ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အတွင်းရှိ ဒုက္ခသည် စခန်းတခုတွင် အာဏာပိုင်များနှင့်ဒုက္ခသည်များအကြား အငြင်းပွား အုပ်စုဖွဲ့ တိုက်ခိုက်မှုများကြောင့် ပစ်ခတ်မှုဖြစ်ပွားရာ လူ ၂ ဦးသေဆုံးကြောင်း သိရသည်။
ပေါက်တော မြို့နယ်ရှိ ကြိမ်နီပြင် ဒုက္ခသည်စခန်းတွင် တဲအိမ်များဆောက်လုပ်နေကြသည့် ဒုက္ခသည်များနှင့်အလုပ်သမား ခေါင်းဆောင်တို့အကြား လုပ်အားခ ပေးချေမှုနှင့်ပတ်သက်၍ ယမန်နေ့က အငြင်းမှု ဖြစ်ကြကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ပြန်ကြရေး တာဝန်ခံ ဦးမျိုးသန့် က ဧရာဝတီ ကို ပြောသည်။
ဒုက္ခသည် အချင်းချင်း အငြင်းပွားရာမှ လုံခြုံရေး တာဝန်ရှိသူများကိုပါ အုပ်စုဖွဲ့တိုက်ခိုက်လာ၍ ခြောက်လှန့် ပစ်ခတ်ရာမှ တ ဦး ပွဲချင်းပြီး သေဆုံးကာ တဦး ဒဏ်ရာရရှိ၍ ထို ဒဏ်ရာရရှိသူလည်း ယနေ့တွင် သေဆုံးသွားကြောင်း သိရသည်။
၎င်းက“တဲတန်းလျားတွေ ဆောက်နေတဲ့ အလုပ်သမားတွေနဲ့အလုပ်သမား ခေါင်းဆောင်အကြား လုပ်အားခပေးတာ မကျေ နပ်ရာက အချင်းချင်း ဖြစ်ကြတာပါ”ဟု ဆိုသည်။
တဲအိမ်တန်းလျားများ ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်ရန် ဒုက္ခသည်များကို နေ့စားအဖြစ် လုပ်ကိုင်ခွင့်ပြု ထားကြောင်း၊ ထိုအလုပ်သမားများကို ကြီးကြပ်ရန် ဘင်္ဂါလီ (မွတ်စလင်) အမျိုးသား ကိုလာလုဆိုသူအား အလုပ်သမား ခေါင်းဆောင် အဖြစ် တာဝန်ပေးထား ကြောင်း၊ လုပ်အားခ ပေးချေမှုနှင့်ပတ်သက်၍ ကိုလာလုနှင့်အလုပ်သမား တချို့ကို အုပ်စုလိုက် တိုက်ခိုက်သောကြောင့် လုံခြုံရေးတပ်ဖွဲ့က ခြောက်လှန့်ပစ်ခတ်ကြောင်း သိရသည်။
အလုပ်သမားခေါင်းဆောင် ကိုလာလုက ပြောဆိုရာတွင် ကြိမ်နီပြင်စခန်းမှ အလုပ်သမား ၃၅ ဦးသည် ငွေလိုအပ်၍ အလုပ် လုပ်နေကြရာ ဗလီအကြီးအကဲများက အလုပ် မလုပ်ရန် တားဆီးကြောင်း၊ သို့သော် အလုပ်သမားများက အလုပ် လုပ်ရန် အသွား လမ်း၌ လူအုပ်စုက တုတ်၊ ဓားများ ကိုင်ဆောင်၍ ရန်မူကြကြောင်း ဧရာဝတီ ကို ပြောသည်။
ကိုလာလုက “အာဏာပိုင်တွေရောက်လာပြီး ခင်ဗျားတို့ ဘယ်လို ဖြစ်စေချင်တာလဲ လုပ်ပေးမယ်၊ ကိုယ့်အိမ်ပြန် ကြပါ ပြောတော့မပြန်ဘူး သတ္တိရှိလို့လာခဲ့တာ ပစ်ရင် ပစ်ဆိုပြီးတော့ပြောတယ်၊ အဲဒီအချိန်မှာပဲ ကျနော့်အဖွဲ့ထဲက ဝါးသယ်လာတဲ့ သူတယောက်ကို ဓားနဲ့လိုက်ခုတ်တော့ စစ်တပ်နဲ့ရဲတွေက ကာကွယ်ပေးတယ်၊ အဲဒါကို ဘာလို့ ကာကွယ်ရလဲ ဆိုပြီး စစ် သားတွေ၊ ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ကြတယ်”ဟု ဆိုသည်။
ပေါက်တောမြို့နယ်တွင် ဒုက္ခသည် စခန်း ၃ ခုရှိပြီး တဲအိမ်တန်းလျားများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး (UNHCR) က လှူဒါန်းခြင်း ဖြစ်ပြီး ကစ္ဆပမဟာ ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကာ အများစုမှာ ပြီးစီးလုနီးပါး ဖြစ်နေပြီ ဟုသိရသည်။
စခန်းများမှ ဒုက္ခသည်များအား အလုပ်အကိုင် ရရှိရေးအတွက် နေ့စား လုပ်ကိုင်ခွင့်ပေးရခြင်း ဖြစ်ကြောင်း၊ အများစုမှာ အလုပ် လုပ်လိုကြသော်လည်း သဘောထားတင်းမာသည့် ဘင်္ဂါလီခေါင်းဆောင် တချို့က အလုပ်မလုပ်ကြရန် နောက်ကွယ် က ညွှန်ကြားမှုများရှိနေကြောင်း၊ အခင်းဖြစ်ပွားမှုများတွင် အမျိုးသမီးများနှင့်ကလေးငယ်များကို ရှေ့ဆုံးက ပါဝင်စေကြောင်း ပြည်နယ်အစိုးရ အာဏာပိုင်များက ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအတွက် အိမ်တန်းလျား ၉၈၉ လုံး၊ လုံးချင်းအိမ် ၁၂၄၂ လုံးတည်ဆောက်လျက်ရာ တန်းလျား ၅၅ လုံးနှင့်လုံးချင်းအိမ် ၂၃ လုံးသာ ကျန်တော့ကြောင်း၊ စာသင်ကျောင်း ၃၄ ကျောင်း ဆောက်လုပ်ရာတွင် ၈ လုံး ကျန်နေသေးသည့်အတွက် အမြန်ပြီးစီးအောင် တွန်းအားပေးရမည် ဟု ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုး တက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ရခိုင်အရေး လုပ်ငန်း ညှိနိုင်းအစည်းအဝေးတွင် ပြောဆိုကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ က ရေသားထားသည်။
UNHCR က တည်ဆောက်ပေးမည့် တန်းလျားအိမ် ၅၆၄ လုံးတွင် ၂၁၆ လုံးကျန်နေသေးသည့်အတွက် ညှိနှိုင်းတွန်းအား ပေးရန် လိုအပ်ကြောင်းလည်း ဒေါက်တာ စိုင်းမောက်ခမ်း က ဆိုသည်။
ဒုက္ခသည်များအား မိမိတို့ခြေထောက်ပေါ် ပြန်လည်ရပ်တည်နိုင်အောင်ဆောင်ရွက်ပေးရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှု အတွက် ဆေးခန်းများမပြီးစီးမီ Mobile Team နှင့် စောင့်ရှောက်မှု ပေးသွားမည်ဟုလည်း ဒု သမ္မတ က ပြောသည်။
မြောက်ဦးမြို့နယ် ပရိန်ရွာ ဘင်္ဂါလီ(မွတ်စလင်)ဒုက္ခသည်စခန်းတွင်လည်း အာဏာပိုင်များ တည်ဆောက်ပေးမည့် နေအိမ် တန်းလျားများ၌ နေထိုင်ရန် ငြင်းဆန်သည့်အပြင် အုပ်စုဖွဲ့ တိုက်ခိုက်ရန်မူသည့်အတွက် လုံခြုံရေး တာဝန်ယူထားသည့် တပ် ဖွဲ့ဝင်များက ခြောက်လှန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး ၃ ဦး ယခုလဆန်းပိုင်းတွင် သေဆုံးခဲ့သည်။
၂၀၁၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့ကြသည့် ပဋိပက္ခများကြောင့် စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့များ အပါအဝင် ရခိုင်ပြည်နယ် တခုလုံးတွင် ဒုက္ခသည် စခန်းစုစုပေါင်း ၂၀ ဝန်းကျင်ရှိပြီး ဒုက္ခသည် ဦးရေ စုစုပေါင်း တသိန်း လေးသောင်း ဝန်းကျင်ရှိသည်။