မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့သော ဆိုင်ကယ်တစီး ပေါက်ကွဲမှုကြောင့် ဗိုလ်လောင်းတဦး၊ တပ်ကြပ်ကြီးတဦးနှင့် အမျိုးသမီးတဦးတို့ ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ မန္တလေး – လားရှိုးလမ်း၊ ပြင်ဦးလွင် အားကစားကွင်းရှိ Mother Love မူကြိုအနီး၊ နေမင်းဂျူံစက်ရှေ့တွင် နေ့လယ် ၁ နာရီခွဲခန့်၌ ဆိုင်ကယ်တစီး ပြင်းထန်စွာ ပေါက်ကွဲခြင်း ဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် တပ်မတော် နည်းပညာ စစ်တက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသား ဗိုလ်လောင်း ရှိုင်းထက်အောင်၊ တပ်ကြပ်ကြီးစာရေး လှမျိုးထိုက်နှင့် မငယ်ဆိုသော အမျိုးသမီးတို့ ဒဏ်ရာရခဲ့ကြောင်း၊ စစ်သည်နှစ်ဦးကို ပြင်ဦးလွင် တပ်မတော်ဆေးရုံသို့ ပို့ထားပြီး မငယ်ကို ပြင်ဦးလွင် ဆေးရုံကြီးတွင် ကုသပေးနေကြောင်း သိရှိရသည်။
“ပေါက်ကွဲမှုက တော်တော်ပြင်းတယ်။ အသံကြီးကို ဟိန်းသွားတာပဲ။ ပြင်ဦးလွင်မြို့ တမြို့လုံး အကျယ်ကြီး။ ကျနော်တို့လည်း ဖြစ်ဖြစ်ခြင်း သွားကြတာ။ ဟိုရောက်တော့ စစ်သား တယောက် ဒဏ်ရာတွေနဲ့ လဲနေတာတွေ့တယ်။ ကျန်တဲ့ စစ်သားတွေကလည်း နေရာအနှံ့ ဗုံးရှာတဲ့ ကိရိယာတွေနဲ့ လိုက်စစ်ဆေးနေတာ တွေ့ရတယ်” ဟု ပြင်ဦးလွင် ဒေသခံတဦးဖြစ်သူ ကိုထူးက ပြောသည်။
ယင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဆိုင်ကယ် ဓာတ်ဆီတိုင်ကီမှ အပူလွန် ပေါက်ကွဲခြင်းဟုဆိုကာ ပုဒ်မ ၂၀၀ ဖြင့် အမှုဖွင့်ထားကြောင်း ပြင်ဦးလွင် ရဲစခန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။
အမည်မဖော်လိုသည့် ရဲအရာရှိ တဦးကမူ “ဒီလိုပေါက်ကွဲမှု ဖြစ်အောင် ဘာအတွက်လုပ်လဲဆိုတာ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ဒီပေါက်ကွဲမှုက တပ်ပိုင်းဆိုင်ရာကို ပစ်မှတ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်တက္ကသိုလ် ဗိုလ်လောင်းတွေက ဒီနေ့တွေမှာ အပြင်ထွက် သွားလာခွင့်ရတာပါ။ ဒါကို ချိန်ကိုက်ပြီး လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ ပေါက်ကွဲတဲ့နေရာကလည်း တကယ့်လူစည်ပြီး ဗိုလ်လောင်းတွေ သွားလာနေတဲ့ နေရာတွေ ဖြစ်နေတယ်။ ကျနော်တို့အနေနဲ့ တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်အောင် ကြိုးစားသွားမှာပါ“ ဟု ပြောသည်။
စတင်ပေါက်ကွဲသည့် ဆိုင်ကယ်မှာ လုံးဝပျက်စီးသွားပြီး ပေါက်ကွဲမှု ပြင်းအားကြောင့် အနီးရှိ ဆိုင်ကယ်တစီး လွင့်ထွက်သွားကြောင်း၊ ထို့အပြင် အနီးရှိ နေမင်းဂျုံစက်ရုံမှ မှန်များအားလုံး ကွဲကြေကုန်ကြောင်း သိရသည်။
ပေါက်ကွဲမှုနှင့် ပတ်သက်၍ ပြင်ဦးလွင်မှ အာဏာပိုင်များ ပူးပေါင်းကာ မသင်္ကာသော အိမ်များကို ဝင်ရောက်ရှာဖွေခြင်း၊ မသင်္ကာသော လမ်းသွားလမ်းလာများနှင့် ယာဉ်များကို ပိတ်ဆို့ရှာဖွေခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။