[irrawaddy_gallery]
ဇူလိုင် ၃ ရက်နေ့မှာ ကျရောက်မယ့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို ကြိုဆိုတဲ့ အနေနဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာက ကြီးမှုးပြီး “ယဉ်ကျေးခေတ်မီ မေပန်းချီ တော်ဝင်စံထား မြန်မာ့ နှစ်ပါးသွား” စင်တင်ဖျော်ဖြေပွဲကြီးကို ဇွန် ၂၉၊ ၃၀ ညနေ ၆ နာရီမှာ ရန်ကုန် အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။
ဖျော်ဖြေပွဲကို မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ဒေါ်ခင်လှမြင့်၊ Star မော်ဒယ်လ် အေဂျင်စီက ဂျွန်လွင်နဲ့ ဒါရိုက်တာ ဒေါ်မြတ်မြတ်ဦးတို့ ဦးစီးဆောင်ရွက်ခဲ့ကြတာ ဖြစ်ပြီး အနုပညာရှင်တွေကလည်း မေတ္တာနဲ့ ကူညီကြတာ ဖြစ်ပါတယ်။
ပထမဆုံး ပွဲဦးထွက် အနေနဲ့ Star မော်ဒယ်လ်အေဂျင်စီက မော်ဒယ်တွေက ပုသိမ်ထီးကိုယ်စီနဲ့ ပုဂံ ရုပ်ပုံ နောက်ခံ ရှုခင်းနဲ့ ကပြ တင်ဆက်ခဲ့ကြပါတယ်။ Star အေဂျင်စီက ပါဝင်တင်ဆက်တာဟာ ဒီနှစ်ဆိုရင် ၆ ကြိမ်မြာက်ပြီ ဖြစ်ပါတယ်။ အမျိုးသမီးရေးရာက ကျင်းပတဲ့ အခုလိုပွဲမျိုးကို ၅ နှစ်ဆက်တိုက် Star က ပါဝင်ခဲ့တာဖြစ်တယ်လို့ ကိုဂျွန်လွင်က ပြောပါတယ်။
ဖျော်ဖြေပွဲမှာ အခမ်းအနားမှုးအဖြစ် MRTV 4 က Presenter သဇင်နွယ်ဝင်းနဲ့ ဆုလာဘ်တို့က တင်ဆက်ခဲ့ပြီး ပွဲတခုလုံး အတွက် ဝတ်စုံတွေကို ဒီဇိုင်နာ သဇင်ခင်၊ စုစုဝေ၊ ကိုလတ် (MILL)၊ မုံရွာဘုတ်ဘုတ် တို့က စီစဉ်ခဲ့တာ ဖြစ်ပြီး ခင်ပြုံးမွန်ပါတိတ်၊ Su Concept၊ မုံရွာဘုတ်ဘုတ်၊ Karat Silk တို့က ပါဝင်ကူညီကြတာ ဖြစ်ပါတယ်။
ဖျော်ဖြေပွဲမှာ ရတနာဦးက တေးရေး ဦးအေးဇော်ရဲ့ ယဉ်ကျေးခေတ်မီ မေပန်းချီ သီချင်း၊ ထွန်းအိန္ဒြာဗိုက ဒါအချစ်လား၊ တေးသံရှင် Rဇာနည်၊ မေသက်ထားဆွေနဲ့ ပြည့်မှူးသဒ္ဒါတို့က အတွဲသီချင်း၊ သရုပ်ဆောင် ယွန်းရွှေရည်က အချစ်ဆုံးမို့ ပြောပြချင်ပါတယ်၊ အကယ်ဒမီရန်အောင်က ဘရဏီသီချင်း၊ ဇွဲပြည့်က ကာရံလေး၊ ပွင့်က မင်းကြောင့်၊ နောနော်က အတိုင်းထက် အလွန်၊ Bobby soxer တို့က တေးသီချင်းများကို နိုက်တင်ဂေးလ် တေးဂီတနဲ့ တင်ဆက်ခဲ့ကြပါတယ်။
မြန်မာ့ရိုးရာ ဝတ်စုံတွေကို ပြသရာမှာတော့ အင်ဒိုနီးရှားပါတိတ်ဥယျာဉ် ကဏ္ဍ၊ ရိုးရာပိုးကမ္ဘာ ကဏ္ဍ၊ အကသဘင် ချည်လွင်ပြင် ကဏ္ဍ၊ ခန့်ညားထည်ဝါ ချိတ်မဟာ ကဏ္ဍ စတဲ့ ကဏ္ဍတွေ တင်ဆက်ခဲ့ကြပြီး ရုပ်ရှင်ဂီတ လောကက အမျိုးသမီးများက ဖျော်ဖြေခဲ့ကြတာပါ။
ပိုးဝတ်စုံတွေနဲ့ တင်ဆက်ခဲ့ကြသူတွေထဲက သရုပ်ဆောင် အဆိုတော် ဆုပန်ထွာက “ကျမ အနေနဲ့က ဒီပွဲမှာ နေရာ ၂ နေရာမှာ ပါခဲ့တယ်။ ပိုးထည်ကဏ္ဍ မှာလည်း ပါဝင်ခဲ့တယ်။ နောက်တခုကတော့ ချိတ်နဲ့ ကဏ္ဍမှာ ပါခဲ့တယ်။ အခုလို ပါဝင်ရတာ ဝမ်းသာပါတယ်။ မြန်မာအမျိုးသမီး တယောက်အနေနဲ့ ကိုယ့်မြန်မာ ဝတ်စုံကိုလည်း နှစ်သက်ပါတယ်။ ဒီပွဲမှာ ပါဝင်ရတဲ့ အတွက်လည်း ဂုဏ်ယူပါတယ်” လို့ ပြောပြပါတယ်။
တေးသံရှင် ရတနာမိုင်ကတော့ ဒီပွဲမှာ ပိုးထည်ကဏ္ဍက ပါဝင်ရတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒါပထမဆုံး ပါဖူးတာလို့ သိရပါတယ်။
“ပါဝင်ရလို့ အရမ်းပျော်ပါတယ်။ ကိုယ့်အနေနဲ့၊ မြန်မာအမျိုးသမီး တဦးအနေနဲ့ ကိုယ့်ရိုးရာဝတ်စုံကို ဒီလိုဝတ်ဆင်ပြသရတာ ကျေနပ်ရပါတယ်” လို့ ရတနာမိုင်က ပြောပါတယ်။
နောက်ဆုံးမှာတော့ သဘင်ပညာရှင် များရဲ့ တော်ဝင်စံထား နှစ်ပါးသွား ကဏ္ဍနဲ့ တင်ဆက်ခဲ့ကြပြီး ဖျော်ဖြေပွဲကို အောင်အောင်မြင်မြင်နဲ့ အပြီးသတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ဇွန် ၂၉၊ ၃၀ နှစ်ညတာ တင်ဆက်တဲ့ ပွဲမှာ လက်မှတ်တွေကို ကျပ် ၅၀၀၀၊ ၇၀၀၀၊ ၁၀၀၀၀ ကျပ်တို့နဲ့ ရောင်းချခဲ့တာဖြစ်ပြီး ရုံပြည့်နီးပါး လာရောက်ကြည့်ရှုကြတာ တွေ့ရပါတယ်။