ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေကြမ်းကို တပုဒ်ချင်းစီ ဆွေးနွေးရာ တပ်မတော်သား ကိုယ်စားလှယ်များက သဘောတူခြင်း၊ မတူခြင်းကို တုန့်ပြန် ဖြေကြားခြင်း မရှိသည့်အတွက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တပ်မတော်သား ကိုယ်စားလှယ်များကို သတိပေးခဲ့သည်။
“တပ်မတော်သား ကိုယ်စားလှယ်များ သဘောရင်တူတယ်၊ မတူရင်မတူဘူးပြောပါ။ ဥပဒေကြမ်း တစ်ပိုဒ်ချင်းစီ အတည်ပြုတဲ့ အခါမှာ သဘောတူရင် တူကြောင်းပြောဖို့၊ သဘောမတူရင် မတူကြောင်းပြောဖို့ ဥက္ကဋ္ဌက မေးတဲ့အခါမှာ ဖြေဖို့ တာဝန်ရှိ ပါတယ်။ ဒါနဲ့ ပတ်သက်လို့ စောင်းပါးရိပ်ခြည်နဲ့ အကြိမ်ကြိမ် သတိပေးခဲ့ပြီးပြီ၊ ဒါဟာလည်း သိလို့။ အဲဒီတော့ အုပ်စုလိုက် ဖွဲ့ပြီး ဘာမျှမဖြေဘူးဆိုရင် ဥက္ကဋ္ဌက အဲဒီအုပ်စု တခုလုံးလုံး ဒီအစီအစဉ်မှာ လွှတ်တော်ပြင်ပ ထွက်စေလို့ အမိန့်ချလို့ရတယ်” ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက တပ်မတော်သား ကိုယ်စားလှယ် များကို သတိပေးခဲ့သည်။
ယင်း ဆက်သွယ်ရေး ဥပဒေကြမ်းကို ဆွေးနွေးစဉ် သဘောထား မှတ်ချက်မပေးဘဲ တပ်မတော်သား ကိုယ်စားလှယ်များ နှုတ်ဆိတ် နေခြင်းအပေါ် ဦးခင်အောင်မြင့်က စိတ်ဆိုးကာ မဆွေးနွေးလိုပါက အပြင်ထွက်နေနိုင်သည်ဟု ပြောပြီး လွှတ်တော် အပြင်ဘက်သို့ ထွက်သွားရန် ပြောခဲ့ကြောင်း တောင်ဥက္ကလာ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောသည်။
“လွှတ်တော် ဥက္ကဋ္ဌကတော့ သူတို့ကို တအုပ်လုံးလို့ သုံးတယ်။ ဘာမှမပြောဘဲ ထိုင်နေကြလို့၊ ပြီးတော့ စိတ်မပါရင်လည်း အပြင်ထွက် ထိုင်နိုင်တယ် ဆိုတဲ့ သဘောမျိုး ပြောသွားတယ်” ဟု သူက ဆိုသည်။
လွှတ်တော်ထဲတွင် ပြည်သူ့ကိုယ်စားလှယ် နိုင်ငံရေးသမား လွှတ်တော်ကိုယ်စားလှယ် များသာ ရှိရမည့်အချိန်တွင် ကာကွယ်ရေး ဦးစီးချုပ်မှ တိုက်ရိုက် ခန့်အပ်သော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ဝင်ရောက် လာသောကြောင့် ယခု ပြဿနာ ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်း၊ ယခုကိစ္စကို ကြည့်ခြင်းအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်နေပြီဟု နားလည်ကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
“တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ရှိနေတဲ့အတွက် နိုင်ငံရေး ဖြစ်စဉ်ကြီး တခုလုံးအတွက် အကျိုးမရှိဘူးလို့ မြင်တယ်။ တပ်ရဲ့ သဘောအရကတော့ အထက်အမိန့်တိုင်းပဲ အလုပ်လုပ်မှာပဲ။ အခြေအနေအရ ၂၅ ရာခိုင်နှုန်းကို
မဖယ်နိုင်ဘူး ဆိုရင် ဒီလူတွေက လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ပြီးတော့ နိုင်ငံရေး စိတ်ပါတဲ့သူတွေ ဖြစ်ရင် ပိုကောင်းမယ်” ဟု သူက သုံးသပ်သည်။
ယခုအခါ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များသည် အစိုးရနှင့် လွှတ်တော် အတိုက်အခံဖြစ်ပါက အစိုးရဘက်မှ ထောက်ခံခြင်း၊ အာဏာရ အင်အားကြီး ပါတီကြီး တခုကိုသာ ထောက်ခံခြင်း၊ တပ်မတော်၏ အကျိုးစီးပွားကို ထိခိုက်လာမည် ဆိုပါက ကန့်ကွက်ခြင်းတို့ကို ဆောင်ရွက်နေသည်ဟု ပြောနိုင်ကြောင်း မြေပုံ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် အမတ်က ပြောသည်။
ယခုကိစ္စနှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအပေါ် နားလည်ကြောင်း၊ ၎င်းတို့မှာ လွှတ်တော် ထဲတွင် ပြောရေးဆိုခွင့်မရှိဘဲ လေ့လာသူအဆင့်သာ ရှိကြောင်း၊ ဆုံးဖြတ်ချက် ပေးနိုင်သူများမဟုတ်ဘဲ အထက်အမိန့်ကို စောင့်နေရသူများ ဖြစ်ကြောင်း ဦးဖုန်းမြင့်အောင်က ဆိုသည်။
ဥပဒေကြမ်း၏ သဘောတရားအရ တပိုဒ်ခြင်းစီကို သဘောတူ မတူ မေးမြန်ရပြီး ယနေ့တွင် ဆက်သွယ်ရေး ဥပဒေကြမ်းကို လွှတ်တော် ဥက္ကဋ္ဌက အကြိမ် ၂၀ ခန့်အထိ သဘောတူမတူ မေးမြန်းရာ တပ်မတော်သား ကိုယ်စားလှယ်များက အပျင်းထူကာ
လိုက်မပြောခြင်း ဖြစ်ကြောင်း ပွင့်ဖြူ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။
“အကြိမ် ၂၀ လောက် မေးတော့ ကြာလာတဲ့အခါ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ပျင်းလာတယ် ထင်ပါတယ်၊ လိုက် မပြောတော့ဘူး။ စစ်သားဆိုတော့ ဒီက သဘောသဘာဝနဲ့ မကိုက်ဘူး။ ပြန်မဖြေတော့ လွှတ်တော် ဥက္ကဋ္ဌက တင်းလာပြီး မင်းတို့ကောင်တွေ တူရင်တူတယ်ပြော။ မတူရင် မတူဘူးပြောဆိုပြီး ဆူတော့တာပဲ” ဟု သူက ရှင်းပြသည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေခြင်းမှာ တခြားအကြောင်းအရာ မရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် တချို့က ဆိုသည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ နှုတ်ဆိတ်နေခြင်းမှာ ဆက်သွယ်ရေး ဥပဒေကြမ်း ပေါ်ပေါက်လာပါက စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုးရေးရှင်းမှ ရယူထားသော ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်း ထုတ်လုပ်နေမှုကို
ထိခိုက်လာနိုင်သောကြောင့် ဖြစ်သည်ဟု သုံးသပ်နေခြင်းကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တချို့က မဖြစ်နိုင်ကြောင်း ငြင်းဆိုသည်။
“တပ်မတော်သားတွေက ဦးပိုင်ကို စိတ်မဝင်စားဘူး။ ဦးပိုင်ဆိုတာကလည်း စစ်တပ်က ကာချုပ်နဲ့ စစ်ရေးချုပ်ရယ် စစ်ထောက်ချုပ်တို့ ခပ်ကြီးကြီးပိုင်းတွေ ပါတာ။ ဦးပိုင်လုပ်နေတာက စစ်သား လွှတ်တော် ကိုယ်စားလှယ်တွေ တယောက်မှ မပါဘူး။ ဦးပိုင်က အကုန်လုံး အငြိမ်းစားတွေ များပါတယ်။ ဆိုတော့ ဦးပိုင်ကြောင့် ငြိမ်နေတာ လုံးဝမဟုတ်ပါဘူး” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။
ယနေ့ဆွေးနွေးသော ဆက်သွယ်ရေး ဥပဒေကြမ်းကို တပိုဒ်ခြင်းဆွေးနွေးကာ အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။
ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် တွင်လည်း လေရှီး မဲဆန္ဒနယ်မှ ဦးရှိသီးက နယ်စပ်ဒေသ မြို့နယ်များရှိ ရှေ့တန်း တပ်စခန်း များအား အမာခံအဆောက်အဦး ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိ မေးခွန်းကို မေးမြန်းရာ လာရောက် ဖြေကြားသူ ကာကွယ်ရေး ဝန်ကြီးဋ္ဌာန ဒု ဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်က အတိုချုပ် အကျဉ်းဖြေကြား၍ အစီအစဉ် မရှိကြောင်း ပြောဆိုမှုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်တွင် မေးမြန်းမှုများသည် ပြည်သူလူထု အကျိုးစီးပွားအတွက် မေးမြန်းမှုများများဖြစ်သောကြောင့် အလေးပေး ဖြေကြားပေးရန် မှတ်ချက်ပေးခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြန်လည် ပြောပြသည်။
“ဝန်ကြီးက တိုတိုတုတ်တုတ်နဲ့ အစီအစဉ်မရှိကြောင်း ပြောတော့ ဥက္ကဋ္ဌက လူထု အကျိုးစီးပွားအတွက် မေးမြန်းတာကို နားလည်ဖို့ မှတ်ချက်ပေးတယ်။ တပ်က လာဖြေရင် ဒီလိုပါပဲ” ဟု သူက ဆိုသည်။
တပ်မတော်သား ကိုယ်စားလှယ်များကို ပြည်သူလူထုက ရွှေးချယ်ခြင်း မဟုတ်ဘဲ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်ထားခြင်း ဖြစ်သောကြောင့် ၎င်းတို့သဘောနှင့် ၎င်းတို့ လုပ်ကိုင်ဆောင်ရွက်ခွင့် မရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက သုံးသပ်ပြောဆိုသည်။
“တပ်မတော် ကိုယ်စားလှယ်တွေက သူ့သဘောနဲ့သူ လုပ်လို့မှမရတာ။ အပေါ်က အမိန့်ပေးမှ လုပ်လို့ရတာ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သူတို့ကိုလာပြီး စောင့်နားထောင်ခိုင်းတဲ့ သဘောပဲရှိတယ်။ သူတို့မှာ ဘာမှ ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့် ဆွေးနွေးပိုင်ခွင့် မရှိတော့ဘူး။ လွှတ်တော် တက်စတုန်းက ထဆွေးနွေးတာမျိုးတွေ ရှိပေမယ့် နောက်ပိုင်း ထဆွေးနွေးတာမျိုး မတွေ့ရတော့ဘူး” ဟု သူက ဆိုသည်။
လွှတ်တော်တွင် အဆိုများ၊ ဥပဒေကြမ်းများကို အတည်ပြုရာ၌ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ အဆုံးအဖြတ် မဲသည် အရေးကြီးကြောင်း၊ ၎င်းတို့ အနေဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့နှင့် တပ်မတော် အကျိုးစီးပွား အတွက်သာ ရပ်တည်ခြင်းမျိုး မလုပ်ဘဲ လူထု အကျိုးစီးပွား အတွက်ပါ ပါဝင် ဆွေးနွေးသင့်ကြောင်း၊ ပါတီကြီး တခုနောက်မှ ရပ်တည်ပေးနေခြင်း မျိုးကိုလည်း ရှောင်သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက အကြံပြုသည်။
“ပြည်သူ့ ဆန္ဒက ဘယ်လိုရှိတယ် ဆိုတာမျိုးကို ထဆွေးနွေးတာ မရှိဘူး။ သူတို့က ပြည်သူ့ကိုယ်စားလှယ် မဟုတ်ဘဲ တပ်ကိုယ်စားလှယ် ဆိုတော့ တပ်နဲ့ဆိုင်တာပဲ လုပ်မယ်လို့ ယူဆရတယ်။ တပ်မတော်ရဲ့ အကျိုး ထိခိုက်နစ်နာမယ်လို့ ယူဆရင် သူတို့ထကန့်ကွက်မှာပေါ့” ဟု သူက ပြောသည်။
ယခုလက်ရှိအချိန်တွင် လွှတ်တော်၌ တပ်မတော်က လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရယူထားပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်ခြင်း ဖြစ်သည်။