ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် မကြာခဏ ဓားပြတိုက်ခံရမှုများကြောင့် လုံခြုံရေးယူရန်အတွက် ရန်ပုံငွေဟု အကြောင်းပြကာ ရဲများက ဈေးသည်များထံမှ ငွေကောက်ခံမှုများ ရှိနေသည်ဟု သိရသည်။
မူဆယ်မြို့ စည်ပင်သာယာ အမှတ် ၁ ဈေးတွင် ရွှေဆိုင်ဖွင့်လှစ် ရောင်းချသူများ လုံခြုံမှုရှိစေရန် ဆိုင်ခန်းတခန်းအတွက် တလ ကျပ် ၂ သောင်း ကောက်ခံလျှက်ရှိရာ ဆိုင်ခန်းပေါင်း ၄၀ ခန့်ရှိကြောင်း၊ ရဲများအတွက် လုံခြုံရေး ဝတ်စုံ ဝယ်ပေးရန်လည်း လာရောက် ကောက်ခံမှုရှိကြောင်း ဧပြီ ၁ ရက်နေ့က ဓားပြတိုက်ခံခဲ့ရသည့် ရွှင်းလင်းရောင် ရွှေဆိုင်ပိုင်ရှင် စိုင်းယီလွန်းက ဧရာဝတီသို့ ပြောသည်။
“အခု လောလောဆယ် လုံခြုံရေး နှစ်ယောက်အတွက် ဝတ်စုံနဲ့ တလကို လစဉ်ကြေး တယောက် တသိန်း ပေးထားပါတယ်။ ဈေးတံခါးပေါက်က ၅ ပေါက်ဆိုတော့ ရဲ လုံခြုံရေး ၅ ဦး ထားခိုင်းပါတယ်။ ဟိုနေ့က အစည်းအဝေး လုပ်တော့ ဈေးသူ ဈေးသားတွေ မေးတာကို ဘာမှတော့ မဖြေဘူး၊ လုံခြုံရေး အတွက် ကောက်ခံတာပါ ဆိုပြီးပဲ ပြောပါတယ်” ဟု စိုင်းယီလွန်းက ဆိုသည်။
မူဆယ်မြို့သည် နယ်စပ်မြို့ဖြစ်သဖြင့် မှုခင်းများသည့် ဒေသတခုဖြစ်ပြီး တနေ့လျှင် မှုခင်း တခုခန့် ဖြစ်ပွားလျှက် ရှိကြောင်း၊ မှုခင်းတိုင်းကိုလည်း သက်ဆိုင်ရာမှ ဖမ်းဆီးမိခြင်း မရှိကြောင်း၊ ရဲများ လုံခြုံရေးယူမှု အားနည်းကြောင်း မူဆယ် ဒေသခံများက ဆိုသည်။
“ကျနော်တို့ ရွှေဆိုင်တွေရဲ့ လုံခြုံရေးအတွက် ရဲ တဦးကို တသိန်းစီ ပေးရမယ်၊ ဝတ်စုံ ဝယ်ပေးရမယ်၊ ရဲတွေက ဈေးလုံခြုံရေး အတွက် လုပ်ပေးနေတာ ဆိုပြီး ပြောတယ်။ ကျနော်တို့ မေးရင်လည်း ဘာမှမဖြေဘူး၊ သူတို့ ပြောချင်တာ ပြောသွားတယ်” ဟု စည်ပင်သာယာ အမှတ် ၁ ဈေးတွင် ရွှေဆိုင်ဖွင့်ထားသူ တဦးက ဧရာဝတီသို့ ပြောသည်။
လက်ရှိ စည်ပင်သာယာ အမှတ် ၁ ဈေးတွင် သက်ဆိုင်ရာမှ လုံခြုံရေး အရဟု ဆိုကာ ရွှေဆိုင်များတွင် ပန်းထိမ်လုပ်ခွင့် ပိတ်ပင်ထားကြောင်း၊ လက်ဘက်ရည် ဆိုင်ခန်းများကိုလည်း ရောင်းခွင့်ပိတ်ထားပြီး တခြား ကုန်ပစ္စည်းဆိုင်များလည်း မရှိသလောက် နည်းပါးသွားကြောင်း ၎င်းက ဆိုသည်။
လုံခြုံရေး အကြောင်းပြ၍ ငွေကြေး ရန်ပုံငွေ ကောက်ခံမှုနှင့် ပတ်သက်ပြီး မူဆယ်ဒေသခံများက မကျေနပ်ကြောင်း၊ ရဲများသည် ပြည်သူ့ ဝန်ထမ်း ဖြစ်သောကြောင့် ပြည်သူထံမှ ထပ်မံ အခကြေးငွေ ယူကာ ဆောင်ရွက်နေသည်မှာ မဖြစ်သင့်ကြောင်း၊ ငွေကြေး ရန်ပုံငွေ မထည့်ပါက လုံခြုံရေးလာရောက် မယူပေးမည်ကို စိုးရိမ်ကြသဖြင့် ပေးနေရသည်ကိုလည်း မနှစ်သက် ကြောင်း စုံစမ်း သိရှိရသည်။
ပြည်သူ့လုံခြုံရေးအတွက် ရဲများ ငွေကြေး ကောက်ခံနေသည်ကို မူဆယ်ခရိုင် ရဲစခန်းအား ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ၎င်းတို့ မသိရှိကြောင်းသာ ဖြေကြားခဲ့သည်။
ထို့ကြောင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ပြည်နယ် ဒုရဲတပ်ဖွဲ့ကို အားမေးမြန်းကြည့်ရာ ဒုရဲအုပ် ခင်မောင်ထွန်းက “လုပ်ထုံးလုပ်နည်း ဥပဒေအရ ဆိုရင်တော့ တရားဝင် လစာကလွဲပြီး ဘယ်အခကြေးငွေမှ မယူရဘူး။ ခြွင်းချက်အနေနဲ့ အမိန့် ညွှန်ကြားချက်နဲ့ အထက်က ကျိုးကြောင်းခိုင်လုံတဲ့ စာရွက်စာတမ်း ပြနိုင်မှသာ ပြည်သူထံက နောက်ထပ်ငွေ ကောက်ခံလို့ ရပါတယ်။ တိုင်ကြားချင်ရင်တော့ အချိန်၊ နေရာ၊ လုပ်နေတဲ့သူတွေရဲ့ နာမည် အတိအကျ၊ ခိုင်လုံတဲ့ အချက်အလက် ပြနိုင်ရင်တော့ သက်ဆိုင်ရာ ဌာနကို တိုင်ကြားနိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နှစ် ဇန်နဝါရီလက မူဆယ်မြို့ စံပယ်ရွှေဆိုင် ပိုင်ရှင် သားအမိနှစ်ဦး ဓားပြတိုက် ခံခဲ့ရပြီး တဦးသေဆုံး၍ ပစ္စည်း ကာလ တန်ဖိုးငွေ ကျပ်သိန်း ၂၀၀၀ ခန့် ဆုံးရှုံးခဲ့သည်။ ယခုနှစ် ဇန်နဝါရီလကလည်း ကားသမားနှင့် တရုတ်ငွေလဲသည့် အမျိုးသမီး နှစ်ဦး ဓားပြတိုက် လုယက်ခံရမှု ဖြစ်ပွားခဲ့ပြီး လုယက်မှု ခိုးမှု အသေးစားများ နေတိုင်းနီးပါး ရှိကြောင်း သိရသည်။