[irrawaddy_gallery]
လင်ဇင်းကုန်း သုသာန်တွင် တွေ့ရသည့် အုတ်ဂူသည် ထိုင်းဘုရင်ဟောင်း ကျောက်ဘွား ဒေါက် မဒူးဝါး (ခ) ဥတွန်ပုံ၏ အုတ်ဂူအစစ်အမှန် ဖြစ်သည်ဟု အတည်ပြုချက် ရရှိပြီးနောက်ပိုင်း ယင်းအုတ်ဂူကို ဆက်လက်ထိန်းသိမ်းရုံမက ဥတွန်ပုံနှင့် အတူ မြန်မာနိုင်ငံသို့ ပါလာသည့် ထိုင်းနိုင်ငံသားများ နေထိုင်ခဲ့ရာ ရွာများနှင့် မျိုးဆက်များကို ဆက်လက်ရှာဖွေ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း အမရပူရမြို့ တောင်သမန်အင်းစောင်း လင်းဇင်းကုန်း သုသာန်ရှိ အုတ်ဂူကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တူးဖော်ခဲ့ပြီး မတ်လလယ်ခန့်တွင် ထိုင်းရှေးဟောင်း ပညာရှင် အဖွဲ့များနှင့် မြန်မာနိုင်ငံမှ ရှေးဟောင်း ပညာရှင်တို့က ထိုင်းဘုရင်၏ အုတ်ဂူဟု အတည်ပြုချက်များ ထုတ်ပြန် ခဲ့သည်။
ယင်းနောက် နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် အဆိုပါ အုတ်ဂူကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ လင်ဇင်းကုန်း သုသာန်ကိုလည်း မဟာထေရ ဥဒုမ္ဗရ အမည်ရ အထိမ်းအမှတ် ရင်ပြင် တည်ဆောက်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံမှ သမိုင်းနှင့် ရှေးဟောင်း သုတေသနအဖွဲ့ ဒုတိယခေါင်းဆောင် မစ္စတာ မစ်ကီဟတ်က ဧရာဝတီသို့ ပြောသည်။
“ဒီသုသာန်ကို စတူးတုန်းက ဘုရားရဲ့ ဌာပနာ အောက်မှာ ဘုရင်ရဲ့ အရိုးကို တွေ့ရလိမ့်မယ်လို့ ကျနော်တို့က ထင်တာ။ နောက်ပိုင်းကြတော့ ဘုရားစေတီမှာ တွေ့ရတာမျိုး မဟုတ်ဘဲ၊ ဘုရားရဲ့ အရှေ့မြောက် ထောင့်မှာ ဘုရင့်အုတ်ဂူ တွေ့ရှိခဲ့တာပါ။ စေတီကလည်း ဗုဒ္ဓပူဇနိယထိုက်တဲ့ စေတီဖြစ်နေတယ်။ အဲဒီအတွက် ဒီလို စေတီမျိုးကို ဘယ်လိုလူတွေမှ ဖျက်လို့ မရဘူး၊ မဖျက်ကောင်းဘူး။ ထိုင်းတွေက စေတီတည်ရင် အမြဲတမ်း သုံးဆူ တည်လေ့ရှိတယ်။ အခုလက်ရှိတော့ စေတီတဆူပဲ ပေါ်သေးတယ်။ ကျန်တဲ့ နှစ်ဆူကို ဆက်လက် တူးနေတုန်းပါပဲ” ဟု မစ္စတာ မစ်ကီဟတ်က ဆိုသည်။
ပျက်စီးနေသော ဘုရားများကို အသစ်ပြန်လည် မွမ်းမံ ပြင်ဆင်သွားမည် ဖြစ်ပြီး ထိုင်းဘုရင်ကို ပူဇော်ရန်အတွက် မှန်လုံ ပူဇော်ခန်းကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် လက်ရှိ တူးဖော်ရရှိသည့် မေးရိုးများ၊ ဦးခေါင်းခွံရိုးနှင့် လက်ဖျံ၊ တခြား ခန္ဓာကိုယ် အရိုးစုများကို စုစည်းကာ ဘုရင် ဥတွန်ပုံ ၏ သက်ရှိ ထင်ရှား ရှိသည့် သဏ္ဍာန်အတိုင်း ရုပ်တု အနေဖြင့် ပုံဖော်သွားမည် ဖြစ်ကြောင်း၊ ယခုနေရာကို ထိုခေတ်ထိုအချိန်က နေထိုင်သွားသည့် လူနေမှု ပုံစံအတိုင်း ထိုင်းရိုးရာ အိမ်များ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။
“ဘုရင်ရဲ့ ပုံတူ ရုပ်တုကို နှစ်ခု ထုလုပ်သွားမယ်။ တခုက ဘုရင်ပုံစံအတိုင်း၊ နောက်တခုက သင်္ကန်းဝတ်နဲ့ ပုံစံတူ။ သူ့ရဲ့ လက်ရှိ တူးဖော် ရရှိထားတဲ့ အရိုးတွေကိုတော့ ဘုရားထဲမှာပဲ ဌာပနာသွားမလား၊ ဒါမှမဟုတ် ပြတိုက်ထဲပဲ ထည့်ပြီး အများ ပြည်သူတွေကို ပြသသွားမလား ဆိုတာ ကျတော်တို့ တိုင်ပင်နေတုန်းပါပဲ” ဟု မန္တလေးမြို့မှ ရှေးဟောင်း သုတေသန လုပ်ငန်းကို နှစ်ပေါင်းများစွာ လုပ်ကိုင်နေသည့် တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။
တမ္ပဝတီ ဦးဝင်းမောင်သည် ရှေးဟောင်း ပစ္စည်းများကို ပြန်လည်တူးဖော် ထိန်းသိမ်းသည့် အလုပ်ကို လုပ်ကိုင်လျှက် ရှိပြီး ယင်းပညာပိုင်းတွင် ကျွမ်းကျင်နှံ့စပ်သော ပညာရှင် တဦး ဖြစ်သည်။
၎င်းသည် လက်ရှိ ထိုင်းဘုရင် မြှုပ်နှံထားသော လင်းဇင်းကုန်းသုသာန်ကို မန္တလေးတိုင်း စည်ပင်သာယာမှ မြို့ပြသစ်တခု တည်ဆောက်ရန် အတွက် ဖျက်သိမ်းမည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံတော် လူကြီးများ အဆင့်ဆင့်သို့ စာများတင်ပြီး ထိုင်းနိုင်ငံသားတို့၏ ဘုရင် မြှုပ်နှံထားသည့် သမိုင်းဝင် သုသာန်ဖြစ်နေသည့် အတွက် ဆိုင်းငံ့ထားရန် ကန့်ကွက်ခဲ့သူလည်း ဖြစ်သည်။
“အခု တူးဖော်တဲ့ အပိုင်းမှာလည်း ထိုင်းဘက်က ဖိတ်ခေါ်တာ ပါသလို၊ ကျနော် ကိုယ်တိုင်ကလည်း ဝါသနာပါပြီးသား ဆိုတော့ တွဲဖက်ပြီး လုပ်ကိုင်ဖြစ်သွားတာပါ။ တူးဖော်ခဲ့တာကတော့ ထိုင်းဘက်ကပဲ တူးဖော်ခဲ့တာပါ။ တူးဖော်ပြီး တွေ့ရှိတဲ့ အရိုးအိုးကို ဖွင့်တဲ့ အခါမှာတော့ ထိုင်းဘက်က ပညာရှင်တွေတင် မကဘဲ၊ မြန်မာဘက်က ပညာရှင်တွေပါ ပါသင့်တယ်ဆိုလို့ ကျနော်တို့ မြန်မာဘက်က ပညာရှင်အစုံနဲ့ မြို့တော်ဝန်ရဲ့ ရုံးခန်းထဲမှာ ဖွင့်ခဲ့ကြပါတယ်။ အရိုးအိုးကို ဖွင့်လိုက်တော့ တပိုင်းတစ မီးလောင် ထားတဲ့ သင်္ကန်းစတွေ၊ မီးသင်္ဂြိုဟ်ထားတဲ့ တပိုင်းတစ အရိုးတွေ၊ နောက် မီးလောင်ထားတဲ့ ဘုန်းကြီး သင်္ကန်းကြိုးတွေနဲ့ ခါးပန်းခေါင်းတွေကို တွေ့ပါတယ်။ ထိုင်းဘက်က ပညာရှင်တွေကတော့ ဘုရင်ရဲ့ အရိုးအိုးကို ဘုရားရဲ့ အရှေ့မြောက်အရပ်မှာ တွေ့တဲ့အတွက် ဘုရင်ကြီးရဲ့ အုတ်ဂူဆိုတာ သေချာနေပြီလို့ ပြောတယ်။ မြန်မာဘက်ကလည်း ဘယ်လိုများ ယူဆမလဲလို့ မေးတဲ့အတွက် ကျနော်တို့ ဘက်ကလည်း မှတ်တမ်းမှတ်ရာတွေ အခြေခံပြီး လက်ရှိတွေ့ရှိတဲ့ အချက် ၄ ချက်နဲ့ ကိုက်ညီတဲ့ အတွက် ထိုင်းဘုရင် အရိုးအိုးလို့ ပြောနိုင်ခဲ့တာပါ” ဟု တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။
တူးဖော်ရရှိသည့် အရိုးများကို မန္တလေးမြို့တော်ဝန်၏ ရုံးခန်းတွင် ဗီရိုဖြင့် စနစ်တကျသိမ်းဆည်းထားပြီး ယင်းဗီရိုသော့ကို မြို့တော်ဝန် တချောင်း၊ ထိုင်းဘက်မှ တချောင်း သိမ်းဆည်းထားကြောင်း၊ ရှေ့ဆက်မည့် လုပ်ငန်းစဉ်များ အတွက် မြန်မာ ပညာရှင် ၆ ဦးပါသော ကော်မတီဖွဲ့စည်းထားကြောင်း သိရသည်။
ယင်းကော်မတီတွင် မြန်မာမှု သုတေသီ ဦးအေးမြင့်၊ နတ်မောက် ထွန်းရှိန်၊ တမ္ပဝတီ ဦးဝင်းမောင်၊ ဆရာဝန် တင်မောင်ကြည်၊ ဦးခင်မောင်သန်း (ဒသနိက) နှင့် ကိုစိုးကျော်သူ တို့ ပါဝင်သည်။
ကော်မတီဝင်များ အနေဖြင့် ၂ နှစ်အတွင်း တူးဖော်ရေး လုပ်ငန်းများနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို အချိန်နှင့် တပြေးညီ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းဘုရင်၏ ပြုပြင်ပြီးသော အဆောက်အုံများကို ဆက်လက် ထိန်းသိမ်းရန်အတွက် မန္တလေးတွင် ရောက်ရှိနေသော ထိုင်းမျိုးနွယ်များ၏ သားသမီးများကို ဝန်ထမ်းများ ခန့်အပ်သွားမည် ဖြစ်ကြောင်း မစ္စတာ မစ်ကီဟတ်က ပြောသည်။
“ထိုင်းဘုရင်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းလာတဲ့ အချိန်တုန်းက သူနဲ့အတူ ထိုင်းအိမ်ထောင်စု ၁ သိန်းကျော် ပါတယ်လို့ ရာဇဝင် မှတ်တမ်းများက ဆိုထားတယ်။ လူဦးရေ အနေနဲ့ဆိုရင် ၅ သိန်းကျော်လောက် ရှိမယ်။ ထိုင်းတွေရဲ့ လူနေမှု ပုံစံက ရေနဲ့ နီးတဲ့ နေရာတွေမှာ အနေများတယ်။ လက်ရှိ မန္တလေးမှာလည်း ရွှေတချောင်းမြောင်း တလျှောက်မှာ နေထိုင်နေတဲ့ ထိုင်းနွယ်ဖွားတွေ ရှိတယ်လို့ သိထားပါတယ်။ မုန့်တီစုတို့လို နေရာမျိုးတွေမှာကော၊ နောက်ပြီး ဝမ်းတွင်းဘက်၊ ကျောက်ဆည် အစရှိတဲ့ နေရာတွေဘက်မှာ ပြန့်ကျဲပြီး နေထိုင် စားသောက် နေကြတာတွေ ရှိပါတယ်။ ကျနော်အခု အဲဒီနေရာတွေအထိ သွားပြီး ထိုင်းမျိုးနွယ်တွေကို ပြန်စုမှာပါ။ သူတို့အတွက် ဒီဘုရင်ရဲ့ အုတ်ဂူကနေ ကောင်းမွန်တဲ့ မျိုးနွယ်စုတွေ စုတဲ့ အနေအထားမျိုး ရောက်အောင် ကြိုးစားသွားမှာပါ” ဟု ၎င်းက ရှင်းပြသည်။
လင်ဇင်းကုန်း သုသာန်ကို လွန်ခဲ့သည့် တနှစ်က မန္တလေးမြို့တော်စည်ပင်မှ မြို့ပြသစ်တခု တည်ဆောက်ရန်အတွက် ဖျက်သိမ်းမည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ထိုင်းဘုရင် အုတ်ဂူကို တူးဖော်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အများပြည်သူများ လေ့လာ အပန်းဖြေစရာ ရင်ပြင်တော် တည်ဆောက်မှုနှင့် ပတ်သက်ပြီး မန္တလေးစည်ပင်ကို မေးမြန်းသည့် အခါတွင် ထိုင်းဘက်မှ အဆိုပါ ကိစ္စကို တရားဝင် စာတင်ထားခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။