနီးတွင် တိုက်တွဲဖြစ်ပွားခဲ့သေးကြောင်း၊ အစိုးရနှင့် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က တွေ့ဆုံရာ၌ နှစ်ဦးနှစ်ဖက် ပြဿနာများ ဖြစ်ပေါ်လာပါက လက်နက်ဖြင့် မဖြရှင်းဘဲ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးကြရန် သဘောတူညီချက် ရရှိထားကြောင်း ဗိုလ်မှူး စိုင်းလှက ဆိုသည်။

SSPP/SSA မြောက်ပိုင်းသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး မိုင်းရှူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မိုးမိတ် စသည့် ဒေသများတွင် လှုပ်ရှားသည့်အဖွဲ့ ဖြစ်သည်။

Loading