facebook ကဲ့သို့သော လူမှုမီဒီယာများ၌ အမုန်းတရား ပွားစေမည့် ပြောဆိုချက်များနှင့် ပတ်သက်၍ နောက်ကွယ်၌ ကြိုးကိုင်သူများကို ဖော်ထုတ် အရေးယူမည် ဖြစ်သော်လည်း အင်တာနက် သုံးစွဲမှုကို ကန့်သတ်ခြင်း လုပ်ဆောင်သွားရန် မရှိကြောင်း ဇွန် ၂၉ ရက်နေ့က နေပြည်တော်၌ ကျင်းပသော မီဒီယာတွေ့ဆုံပွဲတွင် ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
နောက်ကြောင်းပြန် လှည့်မည်ဆိုသည့် အတွေးများ ပြည်သူများ မခံစားရစေရေးအတွက် အင်တာနက် သုံးစွဲသူများအပေါ် အစိုးရ အနေဖြင့် မည်သည့် စစ်ဆေးမှုများကိုမှ မဆောင်ရွက်သေးဘဲ စောင့်ကြည့်ရုံသာ လုပ်ဆောင်လျှက် ရှိကြောင်း ၎င်းက ဆိုသည်။
“ဆင်ဆာ ကန့်သတ်မှာတွေ၊ နောက်ကြောင်းပြန်လှည့် ပိတ်ပင်မှာတွေ ဘာမှ လုပ်ဆောင်သွားဖို့ မရှိဘူး။ နောက်ကြောင်း ပြန်လှည့်ဖို့အတွက် တဘက်လှည့်နဲ့ အစိုးရကကော၊ တပ်မတော်ကပါ နောက်ကွယ်ကနေ လုပ်ဆောင်တာ မရှိဘူး။ တချို့ တိုင်းပြည်တွေလို facebook သုံးစွဲခွင့်ကိုလည်း အာဏာတခုနဲ့ ပိတ်ပင်ဖို့မရှိဘူး” ဟု သူက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၈ ရက်နေ့က ရန်ကုန် ချက်ထရီယံ ဟိုတယ်တွင် ကျင်းပခဲ့သည့် အမုန်းတရားများနှင့် ပတ်သတ်၍ ဘာသာပေါင်းစုံ တွေ့ဆုံ သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင်လည်း ဦးရဲထွဋ်က အစိုးရ အဆက်ဆက်တွင် မီဒီယာကို ပိတ်ပင်မှု ပြုကာ လက်နက်သဖွယ် အသုံးချခဲ့ကြခြင်းကြောင့် ပြည်သူတို့မှာ ဆိုရှယ်မီဒီယာ များကို အလွန်အကျွံ အားကိုးလာကြောင်း ပြောဆိုခဲ့သည်။
ဦးရဲထွဋ်က မီဒီယာကို ၂၀၁၁ ခုနှစ် အရှေ့ပိုင်း ကာလတွင် အစိုးရမှ စာပေစိစစ်ဖြင့် ထိန်းချုပ်လာခဲ့ကြောင်း၊ သို့အတွက် နိုင်ငံရေးနှင့် ပတ်သတ်သော ဝက်ဘ်ဆိုက်များ၊ မတူကွဲပြားသော အယူအဆများနှင့် အစိုးရကို ဝေဖန်သည့် ဝက်ဘ်ဆိုက် များကို ပိတ်ပင်ခဲ့ကြောင်း၊ ပုဂ္ဂလိက မီဒီယာများနှင့် စာပေကို စာပေစိစစ်အောက်တွင် တင်းကျပ်စွာ ထိန်းချုပ်ခဲ့ကြောင်း၊ ပုဂ္ဂလိက မီဒီယာများ အနေဖြင့် ၎င်းတို့ တင်ပြချင်သည့် အချက်များကို သွယ်ဝှိုက်သော နည်းဖြင့် တင်ပြခဲ့ရကြောင်း၊ စာတပုဒ် ရေးရာတွင် ကျင့်ဝတ်ပိုင်းဆိုင်ရာအစား၊ စာပေစိစစ်မှုမှ လွတ်ကင်းအောင် တွေးတောကာ စဉ်းစားလုပ်ဆောင် ခဲ့ရကြောင်း ပြောကြား သွားခဲ့သည်။
“ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သူတွေရဲ့ နိုင်ငံပိုင် သတင်းစာကို ဝေဖန် ပုတ်ခတ်ဖို့ အတွက်ရယ်၊ အစိုးရအဆက်ဆက် လုပ်ဆောင် မှုတွေ တင်ပြဖို့ အတွက်ရယ် အစိုးရ ကိုယ်စားပြု အနေနဲ့သာ သုံးဖြစ်လာခဲ့ကြတယ်” ဟု ဦးရဲထွဋ်က ဆိုသည်။
ယခင်က နိုင်ငံရေး အရ အတိုက်အခံ လုပ်ခဲ့သူများကို တင်းကျပ်သော ထိန်းချုပ်မှုကြောင့် နိုင်ငံတွင်းရှိ မီဒီယာများတွင် လွတ်လပ်စွာ ရေးသားခွင့် မရခဲ့ကြောင်း၊ ပြည်ပအခြေစိုက် အဖွဲ့အစည်းများ၊ မီဒီယာများ၊ နိုင်ငံခြားအသံလွှင့် မြန်မာပိုင်း အစီအစဉ်များနှင့် အင်တာနက်များတွင် သတင်းများကို လွတ်လပ်စွာ ထုတ်ပြန်ခဲ့ကြောင်း၊ သို့အတွက် ပြည်တွင်း မီဒီယာများ အနေဖြင့် ကျင့်ဝတ်ပိုင်းကို မစဉ်းစား နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
“ကျနော်တို့ဟာ တခြား အတိုက်အခံတွေနဲ့ စစ်ပွဲ ဆင်နွှဲနေရသလိုပဲ၊ ဒီမှာ ရနိုင်တာနဲ့ နိုင်အောင်တိုက်မယ် ဆိုတဲ့စိတ်နဲ့ မီဒီယာကို အသုံးချခဲ့ကြတယ်။ ကျနော်တို့မှာလည်း အပြစ်ရှိသလို လူတိုင်းမှာလည်း တာဝန်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ အကျိုးဆက်များကြောင့် ပြည်သူများမှာ လွတ်လပ်စွာ ပြောဆိုနိုင်သည့် ဆိုရှယ် မီဒီယာများကို ပိုသုံးလာကြကြောင်း၊ ကောလာဟလ များစွာကို ဆိုရှယ် ဝက်ဘ်ဆိုက်တွင် တွင်ကျယ်စွာ သုံးလာပြီး ၎င်းအပေါ်တွင်လည်း ပြည်သူ့တို့၏ ယုံကြည်မှု တိုးလာကြောင်း၊ ဆိုရှယ် ဝက်ဘ်ဆိုက်များတွင် ရေးသားချက် များကို ပြည်သူ အများစုက ပုံသွင်း လွှမ်းမိုးလာကြောင်း သူက ဆိုသည်။
“၂၀၁၁ ကနေ စာပေလွတ်လပ်ခွင့် ပေးအပြီးမှာ ပြည်သူတွေအကြားမှာ ကောင်းတာမျိုး ရတာထက်၊ အဆိုး ပိုများလာတဲ့ အခြေအနေ တခု ဖြစ်လာတယ်။ ဒါဟာ တကယ်ကို ရင်ဆိုင်နေရတဲ့ အခြေအနေတခု ဖြစ်နေရပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။
ဆက်သွယ်ရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ မြန်မာပြည်တွင် အင်တာနက် ပုံမှန် အသုံးပြုသူ ၁. ၀၅ သန်း ရှိကာ facebook အကောင့် ၈ သိန်းနီးပါး ရှိကြောင်း၊ ၎င်းအနက် ၅၀ ရာခိုင်နှုန်းမှာ အကောင့် အတုများ ဖြစ်ကြောင်း ဦးရဲထွဋ်၏ အဆိုအရ သိရသည်။
ထိုသို့ ပြောဆိုခဲ့သည့်အပေါ် စစ်တမ်းကောက်ခြင်း၊ စစ်ဆေး အရေးယူခြင်းများ ရှိမရှိကို ဧရာဝတီ သတင်းဌာနက ဦးရဲထွဋ်အား မေးမြန်းရာ ၎င်းက “ဒီဟာက စစ်တမ်း ကောက်ထားတာတော့ မဟုတ်သလို၊ စစ်ဆေး အရေးယူ နေတာလည်း မရှိသေးပါဘူး။ကျနော့် အကောင့်ထဲမှာ လာ Add တဲ့သူတွေ၊ ဝင်ထွက် ပြောဆိုနေတဲ့ သူတွေ၊ နောက် ဘလော့ဂါ ညီလင်းဆက်ရဲ့ အပြောနဲ့ ဒီလို ပြောနိုင်တာပါ။ ကျနော့်ဆီ ဝင်ရေးတာ ၄ သောင်းလောက် ရှိတယ်။ အဲဒီမှာ ၂ သောင်းကျော် လောက်က နာမည် အရင်းတွေ မဟုတ်တာ တွေ့တယ်။ ဒီအပေါ် အခြေခံပြောတာပါ” ဟု ၎င်းက ဖြေသည်။
လတ်တလောတွင် ဘာသာရေး အစွန်းရောက်မှုများ၊ အလွန်အကျွံ ထိခိုက်စေရန် ပြင်ဆင် ဖော်ပြသည့် ဓာတ်ပုံများ တင်နေသည့် facebook အကောင့်များ ရှိနေသော်လည်း ဆင်ဆာသည် ဒီမိုကရေစီ စနစ်နှင့် မညီညွတ်သောကြောင့် လက်မခံ တော့ကြောင်း၊ သို့အတွက် ထိန်းချုပ် ကန့်သတ်သွားရန် မရှိကြောင်း ဦးရဲထွဋ်က ဆက်ပြောသည်။
“facebook တခွင်မှာ အခုလို ဘာသာရေး အစွန်းရောက်တွေ ရေးတာ၊ ပုံတွေ တင်တာကို အစိုးရ သို့မဟုတ် တပ်မတော်က တဘက်လှည့်နဲ့ လုပ်ဆောင်နေတယ်လို့ ပြောနေတာတွေ ရှိတယ်။ ဒါဟာလည်း လုံးဝမှားတယ်လို့ ပြောချင်တယ်။ အစိုးရ အနေနဲ့လည်း လုပ်ဆောင်တာတွေ မရှိကြောင်း ပြောချင်တယ်” ဟု သူက ရှင်းပြသည်။
တပ်မတော်မှ ဆိုက်ဘာ စစ်ဆင်ရေး လုပ်ဆောင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့် အတွက် တပ်မတော် စစ်ဦးစီးချုပ်သည် တပ်မတော်သားများကို ဆိုရှယ် ဝက်ဘ်ဆိုက် တခုဖြစ်သော facebook သုံးစွဲခွင့် ပိတ်ပင်ထားကြောင်း ၎င်းက ဆိုသည်။
“တပ်မတော်သား တဦး တယောက် သို့မဟုတ် ဝန်ထမ်း တဦးတယောက် ကနေ ရေးတာတွေ၊ အလွန်အကျွံ ပြောဆိုတာတွေ ရှိကောင်း ရှိနိုင်တယ်။ သိလာရင်၊ ဖော်ထုတ်နိုင်ရင် ဝန်ထမ်း ဥပဒေနဲ့ကော၊ တပ်မတော်သား ဥပဒေနဲ့ကော အရးယူမှာပါ” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
အစ္စလမ် ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင် တဦးဖြစ်သူ ဦးအေးလွင်က “ဘာသာ တိုင်းမှာ ကိုယ့်တရားတော် အတိုင်း လက်ခံကျင့်ကြံမယ် ဆိုရင် ဘာလောကီ ဥပဒေနဲ့မှ ထိန်းစရာ မလိုဘူး။ ဘယ်သူပဲစစ၊ဘယ်သူပဲလုပ်လုပ် ရပ်နေသင့်ပြီ ထင်ပါတယ်။ ဆိုရှယ်ဝက်ဘ်ဆိုက် တွေကနေ ပြန့်နေတာတွေ အနေနဲ့ နောက်ကွယ်ကနေ ဘယ်သူတွေ ကြိုးကိုင်နေသလဲဆိုတာ ကျနော်တို့တတွေ အဖြေရှာရပါမယ်” ဟု ဆိုသည်။
မီဒီယာ ဥပဒေများ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသည့် International Senior Lawyer Project မှ Richard N. Winfeld က ဆိုရှယ်မီဒီယာများ အတွက် နောက်ကွယ်မှ စုံစမ်း စစ်ဆေးရာ၌ ကျင့်သုံးလေ့ရှိသည့် နိုင်ငံတကာသုံး ဥပဒေများ ရှိကြောင်း၊ အဆိုပါ ဥပဒေတွင်လည်း အကျိုးအပြစ်များ ရှိကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တင်ပြ ပြောကြားခဲ့သည်။
အမုန်းပွားစေသော ပြောဆို ရေးသားမှုများနှင့် ပတ်သက်၍ ဆွေးနွေးပွဲတွင် အကြံပေး အနေဖြင့် တက်ရောက်လာခဲ့သူ Richard N. Winfeld ၏ တင်ပြမှုနှင့် ပတ်သတ်၍ ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် မည်သို့ စီစဉ်ရဦးမည်ကို စဉ်းစားဆဲသာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို အမေရိကန် သံရုံးမှ ဦးစီး ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချဲလ်က မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်စဉ်မှာ အားရကျေနပ်မှု အပြည့်ဖြင့် ရွေ့လျားနေသော်လည်း အတွေ့အကြုံ နုနယ်မှုကြောင့် လက်ရှိတွင် ပြဿနာပေါင်းစုံ ရင်ဆိုင် ဖြေရှင်းနေရကြောင်း၊ ပဋိပက္ခ များနှင့်ပတ်သတ်၍ တဘက်နှင့် တဘက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ရန် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်၍ ဆွေးနွေး တိုင်ပင်သင့်ကြောင်း အကြံပြု တင်ပြ ပြောကြားခဲ့သည်။