သမ္မတ ဦးသိန်းစိန် အနေနှင့် တပ်မတော်ကို ထိန်းချုပ်ကွပ်ကဲ ကိုင်တွယ်နိုင်သည့် အာဏာ လေးနက်မှုမရှိသေးကြောင်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားသော ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) အဖွဲ့က ပြောသည်။
ဦးသိန်းစိန်သည် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အခက်အခဲများစွာတို့ကို ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ဇွန် လ၂၉ ရက်နေ့က RCSS/SSA အဖွဲ့၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော် မတီ၏ ဖိတ်ကြားချက်အရ နေပြည်တော် တွင် ဦးသိန်းစိန်နှင့် RCSS/SSA အဖွဲ့ ဥက္ကဌ ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်တို့ သွားရောက် တွေ့ဆုံ ဆွေးနွေးမှုအခြေ အနေတို့ကို ယင်းအဖွဲ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
“သမ္မတသည် ခိုင်မာသည့် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်မည်ကို စိုးရိမ်ပူပန်နေပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမည်ကိုလည်း စိုးရိမ် နေသည်။ သို့သော် တပ်မတော်အပေါ် ထိန်းချုပ်ကွပ်ကဲ ကိုင်တွယ်နိုင်သည့် အာဏာလေးနက်မှု မရှိသေးပေ။ ခေါင်းဆောင် ပိုင်းများတွင် ပြောင်းလဲလိုသူများရှိသကဲ့သို့ မပြောင်းလဲလိုသူများလည်း ရှိသည်”ဟု RCSS/SSAအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိ သည်။
မွန်ပြည်သစ် ပါတီ (NMSP) အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးနိုင်ဟံသာကလည်း“အဲဒီအတိုင်းပဲ ကျနော်တို့လည်း မြင်တယ်၊ ဘာကြောင့်လဲဆိုတော့ ဥပမာ ကချင်ကို တိုက်နေတဲ့ ကိစ္စမှာ သမ္မတ ဦးသိန်းစိန်ကနေပြီးတော့မှ စာရေးတယ် ပြောတယ်၊ အဲဒါကို တပ်ဘက်က နားမထောင်ဘူး၊ အဲဒါတွေကို ပြန်ကြည့်ရင်တော့ တပ်က သူလိုချင်တဲ့ ပုံစံကို သူ့ဟာနဲ့သူ လုပ်နေတယ်၊ တပ်အပေါ် မှာ အစိုးရအနေနဲ့ သြဇာ မလွှမ်းနိုင်ဘူးလို့ မြင်နိုင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် စစ်တပ်ဘက်မှ စိတ်ချ ယုံကြည်မှု ရရှိရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
RCSS/SSA ဥက္ကဌ ဦးဆောင်သည့် ကိုယ်စားလှယ်များကို ဇွန်လဆန်းပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ကို အထောက်အကူပြု ပံ့ပိုးပေးနိုင်မည့် ယုံကြည်မှု တည်ဆောက်ခြင်းတို့ကို တိုးမြှင့်နိုင်ခဲ့ကြောင်း သမ္မတ ဦးသိန်းစိန် က ရေဒီယို မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ သမ္မတ ဦးသိန်းစိန် အာဏာမရှိခြင်း ဆိုတာထက် ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
စစ်တပ်၊ လွှတ်တော်၊ နိုင်ငံရေး စသည့် အုပ်ချုပ်ရေး အပိုင်းတွင် ခေါင်းဆောင် ၃ ဦးတို့ကို အာဏာ ခွဲဝေ ပေးထားကြောင်းလည်း ဦးအောင်ကျော်ဇောက ဆက်ပြောသည်။
“၃ ဖွဲ့ စလုံးကို အာဏာ ခွဲဝေပေးထားတဲ့အတွက် အဲဒီအထဲမှာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့အာဏာ ဘယ်သူ့လက်ထဲမှာမှမရှိဘူး ဖြစ် နေတယ်။ လောလောဆယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တပ်ကပဲ အဓိက အာဏာရှိတာ၊ စစ်တပ်ကို ဦးသိန်းစိန် ထွက်ပြော လဲ တပ်ကဘာမှ ဖြစ်မှာ မဟုတ်ဘူး၊ ဒါ စာဖတ်သူရဲ့ (ဦးသန်းရွှေ) လက်ချက်တွေပဲ”ဟု ၎င်းက ဆိုသည်။
ဦးအောင်ကျော်ဇော က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန် တို့က လာမည့် ၂၀၁၅ အထိ အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားရန် စီစဉ်ထားသည်ဟု လည်း ဆိုသည်။
ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) အဖွဲ့အနေနှင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မေလက အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ် အခတ်ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးရာတွင် နှစ်ဖက် သဘောတူညီချက် တချို့ကို အကောင်အထည် ဖော်ဆောင်ရန် ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကြောင်း သိရ သည်။
မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ လက်မှတ် ရေးထိုးထားပြီးနောက် တိုက်ပွဲများ ထပ်မံ ဖြစ်ပေါ်နေသည့် အကြောင်းအရင်းများ အား ပြန်လည် သုံးသပ်ပေးရေး၊ အစိုးရက လုပ်ကိုင်ခွင့်ပြုထားသည့် စိုက်ပျိုးမြေ ဧက ၅၀၀၀နှင့် ပတ်သက်၍ တရားဝင် လွတ်လပ်စွာ စိုက်ပျိုး လုပ်ဆောင်သွားရေးအတွက် ပြန်လည်သုံးသပ်ပေးရေးနှင့် ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ရှောက်ရေး ကော်မတီ အမြန်ဆုံး ဖွဲ့စည်းပေးရေး အပါအဝင် အချက် ၇ ချက် တို့ကို ဆွေးနွေးခဲ့သည်။
အဆိုပါ အချက်များအထဲမှ စိုက်ပျိုးမြေ ဧက ၅၀၀၀ ကိစ္စကို သမ္မတထံတွင် ပြန်လည် တင်ပြ၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ရှောက်ရေး ကော်မတီ ဖွဲ့စည်းရန် နှစ်ဖက် ကိုယ်စားလှယ်များ ရွေးချယ်ပြီး အမြန်ဖွဲ့စည်းရေးနှင့် ပြည်ပ သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် ရှမ်း တိုင်းရင်းသားများနှင့် RCSS/SSA တပ်ဖွဲ့ဝင်တို့ကို မှတ်ပုံတင် ပြုလုပ်ပေးရန် အချက် ၃ ချက်ကိုသာ သဘောတူညီမှု ရရှိကြောင်း သိရသည်။
တပ်မတော်အနေဖြင့် ယခုအချိန်တွင် မည်သည့်ဘက်မှ ဘက်လိုက်ခြင်း မရှိကြောင်း၊ အင်အားသုံး၍ ပြဿနာကို ဖြေရှင်းလို ကြောင်း တွေ့မြင်ရသည်ဟု RCSS/SSA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့တို့ ပြည်ထောင်စုအဆင့် နောက်ဆုံးတွေ့ ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီမှု ၁၂ ချက်ကို အစိုးရဘက်မှ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဝန်ကြီး ဦးအောင်မင်း၊ SSA-S ဘက်မှ ဒု ဗိုလ်ချုပ် ကြီး ယွက်စစ်၊ ဗိုလ်မှူးချုပ် ဘောင်ခေးတို့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးထားသော ကရင် အမျိုးသား အစည်းအရုံး(KNU) အနေနှင့်လည်း အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ် စည်းကမ်းများ(Code of Conduct)ကို အတည်ပြုနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ဆက် လုပ် ပြုလုပ်နေရကြောင်း သိရသည်။