မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စလုပ်တဲ့ ၂၀၁၁–၂၀၁၂ ဝန်းကျင်တုန်းက အဲဒီကာလကို ညီအစ်ကို မသိတသိအချိန် လို့ လေ့လာ သုံးသပ်သူတွေက ဝေဖန်ပြောဆိုကြပါတယ်။
အခုကာလကိုရော ဘယ်လိုခေါ်မလဲလို့ အတွေးကလေးတခုက ဝင်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ၊ သံဃာတော်တချို့ အဆိုပြုတဲ့ “ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ကန့်သတ် ဥပဒေကြမ်း” နဲ့ ၉၆၉ လှုပ်ရှားမှု အပါအဝင် နိုင်ငံရေး ဇာတ်ခုံပေါ်က အခင်းအကျင်း အပြောင်းအလဲတွေကြောင့်ပဲ ဖြစ်ပါတယ်။
|
၂၀၀၇ တုန်းက ရွှေဝါရောင် တော်လှန်ရေးလို့ နိုင်ငံတကာမှာ လူသိများခဲ့တဲ့ အားလုံးရဲ့ လေးစားကြည်ညိုမှုနဲ့ ထောက်ခံမှုကို ရခဲ့တဲ့ သံဃာတော်တွေ လှုပ်ရှားမှုနဲ့ ဒီနေ့ သံဃာတော်တချို့ရဲ့ လှုပ်ရှားမှု ပုံရိပ်တွေဟာ နိုင်ငံတကာ စာမျက်နှာမှာ ဆီနဲ့ရေလို ထင်းထင်းကြီး ရေးသားဖော်ပြခံခဲ့ရတာ တွေ့ရပါတယ်။
လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ရခဲ့တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ထောက်ခံမှုတွေ အားပေးမှုတွေဟာ ဒီနေ့ သံဃာတော်တွေ ရနေတဲ့ ထောက်ခံမှု အားပေးမှုနဲ့ယှဉ်လိုက်ရင် အတော်ကို ကွာခြားပါတယ်။
မကြာသေးခင်က အကြမ်းဖက် နှိမ်နင်းခံခဲ့ရတဲ့ လက်ပံတောင်း က သံဃာတော်တွေရဲ့ ပုံရိပ်တွေလည်း ပျောက်ကွယ်ခဲ့ပြီး ဒီနေ့ဆိုရင် နိုင်ငံတကာနဲ့ ပြည်တွင်းမှာ သံဃာတော်တွေရဲ့ လှုပ်ရှားမှုကို ဝေဖန် ပြောဆိုသံတွေ ပိုများလာခဲ့တာ တွေ့နေရ ပါပြီ။ မြန်မာပြည်နဲ့ သံဃာတော်၊ ပြီးတော့ ဗုဒ္ဓဘာသာကို ထင်ဟပ်တဲ့ ပုံရိပ်တွေဟာ အနုတ် လက္ခဏာ ဆောင်သွား ပါတယ်။
၉၆၉ လှုပ်ရှားမှုနဲ့ (Hate Speech Campaign) ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေ ဖြစ်ပေါ်စေနိုင်တဲ့ လှုံ့ဆော်မှုတွေမှာ အခု အစိုးရနဲ့ အရင် စစ်အစိုးရခေတ်က သြဇာကြီးခဲ့သူတွေရဲ့ လက်တွေ ခြေတွေ ပါနေတယ် ဆိုတာကိုလည်း ပြည်တွင်းပြည်ပ စာနယ်ဇင်း တွေက ဖွင့်ချရေးသားခဲ့ပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၁၂ ကတည်းက ပြန်စခဲ့တဲ့ မွတ်စလင် ဆန့်ကျင်ရေး နဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလမ်ဘာသာဝင်တွေ အကြား အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အခုအချိန်အထိ သေသေချာချာ အရေးယူ ဖော်ထုတ် တားဆီးခြင်း မရှိတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရဟာလဲ ရိုးသားမှု ဘယ်လောက်ရှိသလဲ၊ တာဝန်ယူမှု ဘယ်လောက်အထိရှိမှာလဲ ဆိုတာကို မေးခွန်း ထုတ်ရတော့မှာ ဖြစ်ပါတယ်။
မြစ်ဆုံနဲ့ ဧရာဝတီ လှုပ်ရှားမှု နောက်ပိုင်း တဖြည်းဖြည်းနဲ့ အရှိန်ရလာတဲ့ တရုတ်အစိုးရနဲ့ ကုမ္ပဏီတွေရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ အပေါ် လှုံ့ဆော် သပိတ် မှောက်တာတွေ၊ စစ်တပ်က လက်ဝါးကြီးအုပ်ထားတဲ့ ဦးပိုင် ကုမ္ပဏီကို ဝေဖန်တဲ့ အသံတွေ ပြင်းထန်လာချိန် ၂၀၁၂ ဧပြီမှာ ကျင်းပပြီး NLD ပါတီ က အပြတ်အသတ် နိုင်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းမှာ ဒီလို ပဋိပက္ခတွေ၊ သွေးချောင်းစီးမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာဟာ အလိုအလျောက် မဟုတ်ဘဲ ဖန်တီးတဲ့ လက်သည် တရားခံတွေ ရှိတယ်ဆိုတာကတော့ အထင်အရှားပဲ ဖြစ်ပါတယ်။
တကယ်တော့ တိုင်းပြည်ရဲ့ သယံဇာတ အရင်းအမြစ်တွေကို လက်ဝါးကြီး အုပ်ထားတာ ဘယ်သူတွေလဲ။ သံဃာတော်တွေရော ပြည်သူပြည်သား တွေကိုရော ရက်ရက်စက်စက် ဖိနှိပ်ခဲ့သူတွေဟာလည်း ဘယ်သူတွေလဲ။ ဒီဘက် ခေတ် အဆက်ဆက် ဗုဒ္ဓ ဘာသာ ရဲ့ ဂုဏ်ရောင်ကို မှေးမှိန်အောင်လုပ်ခဲ့တာရော ဘယ်သူတွေလဲ။ ဖြေစရာ လိုမယ် မထင်ပါ။
ဒါကြောင့် (Myanmar Spring) မြန်မာ့နွေဦး လို့ ကြွေးကြော်ပြီး လက်ခမောင်းခတ်နေတဲ့ သူတချို့နဲ့ နောက်ပြန် မလှည့်ပါဘူးလို့ ကြုံးဝါးနေသူတွေ သိဖို့လိုတာကတော့ မြန်မာ့နွေဦးဟာ လမ်းချော်နေပြီ၊ အန္တရာယ်ရှိတဲ့ အနေအထားကို ဦးတည် နေ ပြီ၊ ဒါကို ထိန်းကျောင်း တည့်မတ်ဖို့ လိုတယ်ဆိုတာပဲ ဖြစ်ပါတယ်။
Time မဂ္ဂဇင်းက ဦးဝီရသူရဲ့ မျက်နှာဖုံး ဆောင်းပါး ပြည်တွင်းမှာ ဖြန့်ချိမှာကို ပိတ်ပင်တာဟာ မှားတဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ Time ဟာ သူ့ရဲ့အလုပ်ကို သူလုပ်တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့မူနဲ့ ဆုံးဖြတ်ချက်(Editorial Judgment)ကို ဝေဖန်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ဖြန့်ချိရောင်းချခွင့်သာမက ကိုင်ဆောင်တာ အထိ ပိတ်ပင်ကန့်သတ်တာကတော့ နောက်ကို ပြန် ဆုတ် တဲ့ ခြေလှမ်းတလှမ်းပဲဖြစ်ပြီး ဒီအကွက်ကို ဖန်တီးသူတွေအတွက်တော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပါပဲ။
ဒါကြောင့် Time ကို ပိတ်ပင်ဖို့ ဆုံးဖြတ် လိုက်တဲ့ မြန်မာပြည်က ဉာဏ်ကြီးရှင်တွေရော ကန့်ကွက်တဲ့ အစိုးရရော သူတို့ကိုယ် သူတို့ ယုံကြည်မှုမရှိဘူး၊ အာဏာရှင် ခေတ် က ပါလာတဲ့ ခေါက်ရိုးကျိုး အမူအကျင့်တွေကို ဆက်လက် အသုံးပြုနေဆဲဖြစ်တယ် ဆိုတာကို ပြသ လိုက်တာပဲ ဖြစ်ပါတယ်။
Time မဂ္ဂဇင်းဟာ သူ့နိုင်ငံ အမေရိကန်ရဲ့ ပြည်တွင်းရေးတွေကို ဖော်ပြရာမှာ သူ့ရဲ့ အယ်ဒီတာအဖွဲ့ မူဝါဒနဲ့ အညီ ဆုံးဖြတ် လုပ်ကိုင်ခဲ့တာကို တွေ့ရပါတယ်။ ဥပမာ သမ္မတဟောင်း ဘီလ် ကလင်တန်နဲ့ မော်နီကာ လူဝင်းစကီး ပြဿနာမှာလည်း ပြတ် ပြတ်သားသား ဖော်ထုတ် ရေးသားခဲ့သလို အီရတ်နဲ့ အရှေ့အလယ်ပိုင်းနဲ့ ပတ်သက်တဲ့ အမေရိကန်က ဆုံးဖြတ် လုပ်ကိုင် တဲ့ နိုင်ငံခြားရေးနဲ့ စစ်ရေး မူဝါဒတွေကိုလည်း အတိအလင်း ဖွင့်ချခဲ့တဲ့ အယ်ဒီတာ့ အာဘော်တွေ ရှိခဲ့ပါတယ်။ သူတို့ဘက်က မျက်နှာလိုက်စရာ မလိုပါ။
ဒီတော့ ညီအစ်ကို မသိတသိကနေ တဘက်နဲ့တဘက် ဘယ်လိုမှ ခန့်မှန်းလို့မရအောင် ရှုပ်ထွေးတဲ့ အခြေအနေနဲ့ အမှောင် ထုထဲ ကို မြန်မာပြည်သူ ပြည်သားတွေ ရောက်သွားအောင် ဘယ်သူတွေက ထောင်ချောက်ဆင် ရိုက်သွင်းနေခဲ့တာလဲ။
ထောင်ချောက်မှန်း မသိဘဲနဲ့ ဘယ်သူတွေ ပါကုန်ပြီလဲ ဆိုတာကလည်း တွေးစရာ အတွေးတခုပါ။ ဒီအခြေအနေကို ထိန်းသိမ်းရမှာက နိုင်ငံတော်နဲ့ လက်ရှိ တာဝန်ယူထားတဲ့ အစိုးရပဲ ဖြစ်ပါတယ်။ သူတို့က မထိန်းနိုင်ဘူး ဆိုရင် ဒီမိုကရေစီနည်းအရ ဆက်မလုပ်ပါနဲ့ လို့ပဲ ဝိုင်းပြီး တောင်းဆိုကြရမှာ ဖြစ်ပါတယ်။
တိုင်းပြည်ကြီး ချောက်ထဲမကျအောင် ဆိုပြီး ခဏခဏ အကယ်တင်ခံနေရတဲ့ ဘဝမှာပဲ ရှိနေသေးတဲ့ မြန်မာပြည်သူ ပြည် သား တွေအနေနဲ့ တကယ့်ချောက်ထဲ မကျရေးအတွက် အခုဖြစ်နေတဲ့ အနေအထားမှာ လုပ်ရမယ့် တာဝန်ကတော့ ဓမ္မက အဓမ္မကို နိုင်ရမယ်၊ Moderate ဖြစ်တဲ့ အစွန်း မရောက်တဲ့ အသံတွေ၊ ဘာသာတရားရဲ့ စစ်မှန်တဲ့ အဆုံးအမတွေက အောင် ပွဲ ခံရမယ် ဆိုတာကို မိမိကိုယ်ကို အကောင်းမြင်တဲ့ စိတ်နဲ့ အားပေးနေဖို့ လိုပါလိမ့်မယ်။
မီးလောင်ရာ လေပင့်တာ ငါ မဟုတ်ဘူး၊ ငါ့ကြောင့် မီးစလောင်တာ မဟုတ်ဘူး ဆိုတာနဲ့တင် ကျေနပ်မနေဘဲ လောင်နေတဲ့ မီးကို ဝိုင်းငြှိမ်းသတ်ရမယ့် အချိန်ဖြစ်တယ်လို့ မြင်မိပါတယ်ဗျာ။ ။