သတင်း

ဒေါက်တာ ဆိတ်ဖွားကြောင့် ပြန်ကြားရေး စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခဲ့ကြောင်း ပေါ်

This article has been converted from Zawgyi One to Unicode

လွှတ်တော်က ဖွဲ့စည်းထားသော ဒေါက်တာဆိတ်ဖွား စုံးစမ်းရေးကော်မရှင်က မနေ့က တင်သွင်းဖတ်ကြားသော အစီရင်ခံစာအရ တချိန်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီရေးအင်အားစုများကို ဝေဖန်ပြီး အစိုးရမူဝါဒများ ကောင်းကြောင်း ဝါဒဖြန့်စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခဲ့သော ပိတောက်မြေ ရေဒီယိုသည် ပြန်ကြားရေးဝန်ကြီးဌာနမှ သီးသန့်တာဝန်ဖြင့် လုပ်ခဲ့ခြင်းဟု သိရသည်။

ဒေါက်တာဆိတ်ဖွားစုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြညိမ်း ဖတ်ကြားသော အစီရင်ခံစာအရ ယင်းပိတောက်မြေ ရေဒီယိုမှာ သီးခြား ညွှန်ကြားရေးမှူးတယောက် ခန့်အပ်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းမှ တိုက်ရိုက်ကိုင်တွယ်ခဲ့ကြောင်း၊ ပြန်ကြားရေးဝန်ကြီးမှ ရေးခိုင်းသည်များကို ဦးမြတ်သူ၊ ဦးကိုကိုလှိုင်၊ ဦးချစ်လှိုင်၊ ဦးရဲထွဋ်၊ ဒုတိယ ဗိုလ်မှူးကြီး မျိုးမြင့်မောင်နှင့် ဒုတိယဗိုလ်မှူးကြီးမျိုးထွန်းတို့က ရေးသားခဲ့ကြောင်း သိရသည်။

ယင်းရေဒီယိုမှာ သမ္မတဦးသိန်းစိန် အာဏာရယူပြီးနောက်ပိုင်း မီဒီယာအပါအဝင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်လာခြင်းကြောင့် ရပ်ဆိုင်းသွားခဲ့သည်။

ဇူလိုင်လ ၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကို ဝေဖန်ချက်ရေးသူ ဒေါက်တာဆိတ်ဖွားဆိုသူ မည်သူဖြစ်နိုင်ကြောင်း စုံစမ်းရေးကော်မရှင်၏ တွေ့ရှိချက်များကို ဖတ်ကြားရာ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုဝန်ကြီး ဦးရဲထွဋ်ဖြစ်နိုင်သော်လည်း ၎င်း၏ ဆောင်းပါးကို ဖော်ပြခဲ့သည့် Smart News ဂျာနယ် အယ်ဒီတာချုပ် ဦးခင်မောင်ညို(ဘောဂဗေဒ)က ကာကွယ်ပေးခဲ့ကြောင်း သိရှိရသည်။

ဒေါက်တာဆိတ်ဖွားစုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြညိမ်း ဖတ်ကြားသော အစီရင်ခံစာအရ Eleven မီဒီယာက ဒေါက်တာဆိတ်ဖွားမှာ ဦးရဲထွဋ်ဖြစ်ကြောင်း ကော်မရှင်ထံ အထောက်အထားများ တင်ပြခဲ့သောကြောင့် ကော်မရှင်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ တာဝန်ထမ်းဆောင်ဆဲနှင့် ထမ်းဆောင်ခဲ့သူများဖြစ်သည့် ဒုဝန်ကြီး ဦးရဲထွဋ်၊ ဦးဇော်မင်းဦး၊ ဦးတင့်ဆွေ၊ ဦးသိန်းအောင်၊ ဦးဇေယျာတို့အပြင် ဒေါက်တာဆိတ်ဖွား ဆောင်းပါး ဖော်ပြခဲ့သည့် Smart News အယ်ဒီတာချုပ် ဦးခင်မောင်ညို (ဘောဂဗေဒ)၊ ဒေါက်တာခင်မောင်ညို၊ ဒေါက်တာ သိန်းမြင့်၊ ဦးဝေဖြိုး၊ ဦးနေထွန်းနိုင်၊ ဦးသိမ်းတင်သား၊ ဦးကျော်မင်းဆွေနှင့် သမ္မတရုံးမှ ဦးဇော်ဌေးတို့ကို  ခေါ်မေးခဲ့ကြောင်း သိရှိရသည်။

”Eleven နဲ့ ဦးရဲထွဋ်နဲ့က မတည့်ဘူး။ သူတို့နှစ်ယောက် ရန်ဖြစ်တာက သမ္မတရုံးက ဦးဇော်ေဋ္ဌးရဲ့ ထွက်ဆိုချက်ထဲမှာပါတယ်။ သူတို့နှစ်ယောက်က ကျနော့်ရဲ့ ဖေ့ဘွတ်အကောင့်ထဲမှာ လာပြီးရန်ဖြစ်နေတယ်တဲ့။ ခင်ဗျားတို့ တခြားနေရာမှာ သွားရန်ဖြစ်ကြပါဗျာ ဆိုပြီး မောင်းထုတ်ရတယ်တဲ့။ ဦးရဲထွဋ်နဲ့ Elevenက ဝေဖြိုးတို့နဲ့ လုံးဝရန်ဘက်။ နှစ်ဖက်ပုဂ္ဂိုလ်ရေး
တိုက်ခိုက်မှုတွေပါလုပ်နေကြတာ ကျနော်တွေ့ရတယ်”ဟု ကော်မရှင် အဖွဲ့ဝင် ဦးလှဆွေကလည်း ဧရာဝတီသို့ ပြောဆိုသည်။

အစီရင်ခံစာအရ စစ်အောင် ဆိုသော ဖေ့ဘွတ်အကောင့်သည် ဆိတ်ဖွားနှင့် ပတ်သက်သည်ဟု Eleven ကတင်ပြရာ ဦးရဲထွဋ်က ငြင်းကြောင်း၊ Eleven က တင်ပြထားသောဓာတ်ပုံမှာ ဦးရဲထွဋ် ဆွစ်ဇာလန်သွားစဉ်က ရိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဓာတ်ပုံကို ကော်မရှင်က စုံစမ်းရာ အတိုက်အခံဆန့်ကျင်ရေး ပိတောက်မြေဝက်ဆိုဒ်မှ ဖြစ်နေကြောင်း သိရသည်။

“အဲဒါနဲ့ ပြန်ကြားရေးကို မေးတော့ ပြန်ကြားရေးက သူတို့က ပိတောက်မြေအသံလွှင့်ပဲ လုပ်တာတဲ့။ ဝက်ဆိုဒ်မလုပ်ဘူးလို့ ဖြေတယ်။ ပိတောက်မြေကိုလည်း လုပ်ဖို့ ညွှန်ကြားထားခြင်း မရှိဘူးလို့ သမ္မတရုံးက မှူးဇော်ကပြောတယ်။ ဆိုတော့ စစ်အောင်က လိုက်လို့ မရတော့ဘူး”ဟုလည်း ဦးလှဆွေက ပြောသည်။

ဒေါက်တာ ဆိတ်ဖွားဆောင်းပါးကို ပုံနှိပ်ဖြန့်ချိခဲ့သော Smart News ဂျာနယ် အယ်ဒီတာချုပ် ဦးခင်မောင်ညိုက ယင်းစာမူကို အင်တာနက်ထဲကယူပြီး ထည့်သွင်းဖော်ပြခြင်းဖြစ်ကြောင်း၊
ဒေါက်တာဆိတ်ဖွားဆီမှ ခွင့်ပြုချက် မတောင်းကြောင်း၊ စာမူခလည်း ကိုယ်တိုင် ထုတ်ယူခဲ့ကြောင်း ဖြေဆိုသည်ဟု အစီရင်ခံစာက ဆိုသည်။

ဦးခင်မောင်ညို(ဘောဂဗေဒ)ကမူ သူ့ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကိုသာ တာဝန်ယူပြီး “တခြားဆောင်းပါးများကို တာဝန်မယူ”ဟု ဧရာဝတီကို ချက်ဘောက်စ်ကတဆင့် ပြောသည်။ ယင်းပြောဆိုချက်သည် ကော်မရှင်က ဒေါက်တာဆိတ်ဖွားသည် တဦးတယောက်တည်း မဟုတ်ပဲ အုပ်စုဖြင့် လုပ်ဆောင်နေနိုင်ကြောင်း သံသယကို ပိုမို ခိုင်မာစေခဲ့သည်။

‘(ပြသနာဖြစ်တဲ့) ABOVE THE LAW ဆောင်းပါးရေးတာဟာ ဦးခင်မောင်ညိုလို့ ကျနော်တို့ ဆိတ်ဖွားကော်မရှင် ၁၇ ယောက်စလုံးက ထင်တယ်။ ဒါပေမယ့် ကော်မရှင်ရဲ့
လေ့လာချက်အရ ဆိတ်ဖွားဝက်ဆိုဒ်က တစ်ခါတလေ တညလုံးနီးပါး တက်နေတော့ သူတယောက်တည်း ဖြစ်တယ်လို့ မထင်ဘူး။ တယောက်တည်း မကရင် သူ့မှာ
အဖွဲ့ရှိနေတယ်။ အဲဒါကို ဦးခင်မောင်ညိုက မဖော်ဘူး။ ဒေါက်တာဆိတ်ဖွားရဲ့ တချို့ဆောင်းပါးတွေမှာ အပြုသဘောဆောင်ပေမယ့် သူက သမ္မတကလွဲရင် အကုန်လုံးကို
လိုက်တွယ်နေတယ်။ လွှတ်တော်အပါအဝင် NLD တောင်မချန်ဘူး အကုန်တွယ်ခဲ့တာပဲ”ဟုလည်း ဦးလှဆွေက ပြောဆိုသည်။

အကယ်၍ ဒေါက်တာ ဆိတ်ဖွားသည် မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိထားလျှင်လည်း အယ်ဒီတာ တစ်ယောက်၏ ကျင့်ဝတ်ကို ထိန်းသိမ်းသည့်သူတယောက် ဆိုလျှင် ထုတ်ဖော် ပြောဆိုမည် မဟုတ်ပါဘူးလို့ လွှတ်တော်ကို ဦးခင်မောင်ညို(ဘောဂဗေဒ)က မတ်လ ၂၈ နေ့မှာ စာရေးသားထုတ်ပြန်ခဲ့သည်။

အစီရင်ခံ တင်ပြချက်အပေါ် ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဆုံးဖြတ်ချက်ပေးရာတွင် ထိုသို့လုပ်ဆောင်မှုသည် “အမှောင်ထဲက ခဲနဲ့ပေါက်”နေခြင်းသာဖြစ်ပြီး အမှန်တရားကို တာဝန်ယူ၍ ရင်ဆိုင်ဖြေရှင်းရဲသူ မဟုတ်ဟု ယူဆကြောင်း၊ လွှတ်တော်အမတ်များအနေဖြင့် ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါဟု ဖော်ထုတ် နိုင်ခြင်း မရှိ၍ အမျက်မထွက်ဘဲ “ငရဲမကြီးရအောင် အဆဲပြီးဆေးလေးများ ဆောင်ထားကြ”စေလိုကြောင်း ပြောဆိုပြီး နောက်နောင်မပြုလုပ်ရန် သတိပေးလိုက်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။

Loading