ရခိုင်ပြည်နယ် သံတွဲဒေသတွင် အမျိုးသမီးတဦးအား အဓမ္မပြုကျင့်မှုဖြင့် စွပ်စွဲခံထားရသူ အမျိုးသား နှစ်ဦးကို ဖမ်းဆီး စစ်ဆေး နေကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ပြောသည်။
အဓမ္မပြုကျင့်သည်ဟု စွပ်စွဲ တိုင်ကြားခံထားရသူ အဆိုပါ အမျိုးသား နှစ်ဦးကို ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်၍ သံတွဲမြို့နယ် ရဲစခန်းတွင် အရေးယူ ဆောင်ရွက်နေကြောင်းလည်း ပြည်နယ်အစိုးရက ဆိုသည်။
အသက် ၁၈ နှစ်အရွယ် ဒေသခံ အမျိုးသမီးငယ်တဦးအား မွတ်စလင်အမျိုးသား နှစ်ဦးက အဓမ္မပြုကျင့်မှုဖြင့် သံတွဲရဲစခန်း တွင် ယမန်နေ့က အမှုဖွင့် တိုင်ကြား ပြီးနောက် မြို့ပေါ်၌ ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ တည်ငြိမ်ရေး အတွက် ဒေသ တွင်း ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကိုပါ ထုတ်ပြန်ခဲ့ရကြောင်း၊ ယနေ့တွင် တည်ငြိမ်မှုရှိကြောင်း သမ္မတ ၏ ပြောခွင့်ရသူ ဦးရဲထွဋ် ကလည်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
ထိုအမှုနှင့်ဆက်စပ်၍ မကျေနပ်သည့် မြို့ခံ ၅၀ ဝန်းကျင်သည် တရားခံများအား အမြန်ဆုံး ဖမ်းဆီးအရေး ယူပေးရန် ရဲစခန်း အား ဝိုင်းဝန်းတောင်းဆိုမှုတခုကို ယမန်နေ့ ညနေက ပြုလုပ်ခဲ့ကြကြောင်း၊ တရားခံဟု ယူဆရသူ၏ နေအိမ်အား မီးရှှို့မှု ဖြစ် ပွားခဲ့ရာ နေအိမ် ၂ လုံးမီးလောင်သွားခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ၏ ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင်ကလည်း ဧရာဝတီ ကို ပြောသည်။
၎င်းက“လူတွေ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး၊ နေအိမ် ၂ လုံးပဲ မီးလောင်သွားတာပါ၊ ပုဒ်မ ၁၄၄ ကိုလည်း တည်ငြိမ်တာနဲ့ ချက် ချင်း ပြန်လည် ရုပ်သိမ်းသွားမှာပါ”ဟု ဆိုသည်။
စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ကား တချို့လည်း အနည်းငယ် ဖျက်ဆီးခံရကြောင်း၊ ပဋိပက္ခ ဖြေရှင်းရန် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ ဝန်ကြီးတချို့သည် သံတွဲမြို့သို့ ရောက်ရှိနေပြီး ဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဟုလည်း ပြည်နယ် အစိုးရ အဖွဲ့က ပြောသည်။
သံတွဲမြို့ခံများကလည်း ယနေ့နံနက်ပိုင်းတွင် အခြေအနေတည်ငြိမ်နေကြောင်း၊ သို့သော် သံတွဲဈေးကြီးမှ ဈေးဆိုင် အများစုသည် လုံခြုံရေး စိတ်မချသဖြင့် ဆိုင်ပြန်သိမ်းသွားကြကြောင်း၊ မြို့ခံများမှာ အခြေအနေကို စောင့်ကြည့်နေကြကြောင်း၊ မြို့တွင်း တဝိုက်တွင် လုံခြုံရေးများ ဖြန့်ကြက်ချထားကြောင်း ပြောပြသည်။
အဓမ္မ ပြုကျင့်ခံရသည်ဟု ဆိုသော အမျိုးသမီးငယ်ကို ဆိုင်ကယ် ကယ်ရီပို့ဆောင်သူနှင့် ၎င်း၏ သူငယ်ချင်းဖြစ်သူတို့က ကျူးလွန်ကြခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၌ ၂၀၁၂ ခုနှစ်အတွင်း ဇွန်လနှင့်သြဂုတ်လတို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မြို့နယ်အများ အပြား တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ရပြီး တချို့်သော မြို့နယ်များမှာ ယနေ့အထိ အမိန့်တည်ဆဲ ဖြစ်ကြောင်း ရခိုင် ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။